နိုင်ငံတဝန်းရှိ အစိုးရပိုင် သစ်ထုတ်လုပ်ရေး စခန်း ၁၃ ခုသည် ယခုနှစ် အစောပိုင်းမှ စတင်ပြီး ဧည့်သည်များ အတွက် ဆင်စခန်းများ ဖြစ်လာမည်ဟု သိရသည်။
သစ်ထုတ်လုပ်မှုကို ၁၀ နှစ် ရပ်ဆိုင်းမည်ဟု အစိုးရသစ်က ယခင်နှစ်က ကြေညာခဲ့ပြီးနောက် ပဲခူးရိုးမ တောင်တန်းအနီးရှိ အဓိက သစ်ထုတ်လုပ်ရေး ဒေသများကို ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် ဆင်စခန်းများ ဖြစ်လာစေရန် စီစဉ်ခဲ့သည်။
ပဲခူရိုးမ တလျှောက်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ သစ်ထူတ်လုပ်ရေး စခန်းများသည် ဆင်စခန်းများ ဖြစ်လာမည်ဟု မြန်မာ့သစ်လုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာ ဦးအေးချိုသောင်းက ဧရာဝတီသတင်းဌာနသို့ပြောသည်။
“ဆင်စခန်း ၄ ခု ဖွင့်ထားပြီးပြီ၊ ကျန်တာတွေက ဒီနှစ် နှောင်းပိုင်းမှာ ဖွင့်မယ်” ဟု သူက ပြောသည်။
သစ်ထုတ်လုပ်မှု ရပ်ဆိုင်းခြင်းကြောင့် အသက် ၁၈ နှစ်မှ ၅၅ နှစ် အရွယ်အတွင်း အချို့သော အလုပ်သမားဆင်များကို အဓိကအားဖြင့် စစ်ကိုင်းတိုင်းနှင့် အခြားသစ်ထုတ်လုပ်မှု ခွင့်ပြုထားဆဲနေရာများသို့ ပြောင်းရွှေ့ပေးမည် ဖြစ်သည်။ အချို့သော သစ်ထုတ်လုပ်ရေး ဒေသများမှာ ထုတ်လုပ်ခွင့် ယာယီပိတ်ပင်ခြင်းသာ ဖြစ်သည်။
ပထမအဆင့်တွင် ပဲခူရိုးမမှ ဆင် ၇၅ ကောင်၊ ဧရာဝတီတိုင်းမှ ဆင် ၁၈ ကောင်၊ တောင်တွင်းကြီး မြို့နယ်မှ ဆင် ၁၂ ကောင်တို့ကို စစ်ကိုင်းတိုင်းမှ သစ်ထုတ်လုပ်ရေး စခန်းများသို့ ယခုလအတွင်း ပြောင်းရွှေ့ပေးမည် ဖြစ်သည်။
အလုပ် လုပ်သော အရွယ်ထက် လွန်သော ဆင်များကိုမူ နိုင်ငံတဝန်းရှိ ဆင်စခန်းများသို့ ပို့ပေးမည် ဖြစ်သည်။ ဆင်စခန်း တခုလျှင် ဆင် ၁၀ ကောင်မှ အကောင် ၂၀ အထိ ထားရှိမည် ဖြစ်သည်။
ပဲခူးမြို့နယ်ရှိ ဝင်းဂဘော် ဆင်စခန်းကို ဖွှင့်လှစ်ထားသည်မှာ နှစ်လခန့် ကြာပြီ ဖြစ်သော်လည်း ဧည့်သည်များ အတွက် အသုံးအဆောင်နှင့် အဆောက်အဦများ လိုအပ်နေဆဲ ဖြစ်သည်ဟု စခန်းကြီးကြပ်ရေးမှူး မရွှေစင်က ပြောသည်။
“ကျမတို့မှာ နောက်ထပ် အသုံးအဆောင်နဲ့ အဆောက်အဦတွေ လိုနေသေးတယ်၊ ဒါပေမယ့် ခွင့်ပြုငွေက မလုံလောက်ဘူး။ တဖြည်းဖြည်းနဲ့တော့ အဆင်ပြေသွားမယ်ထင်ပါတယ်” ဟု သူမက ပြောသည်။
ဝင်းဂဘော်စခန်းတွင် လတ်တလော ဆင် ၁၁ ကောင် ရှိသည်။ ဧက ၈၀ ကျယ်သော ထိုစခန်းကို ယခင်က သစ်ထုတ်လုပ်ရေး ကိရိယာများ သိုလှောင်ရန် အသုံးပြုခဲ့သည်။
ထိုစခန်းတွင် ဧည့်သည်များသည် ဆင်စီးခြင်း၊ အစာကျွေးခြင်းနှင့် ဆင်များကို ရေချိုးပေးခြင်းကို ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်သည်။ ဝင်ကြေးမှာ ပြည်တွင်း ဧည့်သည်များ အတွက် ၁၀၀၀ ကျပ် ဖြစ်ပြီး နိုင်ငံခြားသားများ အတွက် ၂၀၀၀၀ ကျပ် ဖြစ်သည်။ ဆင်စီးခ အတွက် ၅၀၀၀ ကျပ် ထပ်မံ ပေးဆောင်ရမည် ဖြစ်သည်။
“ဆင်တကောင်ကို တနှစ် ထိန်းသိမ်းထားဖို့ ကျပ်ငွေ ၂၈ သိန်းလောက် ကုန်တယ်။ ဒါကြောင့် သူတို့ အတွက်ငွေလိုတယ်” ဟု မရွှေစင်က ပြောသည်။
ဆင်စခန်းရှိ ဆင်ငယ်များ အလုပ် လုပ်နိုင်သော အရွယ် ရောက်လာပါက ၎င်းတို့ကို ရွှေ့ပြောင်းမည် ဖြစ်သည်။ သစ်ထုတ်လုပ်ရေး စခန်းများမှ အသက် ၅၅ နှစ်ပြည့်သော ဆင်များကိုမူ ဆင်စခန်းများသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။
အမျိုးသား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ သစ်တောရေးရာ ဝန်ကြီးဌာနသည် ၁၀ နှစ်ကြာ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းထားသည့် ကာလအတွင်း ပဲခူးရိုးမ တောင်တန်းရှိ ကန့်သတ် သစ်တောများကို ထိန်းချုပ်မည် ဖြစ်သည်။
ထိုဝန်ကြီးဌာနသည် သစ်ပင်သစ် ပြန်စရန်၊ လက်ရှိ သစ်တောများကို ဆက်လက်ထိန်းသိမ်းရန်နှင့် တရားမဝင် သစ်ခိုးထုတ်ခြင်းကို တားဆီးရန် စီစဉ်ထားသည်။ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည်လည်း သစ်တောပြုန်းတီးမှု ကာကွယ် ထိန်းသိမ်းရန် အတွက် ပညာပေး အစီအစဉ်များသို့ တက်ရောက်ရမည် ဖြစ်သည်။ ။