လွတ်လပ်ရေး ရပြီး ၄၉ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသည် မကြုံစဖူး တိုးတက်မှုနှုန်းဖြင့် ဖွံ့ဖြိုးနေသည်။ ရန်ကုန်မြို့လယ်တွင် ရှေးဟောင်းဘုရားများနှင့် ခေတ်မီမိုးပျံ အဆောက်အအုံများ ဘေးချင်းကပ် တည်ရှိနေကြသလို မြို့တော်သစ် နေပြည်တော်တွင်လည်း ကြယ်ငါးပွင့် ဟိုတယ်များနှင့် ပြည့်နေသည်။ လူငယ်များသည် အနောက်တိုင်းမှ ၎င်းတို့၏ ဘဝတူများကဲ့သို့ပင် ၎င်းတို့၏ စမတ်ဖုန်းများနှင့် ဖေ့ဘွတ်တွင် နာရီပေါင်းများစွာ အချိန်ဖြုန်းကြသည်။ အစိုးရကလည်း နိုင်ငံတကာ စံနှုန်းများကို မည်သူမျှ ထင်မထားသည့် နှုန်းဖြင့် အံဝင်ကွင်ကျဖြစ်အောင် လုပ်ပြီး အလားတူသော ခြေလှမ်းမျိုး လှမ်းသည်။
ပထဝီအရ တရားမဝင် ကုန်သွယ်မှု၏ ဆုံမှတ်တွင် တည်ရှိနေသောကြောင့် မြန်မာနိုင်ငံသည် များပြားလှစွာသော ပြည်တွင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး ထိန်းချုပ်စနစ်များကို လိုက်နာပြီး လက်နက် မပျံ့ပွားရေး ကြိုးစား ဆောင်ရွက်နေသည်။ သဘောတူညီချက် အများ အပြား ရှိနေသော်လည်း အကောင်အထည် ဖော်ရေးမှာ ကြီးမားသော စိန်ခေါ်မှု ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဘာဏ္ဍာရေးစနစ်မှာ တရားမဝင် လုပ်ကိုင်ဆောင်ရွက်သူများ၏ စည်းကမ်း ချိုးဖောက်မှု အန္တရာယ် မြင့်မားစွာရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် လက်ရှိ ချို့ယွင်းချက်များကို သိရှိပြီး စည်းမျဉ်း ထိန်းချုပ်မှုကို တိုးတက်စေရန် အမေရိကန် ပြည်ထောင်စုနှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်အား ထက်သန် နေကြောင်း မကြာသေးမီက လက်နက် မပျံ့ပွားရေး ဆွေးနွေးချက်များက ပြသနေသည်။
အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိုနှိုင်း ဆောင်ရွက်ခြင်းဖြင့် အန္တရာယ်ကို လျှော့ချနိုင်ပြီး မြန်မာနိုင်ငံသည်၎င်း၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (anti-money laundering-AML) နှင့် အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (counter-terrorist financing-CFT) အရည်အသွေးများကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်သည်။
မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိနေ
လက်နက်ပျံ့ပွားခြင်းကို ငွေကြေး ထောက်ပံ့ခြင်းသည် အစုလိုက်အပြုံလိုက် သေစေနိုင်သော လက်နက်များ ပျံ့ပွားရေးနှင့် ဒွန်တွဲနေပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (AML) နှင့် အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (CFT) တို့နှင့် ပတ်သက်၍ မြန်မာ့ဘာဏ္ဍာရေး စနစ်၏ ချို့ယွင်းချက်များကို ရှာဖွေဖော်ထုတ်ခြင်းသည် လက်နက်ပျံ့ပွားမှု ကုန်သွယ်ရေး ကွန်ယက်များကို ဟန့်တားရန် မြန်မာနှင့် ကမ္ဘာ့အားထုတ်မှုကို