ပြည်တွင်းမှာ လူကြိုက်အများဆုံး Hatchback တန်းဝင် မော်ဒယ် Fit ရဲ့ နောက်ဆုံးထုတ် မော်ဒယ်အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။
အတွင်းခန်းမှာလည်း တန်းတူ ပြိုင်ဖက် မော်ဒယ်တွေထက် ပိုမို ကျယ်ဝန်းတာကြောင့်၊ ဈေးနှုန်းနဲ့ ဆီစားနှုန်း ချိုသာ ကောင်းမွန်တာတွေကြောင့် လူကြိုက်များနေတာလည်း ဖြစ်ပါတယ်။
အခုနှစ် မော်ဒယ်ရဲ့ အားသာချက် အနေနဲ့ကတော့ Subcompact တန်းဝင် မော်ဒယ်တွေထဲမှာ အတွင်းခန်း အကျယ်ဆုံး စာရင်းဝင် မော်ဒယ် ဖြစ်လာတာပါပဲ။
နောက်ဘက် ဝန်တင်ခန်းလည်း သင့်တင့်ပြီး အခုလို ကိုယ်ထည်နဲ့ အရွယ်ရှိ မော်ဒယ်တွေမှာ အများဆုံး တွေ့ရတဲ့ နောက်ဘက် ခရီးသည်ခန်း ကျဉ်းမြောင်းတဲ့ အားနည်းချက်ကို အကောင်းဆုံး ပြင်ဆင် ဖန်တီးလာနိုင်တာ တွေ့ရပါတယ်။
နောက်တချက်က နောက်ဘက် ထိုင်ခုံတန်းရဲ့ ဒီဇိုင်းက အတွင်းခန်းနေရာကို သက်သာအောင် ဖန်တီးပေးလာနိုင်တဲ့ အပြင် ခရီးဝေး စီးနင်းမှုမှာပါ သက်သောင့်သက်သာ ရှိနေစေတာပါ။ နောက်ဆုံး တချက်ကတော့ လက်ရှိ ပြည်တွင်းမှာလည်း Fit ကို လူကြိုက်များတာ ဆီစားနည်းပါးလို့ ဖြစ်ပါတယ်။
တန်ကြေးနည်း ကားတစီးအတွက် အားနည်းချက် မကင်းနိုင်တဲ့ အနေအထားမှာ ၃ ချက်လောက် ထုတ်ပြချင်ပါတယ်။ ပထမ တချက်က Touch စနစ်နဲ့ သုံးနိုင်တဲ့ အချက်အလက်စနစ် ဖြစ်ပါတယ်။ သူက နည်းပညာပိုင်း ဒီလောက် အမြင့်ကြီး မဟုတ်လို့ အသုံးပြုချိန်မှာ နှေးချင်တာမျိုး၊ လေးချင်တာမျိုး တွေ့ရပါတယ်။
နောက်တချက်က ဘရိတ်ပိုင်းမှာ ပြိုင်ဖက် တန်းတူ မော်ဒယ်တွေထက် အားနည်းနေတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ မိုင် ၆၀ နှုန်းကနေ ရပ်တန့်ဖို့ အကွာအဝေး ပိုပြီး ယူနေတာဖြစ်ပါတယ်။ နောက်ဆုံးတချက်က Android စနစ်နဲ့ သုံးတဲ့ ဖုန်းတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှု အပိုင်းမှာ အားနည်းတာပဲ ဖြစ်ပါတယ်။
အခုနှစ် မော်ဒယ်မှာ ထူးခြားတဲ့ အဆင့်မြှင့်ထားမှု မတွေ့ရပါဘူး။ ဒါပေမယ့် ဆယ်နှစ်ပြည့် မော်ဒယ်အနေနဲ့ ထုတ်လုပ်လာမှု အပိုင်းမှာတော့ ကိုယ်ထည်ပိုင်းလည်း မာကျောအောင် ဖန်တီးလာတာ တွေ့ရပါတယ်။ မော်ဒယ်ခွဲ အနေနဲ့တော့ ရွေးချယ်နိုင်စရာ ၄ မျိုး ထုတ်လုပ်လာပါတယ်။
LX, EX, EX-L နဲ့ ဂြိုဟ်တုအခြေပြု မြေပုံစနစ် ထည့်ပေးထားတဲ့ EX-L မော်ဒယ်ခွဲတွေပဲ ဖြစ်ပါတယ်။ LX မော်ဒယ်က အခြေခံ မော်ဒယ်ပါ။ ဘီးတွေက ၁၅ လက်မ အရွယ်၊ အချက်အလက်ပြ ထိန်းချုပ်စနစ်က ၅ လက်မ၊ CD Playerလောက်ပဲ ထိုင်ထားပါတယ်။
EX မှာ ၇ လက်မ ပြသမျက်နှာပြင်စနစ် ပါလာတယ်၊ နောက်ဖက် ကင်မရာထိုင်ထားတယ်၊ Siri Eyes စနစ်လည်း သုံးနိုင် လာပါတယ်။ EX-L မှာက အပူပေးထိုင်ခုံစနစ်ပါ ထည့်ထားတာပါ။ EX-L Navi ကတော့ Navi စနစ် ပိုပါတာပဲ ရှိပါတယ်။
အင်ဂျင်စနစ်က ၁.၅ လီတာသုံး ၄ လုံးထိုး အင်ဂျင်ကို CVT နဲ့လည်း ရနိုင်သလို ၆ ချက်သုံး Manual နဲ့လည်း ရပါတယ်။ ဆီတဂါလံကို ၃၆မိုင် ကျော် မောင်းနှင်နိုင်ပြီး တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၈.၈ စက္ကန့်နဲ့ ရောက်နိုင်မှာပါ။