ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးရာမှာ ပိုမို တည်ငြိမ်ကောင်းမွန်တဲ့ ရုပ်ထွက်တွေကို ပေးစွမ်းနိုင်အောင် ကူညီပေးနိုင်မယ့် Stabilizer အသစ် တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက တန်ကြေးတော့ နည်းနည်း များချင်ပေမယ့် မှတ်တမ်းတင် ပုံကောင်းကောင်းတွေကို ဖုန်းနဲ့ပဲ ရိုက်ကူးရာမှာတော့ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မှာပါ။ ဒီနေရာမှာ ပုံကောင်းကောင်း ဆိုတာ ဓာတ်ပုံအပါအဝင် ဗီဒီယို ရိုက်ကူးမှုတွေလည်း ပါမှာ ဖြစ်ပါတယ်။
အရင်ဆုံး သူ့ရဲ့ အားသာချက်ကို ပြောရမယ် ဆိုရင် သင့် အနေနဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယို ရိုက်ကူးချိန်မှာ လက်မငြိမ်တာကြောင့် ဖြစ်စေ၊ ကားစီးရင်း ရိုက်ကူးချိန် ကားရဲ့ တုန်ခါမှုကြောင့် ဖြစ်စေ လှုပ်ရှားသွားတဲ့ ပုံရိပ်တွေကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။
ပြီးတော့ ဖုန်း အရွယ်အစားစုံ ချိတ်ဆက်နိုင်မှု အားကောင်းပြီးတော့ အသေးစား Pamphlets တွေနဲ့တောင်မှ ထည့်သွင်း အသုံးပြုနိုင်မှာပါ။ ဒါကလည်း XJJJ JJ-1 အနေနဲ့ ဖုန်းမျက်နှာပြင် အရွယ် ၆ လက်မခွဲ ထိအောင် ထည့်သုံးနိုင်အောင် ဖန်တီးထားလို့ပါ။
ပြီးတော့ XJJJ JJ-1 မှာ Bluetooth စနစ်လည်း ထည့်သွင်းထားတာကြောင့် ဖုန်းနဲ့ ချိတ်ဆက်ရာမှာ ကြိုး မလိုတော့ဘဲ အလွယ်တကူ ချိတ်ဆက် ပေးပို့နိုင်မှာပါ။ ပြီးတော့ သင့် အမြင်မှာ အခု XJJJ JJ-1 က နည်းနည်းများ ကြီးနေသလား ထင်ရပေမယ့် သူ့ရဲ့ အလေးချိန်က On-Hand အနေအထားကောင်းရဖို့ အလေးချိန် အနည်းငယ် ထည့်ထားရုံ သဘောပဲ ဖြစ်ပြီး အချိန်ကြာ ကိုင်ဆောင်ရိုက်ကူးမှု အတွက်ကိုပါ ဝန်မများအောင် ဖန်တီးထားတာ တွေ့ရပါတယ်။
XJJJ JJ-1 ကို ဖုန်းနဲ့ ချိတ်ဆက်ဖို့၊ တပ်ဆင်ဖို့၊ ရိုက်ကူးဖို့ အသင့် အနေအထားရအောင် ၃ စက္ကန့်အတွင်း ပြင်ဆင် ရိုက်ကူးနိုင်ပါတယ်။ နောက်ပြီးတော့ Gyro စနစ်မှာ အထိုင် ဝင်ရိုးနှစ်ခုကို သုံးထားပြီး Handle ကို အထူးငြိမ်အောင် ဖန်တီးထား ပါတယ်။ ရလဒ်ကတော့ စကိတ်စီးရင်း ဖြစ်စေ၊ စက်ဘီးစီးရင်း ဖြစ်စေ၊ အနီးကပ်နဲ့ လှုပ်ရှား ပုံရိပ်တွေကို အကောင်းဆုံး ရိုက်ကူးလာနိုင်စေပါတယ်။
Stabilizer ထဲမှာ 18350 mAhရှိတဲ့ ဘက်ထရီကို ထည့်ထားပါတယ်။ သူက တဆက်တည်း ရိုက်ကူးမှု အတွက် အချိန် ၂ နာရီ သုံးနိုင်မှာပါ။ ဖုန်းတပ်ဆင် အသုံးပြုမယ့် အထိုင်ခေါင်းက အထက် အောက် အနေအထားမှာရော ဘယ် ညာ ဘေးတိုက် အနေအထားမှာပါ ၃၃၀ ဒီဂရီထိအောင် မော်တာကနေ တဆင့် Auto ပုံစံ လှည့်ပြီး ရိုက်ကူးနိုင်မှာပါ။
XJJJ JJ-1 ရဲ့ အလေးချိန်က ၁ ကီလိုကို နည်းနည်းလေးပဲ လျော့ပါတယ်။ အရှည် ၁၁ ဒသမ ၀၂ လက်မ ရှိမှာပါ။ ဒီနေရာမှာ ဘက်ထရီက တဆက်တည်း ရိုက်ကူးမှု ၂ နာရီပဲ သုံးနိုင်လို့ XJJJ JJ-1 မှာ ဘက်ထရီ စုစုပေါင်း ၃ ခု ထည့်ထားပေးတာ တွေ့ရပြီး အပိုအားသွင်းထားပြီး သုံးနိုင်အောင် ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ သင့် အနေနဲ့ အခု XJJJ JJ-1 ကို စိတ်ဝင်စားတယ် ဆိုရင်တော့ ဈေးနှုန်းက ကျပ် ၁၃၀၀၀၀ ရှိပြီး အနက်ရောင် တမျိုးတည်းကိုပဲ ပြည်တွင်း ဈေးကွက်မှာ ရနိုင်နေပါသေးတယ်။ ။