အကျိုးပြုမည် ဖြစ်သည်။ မြန်မာသည် ဤအားထုတ်မှု အတွက် ပိုင်းဖြတ်မှု ရှိကြောင်းလည်း နည်းလမ်းမျိုးစုံဖြင့် ပြသနေသည်။ ပြည်တွင်း အားထုတ်မှု အနေဖြင့် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ (Control of Money Laundering Law-CMLL) ကို ၂၀၀၂ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး မြန်မာ့ငွေကြေး ထောက်လှမ်းရေး အဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် ထူထောင်ခဲ့သည်။
ဒေသတွင်း အနေအထားတွင်လည်း အာဆီယံ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး သဘောတူစာချုပ် (ASEAN Convention on Counter-Terrorism-ACCT) ကို ၂၀၀၇ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့ပြီး ရာဇဝတ်ကိစ္စများတွင် ဥပဒေအရ အပြန်အလှန် အကူအညီပေးရေး အာဆီယံ စာချုပ် (ASEAN Treaty on Mutual Legal Assistance in Criminal Matters) ကို ၂၀၀၉ ခုနှစ်တွင် အတည်ပြုခဲ့သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် နှင့် ၎င်း၏ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အားထုတ်မှုများကို ပေါင်းထည့်ရန် အသင့်ရှိကြောင်း ပြသသည့် အနေဖြင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂအကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကော်မတီ အမှုဆောင်ညွှန်ကြားရေးမှူးရုံး (Office of the United Nations Counter-Terrorism Committee Executive Directorate-CTED) နှင့်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (AML) နှင့် အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (CFT) ဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက် နေသည်။
ထို့အပြင် မြန်မာသည် အာရှပစိဖိတ်ဒေသဆိုင်ရာ ငွေကြေးခဝါချမှု အဖွဲ့ (Asia Pacific Group on Money Laundering-APG) သို့ ၂၀၀၆ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ထိုအဖွဲ့သည် ပါရီအခြေစိုက် ဘဏ္ဍာရေး အရေးယူ ဆောင်ရွက်မှု အလုပ်အဖွဲ့ (Financial Action Task Force-FATF) က ချမှတ်ထားသော နိုင်ငံတကာ လက်ခံ ကျင့်သုံးနေသည့် စံနှုန်းများ အကောင်အထည်ဖော် ကျင့်သုံးရေး အတွက် ဆောင်ရွက်နေသော ဒေသဆိုင်ရာ အဖွဲ့ ဖြစ်သည်။
ဤ အပြုသဘောဆောင်သော ခြေလှမ်းများသည် FATF က မြန်မာနိုင်ငံကို ယခင် ၂၀၀၁ ခုနှစ်က သတ်မှတ်ခဲ့သည့် “ပူးပေါင်းဆောင်ရွက်မှု မရှိသော နိုင်ငံပိုင်နက် (non-cooperative country and territory-NCCT)” အဆင့်နှင့် ထိုကိစ္စနှင့် ပတ်သက်သော အမေရိကန် ဘဏ္ဍာရေးဌာနက Section 311 of the USA PATRIOT Act အရ ငွေကြေးခဝါချမှု အဓိက စိုးရိမ်ရသည့်နိုင်ငံ (“primary money laundering concern”) အဖြစ် ၂၀၀၃ ခုနှစ်က သတ်မှတ် အရေးယူဆောင်ရွက်မှုတို့နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။
အပြောသက်သက် မဟုတ်စေရန်
သို့သော် မြန်မာနိုင်ငံက ပြသသည့် ပိုင်းဖြတ်မှုသည် ၎င်း၏ အကောင်အထည် ဖော်နိုင်သော စွမ်းရည်မျှလောက်သာ ခိုင်မာမှု ရှိပြီး ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် ကြီးကြပ်ကွပ်ကဲမှုမှာ နယ်ပယ် အများအပြားတွင် အပြင်းအထန် ချို့တဲ့နေသည်။
ဘဏ္ဍာရေးထောက်လှမ်းမှုဌာနများ (Financial intelligence units -FIUs) သည် နိုင်ငံတနိုင်ငံ၏ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး (AML) နှင့် အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (CFT) အားထုတ်မှု များတွင် အဓိက အခန်းမှ ပါဝင်ပြီး သံသယရှိဖွယ် ငွေပေးငွေယူ အစီရင်ခံစာ (suspicious transaction reports-STRs) ခွဲခြမ်းစိတ်ဖြာ လေ့လာမှုနှင့် အခြားသော သက်ဆိုင်ရာ သတင်းအချက်အလက်များ ရယူရန် အမျိုးသားအဆင့် ဌာနလည်း ဖြစ်သည်။
ဘာဏ္ဍာရေး ထောက်လှမ်းမှုဌာန (FIU) တခုသည် သီးခြား လွတ်လပ်စွာ လုပ်ငန်းလည်ပတ်သင့်ပြီး သံသယရှိဖွယ် ငွေပေးငွေယူ အစီရင်ခံစာ (suspicious transaction reports-STRs) ခွဲခြမ်းစိတ်ဖြာ လေ့လာမှု အစီရင်ခံသော အဖွဲ့အစည်းများ၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး သတင်းအချက်အလက်များကို အချိန်မီ ဆက်သွယ် ရယူနိုင်သင့်သည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ထောက်လှမ်းမှုဌာန (FIU) သည် လတ်တလောတွင် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဘာဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းအဖြစ် လည်ပတ်နေပြီး ဗဟိုထိန်းချုပ်မှု အဖွဲ့ ဥက္ကဋ္ဌ (Central Control Board-CCB) ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ရှိသည်။ သို့သော် CCB မှ သီးခြား ဘတ်ဂျက် မရဘဲ ၎င်း၏ အမှီအခိုကင်းသော လွတ်လပ်မှုမှာ (SRT) လုပ်ငန်းအဆင့်ဆင့်တွင် (CCB) ၏ လုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍကြောင့် အဟန့်အတား ဖြစ်နေသည်။ အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့ခြင်းကို ရာဇဝတ်မှု အဖြစ် ပြဋ္ဌာန်းရန် လုံလောက်သော ဥပဒေ မရှိခြင်းကြောင့်လည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ထောက်လှမ်းမှုဌာန (FIU) မှာ ပိုမိုအင်အားချိနဲ့ သွားရသည်။
သံသယဖြစ်ဖွယ် လက်နက်ပျံ့နှံ့မှုနှင့် ပတ်သက်သော အစီရင်ခံစာများသည် လက်နက်ပျံ့နှံ့မှု ငွေကြေး ထောက်ပံ့ရေး ကို တန်ပြန်ရာတွင် အရေးပါလှသော်လည်း အင်အားချိနဲ့သည့် လုပ်ထုံးလုပ်နည်းများနှင့် ဌာနများနှင့် အာဏာပိုင်များ အကြား အကန့်အသတ် ရှိသော ညှိုနှိုင်းဆောင်ရွက်မှုများကြောင့် သံသယရှိဖွယ် ငွေပေးငွေယူ အစီရင်ခံခြင်း (suspicious transaction reports-STRs) နှင့် ကြီးကြပ်ကွပ်ကဲခြင်း၏ ပြင်ပသို့ ရောက်ရှိ သွားစေသည်။
၁၉၉၃ ခုနှစ် မြန်မာဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဥပဒေသည် ဟိုတယ်များတွင် လောင်းကစားခြင်းကို တားမြစ်သော်လည်း များပြားလှစွာသော တရားမဝင် လောင်းကစားနှင့် ကာစီနိုလုပ်ငန်းများသည် တရားမဝင် လုပ်ငန်းများ၏ အချက်အခြာနေရာ မြန်မာနှင့် ထိုင်း နယ်စပ်တွင် ရှိနေကြောင်း အစိုးရက သိရှိသည်။ ထိုကာစီနိုများ သည် (STRs) တင်သွင်းခြင်း မရှိကြဘဲ ၎င်းတို့၏ ငွေပေးငွေယူ လုပ်ငန်းများကို ဗဟိုထိန်းချုပ်ရေး အဖွဲ့ (Central Control Board) က ကျယ်ပြန့်သော ထိန်းချုပ်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော အကျိုးအမြတ် မယူသော အဖွဲ့များ (non-profit organization-NPOs) ၃၀၀ ကျော်ကိုလည်း လက်နက်ပျံ့ပွားမှု ငွေကြေး ထောက်ပံ့ခြင်း အန္တရာယ် သုံးသပ်အကဲဖြတ်ခြင်း မရှိဘဲ ၎င်းတို့၏ ဘဏ္ဍာရေး ရှင်းတမ်းများနှင့် လက်ကျန် ငွေကြေးရှင်းတမ်းများ အပါအဝင် မှတ်တမ်းများကို အာဏာပိုင်များ ရရှိရန် ဆောင်ရွက်ထားခြင်းမရှိပေ။
အကြီးမားဆုံး စိန်ခေါ်မှုမှာ တရားဝင်ဘဏ္ဍာရေး ကဏ္ဍ၏ ပြင်ပတွင် ဖြစ်ပွားနေသော ကြီးမားလှသည့် ဘဏ္ဍာရေး ငွေပေးငွေယူ ကိစ္စ ဖြစ်သည်။ ဘဏ်များအပေါ် အယုံအကြည် ကင်းမဲ့မှု၊ နိုင်ငံခြားငွေကြေး ဘဏ်စာရင်း ဖွင့်လှစ်ရန် ကန့်သတ်ချက်များ၊ ပြည်ပကိုယ်စားလှယ်ဘဏ် စနစ် မရှိခြင်း၊ နိုင်ငံခြားငွေနှင့် ကြေးနန်းငွေလွှဲခြင်းကို အစိုးရက ထိန်းချုပ်ထားခြင်းနှင့် ဘဏ်လုပ်ငန်းကို အစိုးရက လွှမ်းမိုးထားခြင်းတို့ ပေါင်းစပ်လိုက်သောအခါ နိုင်ငံတွင်းနှင့် ပြင်ပသို့ ငွေနှင့် ကုန်ပစ္စည်းရွှေ့ပြောင်းရန် တရားမဝင်စနစ်များ အသုံးပြုမှုကို အားပေးနေတော့သည်။
ယင်းကြောင့်ပင် တရားဝင် ဘဏ်များအစား ငွေကြေးဆက်သားနှင့် ဟွန်ဒီ (တရားမဝင်ပွဲစား) ငွေလွှဲ စနစ်ကို နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းက သုံးစွဲနေကြသည် ဟု ခန့်မှန်းရသည်။ ဤတရားမဝင် စနစ်အားလုံးသည် ချမှတ်ထားသော (AML/CFT) လုပ်ထုံးလုပ်နည်းများ ပြင်ပတွင် ရှိနေကြပြီး မြန်မာငွေကြေး ထောက်လှမ်းရေး အဖွဲ့သို့ အစီရင်ခံခြင်း မရှိသောကြောင့် တရားမဝင် လုပ်ငန်းဆောင်ရွက်သူများ အတွက် ငွေကြေးခဝါချရန်နှင့် လက်နက်ပျံ့နှံ့မှုကို ငွေကြေးထောက်ပံ့ရန် အောင်မြင်သော နည်းလမ်းတခု ဖြစ်စေသည်။
နိုင်ငံတကာ ပူးပေါင်းဆောက်ရွက်မှု
စိန်ခေါ်မှုများမှာ ကြီးမားလှပြီး မြန်မာ့ဘဏ္ဍာရေးစနစ်၏ ထိခိုက်လွယ်မှုမှာ အတွေ့အကြုံ ရှိသော ညှိုနှိုင်းတိုင်ပင်မှု လိုအပ်နေသည်။ မြန်မာသည် သက်ဆိုင်ရာ ဌာနများသို့ လုပ်ထုံးလုပ်နည်း အကောင်အထည်ဖော်မှု သင်ကြားပေးပြီး သံသယရှိဖွယ် ငွေပေးငွေယူခြင်းကို မည်သို့ ဖော်ထုတ်မည်ကို ဘဏ်ဝန်ထမ်း အဆင့်အားလုံးကို ညွှန်ကြားသော အမေရိကန်အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ လေ့ကျင့်ရေး အလုပ်ရုံဆွေးနွေးပွဲများ အကျိုးခံစား ရနိုင်သည်။
အမေရိကန် ဘဏ္ဍာရေးဌာန၏ ဘဏ္ဍာရေး ရာဇဝတ်မှု တိုက်ဖျက်မှု ကွန်ယက် (Financial Crimes Enforcement Network-FinCEN) သည် အစီရင်ခံသော အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးဌာနများနှင့် လုံလောက်စွာ ပူးပေါင်းလုပ်ကိုင်ရန် ကိရိယာများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ထောက်လှမ်းမှုဌာန (FIU) ကို အကြံပေးနိုင်သည်။ ထောက်လှမ်းရေး အေဂျင်စီများ အကြား ညှိုနှိုင်းဆောင်ရွက်မှုသည်လည်း လက်နက်ပျံ့ပွားမှုနှင့် ဘဏ္ဍာရေးကဏ္ဍကို အလွဲသုံးစား ပြုလုပ်ခြင်း အတွက် သံသယရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ရှာဖွေဖော်ထုတ်ရာတွင် နှစ်နိုင်ငံလုံးကို ပိုမိုထိရောက်စေကာ ဌာနများနှင့် ဘာဏ္ဍာရေး အဖွဲ့အစည်းများ ကိုလည်း ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားရန်နှင့် ငွေပေးငွေယူများကို ပိတ်ဆို့ တားဆီးနိုင်စေသည်။
ကြီးမာလှသော တရားမဝင်ကဏ္ဍကို ကိုင်တွယ်ရန် ဒေသခံဘဏ်များကို AML/CFT စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်း များကို လိုက်နာပြီး ကျေးလက်နှင့် ဘဏ်စာရင်း မရှိသူများထံသို့ စရိတ်သက်သာ ထိရောက်သော နည်းဖြင့် လက်လှမ်းမီစေသော ကိရိယာများကို သင်ကြာပေးရန် ရန်ကုန်ရှိ အမေရိကန်သံရုံးသည် နိုင်ငံတကာ ဘဏ္ဍာရေး နည်းပညာလုပ်ငန်းများကို ဖိတ်ခေါ်နိုင်သည်။
တရားမဝင် လုပ်ကိုင်သူများ၏ အလွဲသုံးစားပြုခြင်းကို တားဆီးရန် မြန်မာနိုင်ငံ၏ ဘာဏ္ဍာရေးစနစ်ကို တင်းကျပ်ခြင်း သည် နိုင်ငံအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာ့ဘဏ္ဍာရေး စနစ်အထိ အကျိုး ဖြစ်စေနိုင်သည်။ ထို အားထုတ်မှု သည် သစ်လွင်နက်ရှိုင်းနေသော အမေရိကန်မြန်မာ ဆက်ဆံရေးတွင် ဦးစားပေး ဖြစ်သင့်သည်။
ကုန်သွယ်မှု စနစ်များနှင့် အကောင်အထည်ဖော်ရေး ယန္တရားများသည် နေ့ခြင်းညခြင်း ပေါ်ပေါက်လာမည် မဟုတ်ဘဲ ဂရုတစိုက် လမ်းညွှန်မှု၊ စိတ်ရှည်မှုတို့သည် တိုးတက်မှုအတွက် အဓိကကျသည်ကို အမေရိကန်ပြည်ထောင်စု အနေဖြင့် နားလည် သင့်သည်။ အစိုးရ၏ အကြံပေးထိပ်တန်း စစ်အရာရှိတဦး၏ စကားအရ ဆိုလျင် “အမေရိကမှာ အခုအနေအထား ရောက်ဖို့ နှစ်ပေါင်း ၂၀၀ ကြာတယ်။ ကျနော်တို့ရဲ့ အပြောင်းအလဲက အခုမှ လုံးဝအစပဲ ရှိသေးတယ်” ဟုဆိုရမည် ဖြစ်သည်။
(Brian R. Moore သည် Pacific Forum CSIS မှ သုတေသီတဦး ဖြစ်သည်။ သူသည် တရုတ်နိုင်ငံ ခေါင်းထောင် ထလာခြင်း၊ မြောက်ကိုရီးယား၊ နိုင်ငံတကာ ငွေရင်းစီးဆင်းမှုနှင့် တရားမဝင် ကုန်သွယ်မှုများကို ခွဲခြမ်းစိတ်ဖြာလေ့လာ သည်။ ၎င်း၏ How Myanmar can curb illicit financial flows ဆောင်းပါးကို ဘာသာပြန်ဆိုသည်)