တရုတ်အခြေစိုက် Gionee ရဲ့ နောက်ဆုံးထုတ် မော်ဒယ် M2017 ကတော့ ဈေးကွက်မှာ ဘက်ထရီသက်တမ်း အကောင်းဆုံးနဲ့ အရှည်ကြာဆုံး သုံးနိုင်လာတဲ့ ဖုန်း အဖြစ်နဲ့ မိတ်ဆက်ဈေးကွက် ဝင်ရောက်လာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းကပဲ ဈေးကွက်မှာ မိတ်ဆက်ခဲ့ပြီး အခုတော့ နိုင်ငံတကာ ဈေးကွက်ထဲကို ရောက်ရှိ လာနေပြီ ဖြစ်တဲ့ Gionee ဖုန်းမော်ဒယ်သစ်က ပုံမှန်ဆိုရင် ဖုန်းတလုံးမှာ ဘက်ထရီ တလုံးသာ ထည့်သွင်းဖန်တီး နေကျ ဖြစ်ပေမယ့် အခု M2017မှာတော့ ဘက်ထရီ နှစ်လုံး ပေါင်းစပ် အထိုင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
များသောအားဖြင့် နောက်ဆုံးပေါ် စမတ်ဖုန်း အများစုမှာ 3500 mAh ဝန်းကျင် အားထိန်းနိုင်တဲ့ ဘက်ထရီတွေ ထည့်ထားတာ ဖြစ်ပြီး အခု M2017 က အဆိုပါ ဘက်ထရီ အရွယ် ၂ လုံး ထည့်ထားတာကြောင့် ဖုန်းရဲ့ ဘက်ထရီစနစ်က 7000 mAh ထိအောင် အားထိန်းလာနိုင်တာ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ ဈေးကွက်ဝင် ဖုန်းတွေ ထဲက ဘက်ထရီ သက်တမ်း အကောင်းဆုံးလို့ ဆိုနိုင်မယ့် ဗီဒီယို တဆက်တည်း ကြည့်ရှုမှု အတွက် ၂၄ နာရီ ဝန်းကျင် အသုံးပြုနိုင်မှုကို ကျော်လွန်ပြီး အခု M2017 က ဗီဒီယို တဆက်တည်း ကြည့်နိုင်မှု ၂၅ နာရီထိအောင် ရနိုင်မှာ ဖြစ်သလို Standy အနေနဲ့ ဆိုရင် ဖုန်းကို နာရီပေါင်း ၉၁၅ ထိအောင် သုံးနိုင်ပါလိမ့်မယ် တဲ့။
ဖုန်းအကြောင်း ပြောရင် အလေးချိန်က ၂၃၈ ဂရမ်ရှိမှာပါ၊ တခြား ဖုန်းတွေထက် နည်းနည်းတော့ ပိုလေးပါတယ်၊ ပြသမျက်နှာပြင်က ၅ ဒသမ ၇ လက်မ ဖြစ်လို့ ဒီနေ့ ပြည်တွင်းမှာ လူကြိုက်များနေတဲ့ ၅ ဒသမ ၅ လက်မထက် နည်းနည်းလေး ပိုကျယ်ဝန်းမှာ ပါ။ ပြသမျက်နှာပြင် စနစ်က AMOLED စနစ် ဖြစ်ပြီး နောက်ထွက် iPhone တွေမှာ သုံးမယ်လို့ သတင်းထွက်နေတဲ့ မှန်သားစနစ်မျိုး ဖြစ်ပါတယ်။ Android v6.0.1 ကို သုံးနိုင်မှာ ဖြစ်ပါတယ်။
GPU အတွက် Adreno 510 ကို သုံးထားတာ တွေ့ရပါတယ်။ ဒီအထိုင်က လူကြိုက်များ Game တွေကို ကောင်းကောင်း ကစားနိုင်မှာပါ။ Memory ကတ်နေရာ ထည့်သွင်းဖန်တီးထားတာ မတွေ့ရပဲ Internal Memory ကိုပဲ 128 GB ထည့်ထားတာ တွေ့ရပါတယ်။ RAM 6 GB အနေအထားက ဒီနေ့ ဈေးကွက်ဝင် ဖုန်းတွေထဲမှာ RAM အများဆုံး သုံးနိုင်မယ့် နှုန်းထား ဖြစ်လာပါတယ်။
နောက်ဘက် ကင်မရာကို Dual ပုံစံ ၂ လုံး ထားထားပြီး တခုက 12 MP နဲ့ နောက်တခုက 13 MP ရှိပါတယ်။ ရှေ့ဘက် ကင်မရာကတော့ 8 MP ရှိမှာပါ။ Touch Focus စနစ် သုံးနိုင်မှာ ဖြစ်လို့ သဘောကျစရာပါ။ လုံခြုံရေးစနစ် အတွက် Fingerprint ထည့်ထားတယ်။ ဘက်ထရီကို Quick Charge နဲ့ အားသွင်းမယ် ဆိုရင် နာရီဝက် အတွင်း အား ၈၃ ရာခိုင်နှုန်း သွင်းနိုင်မှာ ပါ။ ထုတ်လုပ်မှု ပုံစံ နှစ်မျိုးနဲ့ လာမှာ ဖြစ်ပြီး အရောင်ရွေးချယ်နိုင်မှုက Gold နဲ့ Black တွေ ဖြစ်ပါတယ်။
ပုံမှန် မော်ဒယ်ကတော့ ဒေါ်လာ ၁၀၀၇ (တရုတ်ယွမ် ၆၉၉၉) ပဲ ရှိမှာ ဖြစ်ပြီး ဖုန်း နောက်ဘက်မှာ အီတလီက လာတဲ့ မိကျောင်းသားရေသားနဲ့ ဖန်တီးထားတဲ့ အဆင့်မြင့် မော်ဒယ်ဆိုရင်တော့ ဈေးနှုန်းက ဒေါ်လာ ၂၄၄၆ (တရုတ် ယွမ် ၁၆၉၉၉) ကျသင့်မှာ ဖြစ်ပါတယ်။ ။