လေးထောင့်စပ်စပ် သွပ်ဒယ်ထဲက ရေ မြန်မြန်ခမ်းပြီး ဆားထွက်လာရေး မီးခိုးအူနေသော ထင်းကို မီးတောက်လာအောင် ခပ်ပြင်းပြင်း ယပ်ခတ်လိုက်သည်။ မီးခိုးစပ်နေသော မျက်လုံးကို မပွင့်တပွင့် ဖွင့်ရင်း ဆားဒယ်ကို တချက်မွှေလိုက်သူက ဟန်လင်းဒေသခံ အသက် ၆၀ အရွယ် ဒေါ်မြင့်စိန် ဖြစ်သည်။
ဆားချက်နေသော မီးဖိုအနီးတွင် ဆားထည့်ရန် ပုတ်၊ ဆားငန်ရေများ ထည့်ထားသော ရာဝင်အိုးများက အစီအရီ ရှိနေသော်လည်း ဆားထွက်ရာသီ အစဖြစ်သည့်အတွက် အလွတ်သာ ရှိနေသေးသည်။ ရွာနီးချုပ်စပ်က လာဝယ်ကြသူများကြောင့် တနေ့ချက်သောဆား တနေ့တည်းတွင် ကုန်သည်။
ဆားတပိဿာ လောက်ရလားဟု မေးရင်း ခြံဝင်းထဲ ဝင်လာသော ဈေးဝယ်ကို ဆားချိန်ပေးရင်း “ဒီအချိန်လောက်ပဲ ဈေးကောင်းတာ၊ နောက်လတွေ ရောက်ရင် ဆားဈေးက မကောင်းပါဘူးကွယ်” ဟု ဒေါ်မြင့်စိန်က ညည်းသည်။

တရွာလုံး မည်သူမျှ မချက်နိုင်သေးခင် ဆားတပိဿာ ကျပ် ၁ ထောင်ရသည်။ လှိုင်လှိုင်ပေါ်ပြီဆိုလျှင် တပိဿာ ကျပ် ၄၀ဝ အထိ ဈေးကျသဖြင့် ဈေးကောင်းရရန့် ဦးဦးဖျားဖျားထွက်ရေး သူများထက်စောပြီး ဒေါ်မြင့်စိန်တို့ မိသားစု ဆားကွင်း ပြင်ခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် အတွင်း ယူနက်စကိုက သတ်မှတ်ထားသည့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဟန်လင်း စံပြကျေးရွာသည် ကာလကြာမြင့်စွာ ကတည်းက ကုန်းတွင်းဆားချက်ကာ ဆားထုတ်လုပ်ရာ ဒေသဖြစ်ခဲ့သည်။ ယခုအချိန်ထိ တနိုင်တပိုင် ဆားချက်သည့် နေအိမ်များထဲတွင် ဒေါ်မြင့်စိန်တို့ မိသားစုလည်း ပါဝင်သည်။
မိုးလေကင်းလွတ်သည့် နတ်တော်၊ ပြာသိုလသို့ ရောက်ပြီဆိုလျှင် တနှစ်လုံး ပစ်ထားသမျှ ကိုယ့်ကွင်းသူ့ကွင်းတွင် အမှိုက်များရှင်း၊ ထယ်ရေးညက်ရန် မြေကိုပြင်ကာ ဆားချက်ရန် ပြင်ဆင်ကြသည်။ နှစ်စဉ် ဤအချိန်ရောက်တိုင်း မိရိုးဖလာလုပ်ငန်းအဖြစ် တည်ရှိနေသည့် ဆားချက်ကွင်းများတွင် ရေအိုးတလုံးစီနှင့် ဆားငံရေ စုယူနေသည့် မြေပုံပုပုလေးများ တန်းစီ မြင်တွေ့နိုင်သည်။
ရှေးနှစ် သန်းပေါင်းများစွာက ဟန်လင်းဒေသသည် ပင်လယ်ရေအောက်တွင် ရှိနေခဲ့ပြီး ပင်လယ်ရေ ဆုတ်သွားသည့်အခါ ဆားတွင်းများ ကျန်ရစ်ခဲ့ရာမှ ယနေ့တိုင် ဆားချက်နိုင်ခြင်း ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။ ဟန်လင်းဆားသည် မိုးရွာသွန်းမှု မရှိချိန် တနှစ်လျှင် နိုဝင်ဘာလမှ မတ်လအထိသာ ချက်နိုင်သည်။

ဆားချက်ရန် စတင်ပြင်ဆင်ချိန်တွင် မိုးရာသီတတွင်းလုံး ပစ်ထားသည့် ဆားမြေယာကွက်ကို နွားဖြင့် မြေစိုင်မြေခဲများကို မှုန့်ညက်လာစေရန်အထိ ထွန်ယက်ရသည်။
ထွန်ယက်ရရုံမက ထပ်မံ မြေရွလာစေရန် ဆားမြေငံ ပျိုးရန်အတွက် ဆားကွက်အတွင်း ရေသွင်းရသည်။ ဆားအထွက် ကောင်းစေရန် ရက် ၂၀ မှ ရက် ၃၀ ထိ ထားရသည်။ ဆားငံမြေ မှုန့်ညက်နေပါမှ ဆားအထွက်နှုန်း ကောင်းမည် ဖြစ်ရာ ယင်းသို့ ဆားပျိုးခြင်းသည် အဓိကအရေးပါသည့် အဆင့်တွင် ရှိသည်ဟု ဟန်လင်းဒေသခံ ဆားချက်သူများက ဆိုသည်။
ဆားငံမြေ ပျိုးပြီးပါက ရလာသည့် ဆားမြေမွမွကို ခြစ်ယူရသည်။ ဆားကွင်းတခုလုံးတွင် ရှိသောမြေကို ယူရခြင်းမဟုတ်ဘဲ မြေသားမွမွ ရှိနေသည့် အထူအပါးအလိုက် ရယူရသည်။
ဆားထွက်ပြည့်ဝသည့် ဆားငံရေ ရှိရန်အတွက် ဆားမြေ ရယူရာတွင်လည်း ကျွမ်းကျင်ရသည်။ ဆားမြေယာကွက်ထဲမှ ပထမအကြိမ် ဆားငံမြေ ရယူပြီးပါက ထပ်မံထွန်ယက်ကာ ရေသွင်းနိုင်ပြီး ဆားမြေမွမွ ထပ်မံရယူနိုင်သည်။ ဆားချက် တရာသီတွင် ယင်းသို့ လေး၊ ငါးကြိမ်ခန့် ရယူနိုင်သည်။
ခြစ်ယူရရှိထားသည့် ဆားမြေမှ ဆားရေယူရန်အတွက် ဆားမြေကြီးများကို စုပုံကာ အပေါ်ပိုင်းတွင် ဒယ်အိုးသဏ္ဌာန် ချိုင့်ခွက် ပြုလုပ်ရသည်။ ရေကျစေရန် ဆားမြေပုံအောက်ခြေတွင် ဖောက်ထားသည့် ပြွန်ပေါက်တွင် ဝါး သို့မဟုတ် ပလတ်စတစ် ပိုက်လုံးတပ်ဆင်ကာ နှုတ်ခမ်းဝတွင် ဆားရေခံသည့် သောက်ရေအိုးအရွယ် အိုးတလုံး ခံရသည်။
ယင်းသို့ ပြင်ဆင်ပြီးပါက ဆားမြေပုံပေါ်တွင် ရေကိုသင့်ရုံ လောင်းထားခြင်းဖြင့် ဆားချက်ရန် ဆားငန်ရေ တဖြည်းဖြည်း ကျနေမည်ဖြစ်သည်။ ၁၂ နာရီခန့်ကြာသော် ရေအိုးတလုံး အပြည့်နီးပါးရမည် ဖြစ်သည်။
ဆားငန်ရေ ရရှိလာပြီနှင့် တပြိုင်နက်လိုလိုပင် ဆားချက်ဖို ပြင်ဆင်ရသည်။ သောက်ရေအိုး ၁၀ လုံးခန့် ဆန့်သည့် သွပ် ဒယ်အိုးဖြင့် ချက်ရသည်။ ယင်းသို့ ဆားငန်ရေ တဒယ်ချက်လျှင် ဆားပိဿာချိန် ၂၀ ကျော် ထွက်ရှိသည်။ တနေ့လျှင် ဒယ်အိုး ၄ ဒယ်ခန့် ချက်နိုင်ပြီး ၁ ရက်လျှင် ဆားပိဿာချိန် ၁၀ဝ ဝန်းကျင် ထွက်ရှိသည်။
ဆားချက်ရန် ဆားကွင်းပြင်ဆင်ခြင်း အဆင့်ဆင့် ကျော်ဖြတ်ပြီးပါက ဆားချက်ရန်အတွက် လောင်စာမှာ ယနေ့ခေတ် အခြေအနေအရ ခက်ခဲလှသည်။ ဆားချက်ရန် ထင်း သို့မဟုတ် စပါးခွံ လိုအပ်သဖြင့် ထင်းဈေးကြီးခြင်းနှင့် သယ်ယူပို့ဆောင်ရေး စရိတ်ကြီးသဖြင့် ဆားအမြတ် အကျန်နည်းသည်။ ဆားကွင်းပြင်ရာတွင် မိသားစုလုပ်အားဖြင့် လူငှားခ သက်သာစေသော်လည်း လောင်စာစရိတ် ထောင်းလှသည်။
ဆားမြေ ၁ ဧက ချက်လျှင် ဆားချက်ရာသီအတွင်း အသုံးပြုရသည့် လောင်စာသည် ထင်းလှည်းစီးတိုက် ၄၀ ဝန်းကျင် ရှိသည်။ ထင်းလောင်စာ မသုံးပါက စပါးခွံလှည်း ၁ စီးတိုက်စာဖြင့် ဆားချက်ပါက ပိဿာချိန် ၁၀ဝ ခန့် ထွက်သည်။
ဟန်လင်းဒေသတွင် ဆားမြေ ၁ ဧကအတွက် ဆားချက်ရာသီ ၄ လကြာချိန်တွင် ဆားပိဿာချိန် ၃ ထောင်ဝန်းကျင်ခန့် ထွက်ရှိသည်။
ဟန်လင်းဒေသတွင် ဆားတပိဿာလျှင် ကျပ် ၄၀ဝ၊ ၅၀ဝ ဝန်းကျင် ပေါက်ဈေးရှိရာ ဆားချက် တရာသီအတွက် ကျပ် ၁၂ သိန်း နီးပါး ရတတ်သည်။ သဘာဝမြေမှ ထုတ်လုပ်သည် ဆိုရာတွင် လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် လူငှားခ၊ လောင်စာခစသည့် အထွေထွေ ကုန်ကျစရိတ်သည် ဆားချက် ၁ ရာသီအတွက် ကျပ် ၅ သိန်းဝန်းကျင်ခန့် ကုန်ကျတတ်သည်ဟု ဆားချက်လုပ်ငန်းရှင် တဦးက ဆိုသည်။
ဆားချက်လုပ်ငန်းသည် သဘာဝအပေါ် မှီခိုရသည့် လုပ်ငန်းဖြစ်ရာ မိုးကောင်းသည့်နှစ် ဖြစ်လျှင် ဆားထွက်နှုန်း ကျဆင်းတတ်သဖြင့် ထွက်နှုန်းသေချာသည့် လုပ်ငန်းတခုတော့ မဟုတ်ပေ။
ထို့ကြောင့် ဆားကွင်းပိုင်ရှင် အနေဖြင့် မိသားစုဝင် လုပ်အားရှိပါမှ ကိုယ့်အတွက် ကျန်နိုင်သဖြင့် လူငှားဖြင့် ချက်ရသည့် ဆားကွင်းပိုင်ရှင် တချို့သည် ဆားမချက်ကြတော့ဘဲ တခြားလုပ်ငန်း ပြောင်းလဲ လုပ်ကိုင်လာကြသည်။ ဆားထွက်သည့် မြေအကျယ်အဝန်းမှာ တောင်မြောက် ပေ ၁ သောင်း၊ အရှေ့အနောက် ပေ ၃၅၀ဝ ဝန်းကျင် ကျယ်ဝန်းသော်လည်း ဆားလုပ်ငန်း မကောင်း၍ လူနေအိမ် လိုအပ်ချက်ကို အဆိုပါ ဆားထွက်သည့်မြေက ဖြည့်ဆည်းလျက်ရှိသည်။
မြို့ပြများအဖြစ် တည်ရှိခဲ့သည့် ဟန်လင်းဒေသသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄ ထောင်ကျော်ခန့် ကတည်းက စိုက်ပျိုးမြေ ကာင်းခြင်းအပြင် ဆားထွက်သည့်မြေကြောင့် လူနေထိုင်ရန် ဆွဲဆောင်မှုတခု ဖြစ်နိုင်ကြောင်း ဆရာဝန် တင်မောင်ကြည် (မန္တလေး) ရေးသားထားသည့် ဟန်လင်းစာအုပ်တွင် ဖော်ပြထားသည်။
ယူနန်ပြည်နယ်အထိ ဆားတင်ပို့ခဲ့ရသည့် ဟန်လင်းဆားသည် မြန်မာပြည် အရပ်ရပ်က ဝယ်ယူမှု နည်းပါးလာပြီး အတိတ်က ရွှေရောင်အိပ်မက်အဖြစ် ကျန်နေခဲ့သည်။ ဆားထွက်ကောင်းသည့် ဒေသဖြစ်သည့်အလျောက် ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း လက်ထက်တွင် ဆားတော်အုပ်တဦး ခန့်အပ်ကာ ဆားထွက်ကုန်ကို ကြီးကြပ်စေသည်။
သို့သော် လက်ရှိ အချိန်တွင်မူ အိမ်တိုင်း မရှိမဖြစ် စားသောက်ကုန်ဖြစ်သော်လည်း ဟန်လင်းဆားကို ဆားကွင်းပိုင်ရှင်များ ဈေးကွက် ထိုးဖောက်နိုင်မှု မရှိပေ။ ကုန်းတွင်းဆားဖြစ်သဖြင့် သန့်ရှင်းမှုအပိုင်းတွင် အာမခံချက် မပေးနိုင်စောကြောင့် ဈေးကွက် မရခြင်း ဖြစ်နိုင်ကြောင်း၊ ဟန်လင်းဆားကို ဓာတ်ခွဲစမ်းသပ်ကာ ကျန်းမာရေးနှင့် ညီညွတ်ကြောင်း တံဆိပ်တပ်နိုင်ပါက ဈေးကွက်ကောင်းလာနိုင်ကြောင်း ဆားချက်သူတို့က မျှော်လင့်နေသည်။
လက်ရှိအချိန်တွင်မူ ဟန်လင်းဆားကို ဆားကုန်သည်များ လာရောက်ဝယ်ယူသူ ကုန်သည်နည်းကာ ဈေးမရသဖြင့် မြန်မာ နိုင်ငံအထက်ပိုင်း ဧရာဝတီမြစ်ရိုး တလျှောက်ရှိ ကျေးရွာများသို့ သွားရောက် ရောင်းချရသည်ဟု ဒေသခံ ဆားချက်သူတို့က ဆိုသည်။ ယင်းသို့ ရောင်းချရာတွင် ငွေကြေးဖြင့် မဟုတ်ဘဲ နှမ်း၊ ပဲမျိုးစုံ စသည့် သီးနှံများဖြင့် ဆားကို ကုန်ပစ္စည်းချင်း တိုက်ရိုက်ဖလှယ်ရပြန်သည်။
လျှပ်စစ်မီးမရှိ၊ လက်ကိုင်ဖုန်းလည်း မရှိသည့် ဒေါ်မြင့်စိန်တို့ မိသားစုသည် သားသမီးများကို ရင်အုပ်မကွာထားကာ တနယ် တကျေးသို့ သွားရောက် ငွေမရှာရစေရန် ဆားချက်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဘိုးစဉ်ဘောင်ဆက် ဆားကွင်း ပိုင်ဆိုင်ထားသူမို့ အိမ်တွင်းစီးပွားတခုအနေနှင့် ဆက်လက် လုပ်ကိုင်နေရသော်လည်း အားရလှသည့် လုပ်ငန်းတခုအဖြစ် ရှိမနေတော့ပေ။