စီးပွားရေး

ခရီးသွားများအဆင်ပြေစေရေး မီးရထားများ ယခုရက်ပိုင်းအတွင်း တိုးချဲ့ပြေးဆွဲပေးနေ

Want create site? Find Free WordPress Themes and plugins.

YBS အများပြည်သူသယ်ပို့ဆောင်ရေး ယာဉ်လိုင်းစနစ်သစ် စတင်ပြေးဆွဲချိန်၌ ခရီးသည်များ သွားလာရေး အဆင်ပြေရန်အတွက် မီးရထားတွဲများကို လိုအပ်ချက်ရှိနေသမျှ တိုးချဲ့ပြေးဆွဲပေးနေကြောင်း သိရသည်။

ရန်ကုန်ဘူတာကြီး၊ ရုံပိုင်ချုပ်ကြီး ဦးကြည်ဝင်းက “ အထူးပြေးဆွဲမှုကို ခရီးသည် လိုအပ်ချက်အတိုင်း ဖြည့်ပေးတာ ဖြစ်တဲ့အတွက် ခရီးသည်တွေ ဒီလိုပဲများနေမယ်ဆိုရင် တောက်လျှောက် ဆွဲပေးနေမယ်။ အခုပြေးဆွဲနေတဲ့ ရထားတွေက အရံအနေနဲ့ ရပ်ထားတဲ့ ရထားတွေကို ဆွဲထုတ်သုံးတာ။ မနေ့ ( ဇန်နဝါရီ ၁၆ ရက်) က  အင်းစိန်ဘက်က ၂ စီး၊ ရန်ကုန်ဘက်က ၁ စီး စုစုပေါင်း ၃ စီး ဆွဲထုတ်ပြီး ပြေးဆွဲပေးတယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်သစ် မပြောင်းလဲမီ ဇန်နဝါရီလ ၁၅ ရက်အထိ မီးရထား စီးနင်းအသုံးပြု သွားလာသည့် ခရီးသည်ဦးရေသည် ရန်ကုန်ဘူတာကြီး တဘူတာ၌ပင် ခရီးသည်ဦးရေ ၈,၀၀၀ ကျော်ရှိခဲ့ရာမှ ဇန်နဝါရီလ ၁၆ ရက်တွင် ရထားစီးခရီးသည် အရေအတွက် ၁၂,၀၀၀ ကျော်အထိ ရောက်ရှိလာကြောင်း ၎င်းက ဆက်ပြောသည်။

ရထားဘူတာစုစုပေါင်း ၅၅ ဘူတာရှိသည့် ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်တခုလုံး၌ ဇန်နဝါရီလ ၁၅ ရက်တွင် လိုက်ပါစီးနင်းကြသည့် ခရီးသည် အရေအတွက် ၇၉,၀၀၀ ဦး ရှိရာမှ ဇန်နဝါရီလ ၁၆ ရက်တွင် ၉၆,၀၀၀ ကျော်ရှိခဲ့ရာ ခရီးသည် အရေအတွက် ၁၇,၀၀၀ ကျော် တိုးမြင့်စီးနှင်းလာကြောင်း ဦးကြည်ဝင်းက ဆိုသည်။

ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ် ပြောင်းလဲလိုက်သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ရထား အသုံးပြုသွားလာသည့် ခရီးသည် စုစုပေါင်း ၂၀,၀၀၀ နီးပါး အထိ ရှိလာခဲ့ကြောင်း ရန်ကုန်ဘူတာကြီး စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

“မနေ့ (ဇန်နဝါရီ ၁၆ ရက်) က ရထားစီးခရီးသည်တွေ တအားများလာတယ်။ ရန်ကုန်- အင်းစိန်ကို အသွားအပြန်ဆို ၄ ခေါက် ဆွဲပေးခဲ့တယ်။ မူလ အချိန်စာရင်းအရ ပြေးဆွဲနေတဲ့ တွဲဆိုင်းတွေအပြင် အစားထိုးတွဲဆိုင်းကို ဆောင်ရွက်ခဲ့တယ်။ ညနေပိုင်း ရုံးဆင်းချိန်မှာ မင်္ဂလာဒုံကိုသွားမယ့် ခရီးသည်တွေက အတော်များလာတဲ့အတွက် တွဲဆိုင်းအစား စီစဉ်ခဲ့တယ်။ မနေ့က ပုံမှန်ပြေးဆွဲတဲ့ ရထားတွေအပြင် အထူးရထားတွေနဲ့ စီစဉ်ပေးခဲ့တယ်”ဟု ဦးကြည်ဝင်းက ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်မှ စတင်ပြောင်းလဲလိုက်သည့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စနစ်သစ်တွင် ယခင်ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်မှ လိုင်းကားများကို ပြန်လည်စုစည်းပြီး လိုင်းပေါင်း ၇၀ ဖြင့် ယာဉ်လိုင်း ကြောင်းအသစ် ပြောင်းလဲပြေးဆွဲခဲ့သည်။

စတင်ပြောင်းလဲ ပြေးဆွဲပေးသည့်နေ့တွင် ယာဉ်အရေအတွက်ထက် ခရီးသည်များနေခြင်းကြောင့် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းရန် အခက်အခဲများရှိခဲ့ပြီး တချို့မှာ သွားလိုသည့် နေရာသို့ ရောက်ရှိရန် အနည်းဆုံး နှစ်ဆင့်ခံ စီးရခြင်းကြောင့် မီးရထားခရီးကို ပြောင်းလဲအသုံးပြုသူ များလာခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading