စီးပွားရေး

မန်းစည်ပင် လေလံလုပ်ငန်းလိုင်စင် ၁၂၁ ခု မည်သူမဆို ယှဉ်ပြိုင်လျှောက်ထားနိုင်

Want create site? Find Free WordPress Themes and plugins.

လာမည့်ဘဏ္ဍာနှစ်အတွက် မန်းစည်ပင်က ရောင်းချမည့် အိတ်ဖွင့်လေလံ လုပ်ငန်းလိုင်စင်များကို မည်သည့်လုပ်ငန်းရှင်မဆို ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်ဇောအောင်က “စည်ပင်က အရပ်ရပ်ဆိုင်ရာ လေလံကို အများပြည်သူတွေ သိစေချင်တာရယ်၊ လုပ်ငန်းရှင်တိုင်း ရိုးသားစွာ ယှဉ်ပြိုင်ခွင့်ရဖို့ အခုလို ခေါ်ယူရှင်းလင်းတာဖြစ်တယ် ” ဟု ဇန်နဝါရီ ၁၇ ရက်က မန်းစည်ပင်ခန်းမ၌ ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

လာမည့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပထမအကြိမ် အိတ်ဖွင့်လေလံရောင်းချမည့် လုပ်ငန်းလိုင်စင်များတွင် တည်းခိုခန်း လုပ်ကိုင်ခွင့်၊ အပေါင်ဆိုင်လုပ်ငန်း လုပ်ကိုင်ခွင့်၊ ကူးတို့လုပ်ငန်း လုပ်ကိုင်ခွင့်၊ ဂိုထောင်ငှားရမ်း လုပ်ကိုင်ခွင့်၊ ဆိပ်ကမ်းအခွန်ကောက် လုပ်ငန်း၊ ဈေးကောက် လုပ်ငန်း၊ ရေချိုးခန်း၊ အိမ်သာကောက်ခံခွင့်၊ ယာဉ်ရပ်နားခ ကောက်ခံခွင့်စသည့် စည်ပင်လုပ်ငန်းလိုင်စင် အမျိုးအစား ၁၂၁ မျိုး ပါဝင်ကြောင်း ၎င်းက ဆက်သည်။

ထိုလုပ်ငန်းလိုင်စင်များကို လာမည့် ဇန်နဝါရီ ၂၅၊ ၂၆၊ ၂၇ ရက်တို့တွင် မန္တလေးနန်းရှေ့ဈေးအပေါ်ထပ်တွင် မန်းစည်ပင်အခွန်ဌာနက အိတ်ဖွင့်လေလံ ရောင်းချသွားမည် ဦးကျော်ဇောအောင်က ပြောသည်။

လေလံအောင် လုပ်ငန်းရှင်များ စည်ပင်အခွန်ဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက် ၁၆ မျိုးကို လိုက်နာလုပ်ကိုင်ရမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်ပါက လုပ်ငန်းရှင်များကို ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ရိုက်အရေးယူခြင်းနှင့် နောက်ဆုံးအကြိမ်အဖြစ် အမည်ပျက်စာရင်းသွင်းခြင်းတို့ကို အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်အခွန်ဌာနမှူး ဦးဝင်းမောင်က ပြောသည်။

မန္တလေးမြို့လယ် ဈေးကြီးများရှိ ကား၊ ဆိုင်ကယ် ယာဉ်ရပ်နားခ ကောက်ခံခွင့် ရရှိထားသည့် နေရာအချို့တွင် သတ်မှတ်လေလံနှုန်းထားထက် ပိုမိုကောက်ခံမှုရှိခြင်း၊ ခွင့်ပြုဧရိယာထက်ပို၍ လမ်းနယ်နိမိတ်ကို ကျုး၍ ရပ်နားထားသည်ယာဉ်များကြောင့် မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိရာ ထိုကိစ္စများ ထပ်မံပေါ်ပေါက်လာပါက မန္တလေးစည်ပင် အခွန်ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဦးဝင်းမောင်က ဆိုသည်။

မန်းစည်ပင်အခွန်ဌာနက လာမည့်ဘဏ္ဍာနှစ်အတွက် ငွေကျပ် ၄၀ ဘီလီယံ အခွန်ရရှိရန် မျှော်မှန်းထားကြောင်းနှင့် အဆိုပါ လုပ်ငန်းများ၏ လေလံကြမ်းခင်းဈေးနှုန်းများကို ယခင်ဘဏ္ဍာနှစ် ကြမ်းခင်းလေလံဈေးထက် ၁၀ ရာခိုင်နှုန်းခန့် တိုးမြှင့် သတ်မှတ်ထားကြောင်း မန်းစည်ပင်အခွန်ဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading