စီးပွားရေး

နိုင်ငံခြားသား ခရီးသွား ကန့်သတ်နယ်မြေများ ဖြေလျှော့ပေးရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြားသား ခရီးသွားများအတွက် လုံခြုံရေးအရ ကန့်သတ်ခံထားသော နယ်မြေများကို ပြန်လည် ဖြေလျှော့၍ ခွင့်ပြု ပေးရန် ခရီးသွား ကုမ္ပဏီများက အစိုးရထံ တင်ပြ တောင်းခံထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ သိရ သည်။

ယခင်က ခရီးသွားကုမ္ပဏီများ၏ တာဝန်ခံ စီစဉ်မှုဖြင့် ပြည်ပနိုင်ငံသားများ၏ ကန့်သတ်ထားသော နယ်များသို့ သွားရောက် လိုသည့် ခရီးစဉ်များအား ခွင့်ပြုမိန့် ရရှိနိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန မှ သက်ဆိုင်ရာသို့ ဆက်လက် တင်ပြပေးကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စတင်၍ တားမြစ်ထားသောဒေသများ ခရီးစဉ်ဆောင်ရွက်ခွင့်ကို ရုပ်သိမ်းခဲ့ပြီး ဒီဇင်ဘာလလယ်တွင် ခရီးစဉ်ခွင့်ပြုမိန့် တင်ပြတောင်းခံမှုကို လုံး၀ ခွင့်ပြုမပေးခဲ့ခြင်းကြောင့် ခရီးစဉ်များ စီစဉ်ရာတွင် အခက်အခဲ ရှိလာသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးဖြိုးဝေရာဇာက “ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်းက နေပြည်တော် အစည်းအဝေးမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက ခရီးသွားဖွံ့ဖြိုးဖို့ ဆိုရင် အတားအဆီး လုပ်ထားတဲ့ ခွင့်ပြုမိန့်ကို လျှောက်ထားခွင့် မပြုဘူးဆိုတာမျိုး၊ ခရီးစဉ်မပေးဘူးဆိုတာမျိုး လုပ်ရင်တော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အတွက် အခက်အခဲတွေ ရှိတယ်လို့ တင်ပြလာတာရှိခဲ့တယ်လို့ ပြောတယ်။ ဒါကို ပြန်လည်စိစစ်ပြီးတော့ ပြန်လည် ခွင့်ပြု ဖို့ စီစဉ်နေပါတယ်လို့ ပြောခဲ့တယ်”ဟု ပြောသည်။

လုံခြုံရေးအရ ကန့်သတ်ထားသော ကန့်သတ်နယ်မြေများကို ပြန်လည်ဖြေလျှော့၍ ခွင့်ပြုပေးနိုင်ရန် ဇန်နဝါရီလ ဒုတိယ အပတ်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ဒု သမ္မတ ဦးဆောင်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က အထက်ပါအတိုင်း တင်ပြခဲ့ခြင်း ဖြစ်သည်။

“တားမြစ်နယ်မြေတွေက ခရီးသွားလုပ်ငန်း ပုံရိပ်ကို ကျစေတယ်။ ခရီးသွားဈေးကွက်တခု ပေါက်လာဖို့က အချိန် ၅ နှစ် ၁၀ နှစ်ကြာ အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွေမှာပါ ဈေးကွက်မြှင့်တင်ခဲ့ရတယ်။ ငွေထက်ကို မြန်မာနိုင်ငံပေါ် အမြင် ပေါ့ နော် တားမြစ်နယ်မြေတွေ ရှိတော့ သူတို့က ခရီးစဉ်တွေပြောင်းပြီး အခြားဘက်ကို သွားလာကြတာဖြစ်လာတယ်။ ဖြစ်နေတဲ့ နေရာကို ပိတ်တာထက် တခုလုံးကို ခြုံပိတ်လိုက် သလိုမျိုး ဖြစ်နေတယ်”ဟု ဦးဖြိုးဝေရာဇာက ပြောသည်။

ယခင် တပ်မတော် အစိုးရလက်ထက်တွင် တားမြစ်ဒေသများသို့ ခရီးစဉ်ဆောင်ရွက်ခွင့်ကို တာဝန်ခံစီစဉ်မှုဖြင့် ကာကွယ်ရေး ဝန်ကြီဌာနမှ ဗိုလ်မှူးအဆင့်၏ ခွင့်ပြုခွင့်ချက်ဖြင့် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ နိုင်ငံတော် သမ္မတမှ အဆင့်ဆင့် ခွင့်ပြုချက်များ တောင်းခံရခြင်းဖြစ်ပြီး ခွင့်ပြုမိန့် လျှောက်လွှာများ ရာနှင့်ချီ၍ တင်ပြထားခြင်း ရှိကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောဆိုသည်။

ပြည်တွင်း ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုက မန်နေဂျာတဦးကလည်း “တားမြစ်တယ်ဆိုကတည်းက အန္တရာယ်ရှိပါ တယ်၊ ဧည့်သည်အတွက် အန္တရာယ်များတယ်။ ပိတ်တဲ့နေရာ မငြိမ်းချမ်းတဲ့နေရာမှာ ပိတ်တာ။ အရင်က စစ်တပ် ရှိတော့ အချိန်မရွေး လုပ်နိုင်ပေမယ့် အခုက ခေတ်က ပွင့်လင်းလာတော့ မလုံခြုံတာတွေ ရှိလာနိုင်တယ်။ ပိတ်သင့် တာပိတ် ဖွင့်သင့်တာ ဖွင့်ရင် ကောင်းပါတယ်”ဟု ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလအထိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းအရ နိုင်ငံခြားသား ဧည်သည့် ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ် အလားတူကာလတွင် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုသည် ၁၁ ရာခိုင်နှုန်း လျော့ကျနေပြီး နယ်စပ်ဂိတ် ပေါက်မှတဆင့် ဝင်ရောက်သည့် ခရီးသည် အရေအတွက်သည်လည်း ၃ ရာခိုင်နှုန်း လျှော့ကျ နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading