ဂျပန်ကားကုမ္ပဏီ နစ်ဆန်းမော်တာ Nissan Motor က မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရေး ရောင်းချနိုင်ရန် စီစဉ်နေပြီဖြစ်သည်။
ပြည်တွင်း စီးပွားဖက်ဖြစ်သည့် Tan Chong Motor (Myanmar) ၏ စက်ရုံတခုတွင် Sunny ဆီဒင်ကားများ တပ်ဆင်နေ သည်ဟု နစ်ဆန်းမော်တာက ဇန်နဝါရီလ ၁၈ ရက် နေ့တွင် ပြောသည်။ မြန်မာနိုင်ငံအတွင်းတွင် တနှစ်လျှင် ကား အရေ အတွက် ရာဂဏန်း အနည်းငယ်မျှ ရောင်းချနိုင်ရန် စီစဉ်ထားသည်။
၂၀၁၆ ခုနှစ်တွင် Tan Chong Motor နှင့် Nissan တို့က ရန်ကုန်နှင့် များစွာ မဝေးသည့် ပဲခူးဒေသတွင် စက်ရုံ ဆောက်လုပ်ရန် မြေနေရာ ရရှိခဲ့သည်။ စက်ရုံသစ်တည်ဆောက်ရေး လုပ်ငန်းများကို ယခုနှစ်ကုန်ပိုင်းတွင် စတင်မည်ဖြစ် ပြီး ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားသည်။ တနှစ်လျှင် ကားအစီးရေ ၁၀၀၀၀ ထုတ်လုပ်နိုင်မည်ဟု Nissan က ဆိုသည်။ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၅၀ အထိဖြစ်လာနိုင်သည်ဟု လည်းသိရသည်။
နစ်ဆန်းက မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် မှ စတင်၍ မော်တော်ယာဉ်များ ရောင်းချခဲ့သည်။ SUV ကားများ၊ ထရပ်ကားငယ် များနှင့် အခြား ထုတ်ကုန်များကို ဂျပန်၊ ထိုင်းနိုင်ငံနှင့် အခြားနေရာများမှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကားဈေးကွက်သို့ တနှစ် လျှင် ကားစီးရေ ၁၀၀၀၀၀ ခန့် ဝင်ရောက်နေပြီး ၉၀ ရာခိုင်နှုန်းခန့်မှာ ဂျပန်နိုင်ငံမှ တင်သွင်းသော တပတ်ရစ်ကားများ ဖြစ်သည်။ ဝင်ရောက်လာသည့် ကားသစ် အရေအတွက် မှာ တနှစ် လျှင် ၅၀၀၀ ခန့် သာရှိသည်။
မြန်မာနိုင်ငံတွင် ကားတင်သွင်းမှု စည်းကမ်း နှင့် ဥပဒေ အပြောင်းအလဲများကြောင့် မော်တော်ကားသစ် ဈေးကွက် သိသိသာသာ တိုးတက်လာလိမ့်မည်ဟု လည်း Nissan က မျှော်လင့်ထားသည်။
လုံခြုံစိတ်ချမှုရှိစေရေး နှင့် ကားထုတ်လုပ်သူများကို ပြည်တွင်းသို့ ဆွဲဆောင်နိုင်ရေး ကိုရည်ရွယ်၍ မြန်မာအစိုးရက တပတ်ရစ်ကားများတင်သွင်းခြင်းကို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ကားအသစ်ဈေးကွက် တိုးတက်လာမည်ဟု မျှော်လင့်ရသည်။
ပြည်တွင်းတွင် ထုတ်လုပ်ခြင်းကြောင့် သေးငယ်သော်လည်း တိုးတက်လာနေသည့် ဈေးကွက်တွင် လက်ဦးမှု ရယူနိုင်လိမ့် မည်ဟု Nissan က ခန့်မှန်းထားသည်။ ပြိုင်ဘက်များ ဖြစ်သည့် Toyota Motor နှင့် Ford Motor တို့ကလည်း မြန်မာနိုင်ငံ တွင် လုပ်ငန်းများ လုပ်ကိုင်နေကြပြီ ဖြစ်သည်။ Suzuki Motor က ရန်ကုန်မြို့အနီးရှိ သီလဝါ အထူးစီးပွားရေး ဇုန်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်၍ စက်ရုံသစ်တခု တည်ဆောက်နေပြီ ဖြစ်သည်။