နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစွာ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး စီးပွားရေးအသုံးစရိတ်များကို ကြိုတင်ခန့်မှန်း လုပ်ကိုင်နိုင်ရန် ပြုစုကောက်ယူထားသည့် စီးပွားရေးဆိုင်ရာစစ်တမ်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA ) က ထုတ်ဝေလိုက်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA ) ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက “ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေ လွယ်ကူစေဖို့၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုရင် မီလီယံပေါင်းမြောက်များစွာ အသုံးပြုရမှာ ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှု အပါအဝင် စီးပွားရေး အသုံးစရိတ်တွေကို ကြိုတင်ခန့်မှန်း တွက်ချက်ပြီး ပထမဆုံးအကြိမ် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုစစ်တမ်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ( JICA )၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA ) မြန်မာနိုင်ငံသုတေသနအဖွဲ့ (MSR ) တို့ပူးပေါင်းပြီး Cost of Doing Business in Myanmar အမည်ဖြင့် စီးပွားရေးအသုံးစရိတ် ကြိုတင်ခန့်မှန်းတွက်ချက်ခြင်းများ စစ်တမ်းစာအုပ်ကို ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ ထိုစစ်တမ်းစာအုပ် မိတ်ဆက်ပွဲကို ယနေ့တွင် ဆီဒိုနားဟိုတယ်၌ ပြုလုပ်ခြင်းဖြစ်သည်။
ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက “ အခုလုပ်တာက တနိုင်ငံလုံးအတိုင်းအတာအထိ မလွှမ်းခြုံနိုင်သေးပေမယ့် လက်ရှိရင်းနှီးမြှုပ်နှံမှုမှာ အဓိကကျတဲ့ ရန်ကုန်၊ မန္တလေး၊ သီလဝါ စီးပွားရေးဇုန် ပါတယ်။ နောင်လာမယ့် ၄ နှစ် ၅ နှစ် အတွင်းမှာလည်း အလားအလာ အများကြီးရှိတဲ့ နေရာတွေကို လုပ်သွားဖို့ရှိတယ်။ အချိန်က ၃ လလောက်နဲ့ အပြီးလုပ်ခဲ့ရပေမယ့် တော်တော်များများကို လွှမ်းခြုံဖြစ်တယ်။ အများစုအနေနဲ့ Trade Investment နဲ့ ပတ်သက်လို့ တော်တော်လေး လွှမ်းခြုံဖြစ်ပါတယ်” ဟု ဆိုသည်။
ထိုစီးပွားရေးဆိုင်ရာ စစ်တမ်းစာအုပ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်မည့် လုပ်ငန်းများအတွက် သတင်းအချက်အလက်များ ရှာဖွေပေးခြင်း၊ အခွန်အခဆိုင်ရာ အချက်အလက်များ၊ သွင်းကုန်ထုတ်ကုန်ဆိုင်ရာ အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လွယ်ကူနိုင်သည့် စစ်တမ်းများကို ထုတ်ပြန်ထားပြီးဖြစ်ပြီး၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ပထမအကြိမ် စတင်ထုတ်ပြန်ခြင်း ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစွာဝင်ရောက်လုပ်ကိုင်နိုင်ရန် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုစေမည့် လျှပ်စစ်မီး ၂၄ နာရီ ရရှိနိုင်မှု အခြေအနေ၊ ဘဏ္ဍာရေးပိုင်း၊ ထောက်ပို့ သယ်ယူပို့ဆောင်ရေးပိုင်း၊ ဆက်သွယ်ရေးပိုင်း အဆင်ပြေချောမွေ့ရန် လိုအပ်နေကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
“ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် လုပ်သော်လည်းပဲ ဆက်စပ် ဝန်ကြီးဌာနတွေရဲ့ ဥပဒေတွေကလည်း ပြင်သင့်ပြင်ရမယ်။ မြေယာဥပဒေ၊ ပိုင်ဆိုင်မှု ဥပဒေတွေ ပြဌာန်းပြီးမှ ဥပဒေမှာ သက်ရောက်မှု ရှိမယ်။။ကုန်သွယ်မှု ဥပဒေ ပြန်ပြင်ဖို့ လိုတယ်” ဟု ဦးကျော်ဝင်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ အဓိက စီးဝင်နေသည့် ကဏ္ဍများမှာ ကုန်ထုတ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် ဆက်သွယ်ရေး ကဏ္ဍများဖြစ်ကြောင်း သိရသည်။