ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS ကားလိုင်းသစ်များ ဖြေရှင်းဆောင်ရွက်ပြီး နောက်ပိုင်းတွင် တက္ကစီစာရင်းများကို ကောက်ယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ထံက သိရသည်။
ရန်ကုန်တိုင်း အစိုးရအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသည့် တက္ကစီ အရေအတွက်ကို ကောက်ယူရန် စီစဉ်ထားသော်လည်း ယနေ့အချိန်ထိ YBS ဘတ်စ်ကားလိုင်းများ အရေးနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေရသဖြင့် စာရင်းကောက်ယူနိုင်ခြင်း မပြုလုပ်နိုင်သေးကြောင်း သိရသည်။
တက္ကစီစာရင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ဦးသန်းဝင်း က “တက္ကစီစာရင်း ကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။ အခုက ဘတ်စ်ကားလိုင်းတွေနဲ့ ပတ်သက်ပြီး လုပ်နေရပါတယ်။ ဒီလိုင်းကားတွေပြီးရင်တော့ တက္ကစီနဲ့ ပတ်သက်တာတွေ ထွက်လာမှာပါ” ဟု ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တက္ကစီများနှင့် ပတ်သက်ပြီး အမှန်တကယ် ရှိသင့်သည့် အရေအတွက်ကိုသာ ခွင့်ပြုနိုင်ရန် တက္ကစီစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ နေ့က တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
တက္ကစီများ စာရင်းကို စနစ်တကျ ကောက်ယူပြီးပါက ခရီးသည်များကို ဝန်ဆောင်မှု ပေးမည့် Taxi Call Center တခုကိုလည်း ထားရှိမည်ဖြစ်ကာ အွန်လိုင်းမှတဆင့် တက္ကစီ ငှားရမ်း စီးနှင်းနိုင်သည့် စနစ်သို့ ပြောင်းလဲ ကျင့်သုံးသွားမည်ဟု သိရသည်။
ရန်ကုန်မြောက်ပိုင်းခရိုင်မှ တက္ကစီ ယာဉ်မောင်းတဦး ဖြစ်သူ ဦးစိုးနိုင်က “ စာရင်းကောက်တာ မရှိသေးဘူး။ လိုင်းကားတွေ အထိုင် ကျတော့မှ တက္ကစီတွေ လာမယ်ပြောတယ်။ ဘာတွေလုပ်ပေးမလဲဆိုတာ အစီအစဉ်တွေကို ကြည့်ရဦးမယ်။ Call Center ဆိုရင် မီတာစနစ်တွေ ပါလာမယ်။ အရင်ကတော့ ဒီစနစ်က မအောင်မြင်ခဲ့ဘူး။ အခု လိုင်းကားတွေရှင်းနိုင်ရင် အဆင်ပြေလာနိုင်မှာပေါ့ ” ဟု ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့က ရန်ကုန်မြို့တွင်းရှိ တက္ကစီစာရင်းကို ကောက်ယူပြီး ရှိသင့်သည့် လိုအပ်ချက်ထက် ကျော်လွန်နေပါက အချို့ တက္ကစီနံပါတ်အနီများကို အိမ်စီးနံပါတ်အနက်အဖြစ် ပြန်လည် ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် အခြားမြို့များမှ ဝင်ရောက်ပြေးဆွဲနေသည့် တက္ကစီများလည်း ရှိနေပြီး တရားမဝင် လိုင်စင်မဲ့ တက္ကစီများလည်း ပြေးဆွဲနေခြင်းများ ရှိနေသည့် အတွက် စနစ်တကျ စိစစ် အရေးယူသွားမည်ဟု သိရသည်။