Droneရဲ့ မူလ အမည်က Unmanned Aerial Vehicle (လူမဲ့လေကြောင်းသွားယာဉ်) ဖြစ်ပါတယ်။ ဈေးကွက်မှာတော့ Droneလို့ လူသိများပါတယ်။ ပြည်တွင်းမှာလည်း Droneတွေ အသုံးများလာတဲ့ အနေအထားမှာ Drone နဲ့ ပတ်သတ်တဲ့သိကောင်းစရာလေးတွေ ဖော်ပြလိုက်ပါတယ်။
Droneကို စစ်ဘက်ဆိုင်ရာမှာ ကင်းထောက်ဖို့၊ လက်နက်တွေ တပ်ဆင်ပြီး တိုက်ခိုက်ပစ်ခတ်ဖို့တွေလည်း သုံးနိုင်သလို ပုံမှန် လူမှုအသိုင်းမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးမှုက အစ လေ့လာစမ်းသပ်ရေး၊ ပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေး စတဲ့ နယ်ပယ်စုံမှာ အသုံးပြုကြပါတယ်။
ကမ္ဘာ့ ပထမဆုံး Drone လို့ ဆိုနိုင်မယ့် လူမဲ့ လေကြောင်းသွားယာဉ် (UAV) ကို ၁၈၄၉ခုနှစ်ကတည်းက အသုံးပြုနေနိုင်ပြီ ဖြစ်ပါတယ်။ သြစတြီးယားက ဗင်းနစ်ကို တိုက်ခိုက်ဖို့ အတွက် ဗုံးတွေ အပြည့့်ဖြည့်ထားတဲ့ လူမဲ့မိုးပျံဘောလုံးယာဉ်ကို ဖန်တီး လွှတ်တင်ခဲ့တာပါ။
စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်မယ့် UAVတွေ Droneတွေကိုတော့ ၁၉၀၀ပြည့်လွန်နှစ်တွေမှာမှ စမ်းသပ် ဖန်တီးလာနိုင်တာ ဖြစ်ပါတယ်။
Droneအမျိုးအစား ၆ခု ရှိပါတယ်။ (၁) တည်နေရာနဲ့ မြေပုံပြယာဉ်၊(၂) တိုက်ခိုက်ရေးသုံးယာဉ်၊(၃) အထူးတိုက်ခိုက်ရေးသုံးယာဉ်၊ (၄) သယ်ယူပို့ဆောင်ရေးယာဉ်၊(၅) စမ်းသပ်ယာဉ်နဲ့ (၆) အများသုံးယာဉ်တွေ ဖြစ်ပါတယ်။
ပုံမှန် လမ်းမှာ Remoteဒါမှမဟုတ် အက်ပလီကေးရှင်းနဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ Droneတွေက အမြင့် မီတာ ၆၀၀လောက်ထိအောင် တက်နိုင်ပြီး ၂ ကီလိုမီတာ အတွင်းကနေ ထိန်းချုပ်နိုင်ပါတယ်။ Closseလို့ ခေါ်တဲ့ လေ့လာရေးသုံးယာဉ်တွေကတော့ မီတာ ၁၅၀၀အထိ တက်နိုင်ပြီး ၁၀ကီလိုမီတာ အတွင်းက ထိန်းနိုင်ပါတယ်။ NATOက အသုံးပြုတဲ့ ယာဉ်တွေက ပေ ၁သောင်းလောက်အထိ တက်နိုင်ပြီး ၅၀ ကီလိုမီတာကနေ ထိန်းနိုင်ပါတယ်။ အစိုးရသုံးယာဉ်တွေမှာတော့ ပေ ၁၈၀၀၀ထိ တက်နိုင်ပြီး ကီလိုမီတာ ၁၆၀အတွင်း ထိန်းနိုင်ပါတယ်။ MALEလို့ ခေါ်တဲ့ အဆင့်မြင့် အလတ်စား အုပ်စုကတော့ ပေ ၃သောင်းလောက်အထိ တက်နိုင်ပြီး ၂၀၀ကီလိုမီတာအတွင်းလောက်ထိအောင် အလုပ်ဖြစ်ပါတယ်။ HALEလို့ ဆိုရမယ့် အဆင့်မြင့် အကောင်းစား အုပ်စုကတော့ ပေ ၃သောင်းတက်နိုင်သလို ထိန်းချုပ်နယ်ကို ပြောဖို့ ခက်ပါတယ်။ သေချာတာကတော့ MALEရဲ့ ထိန်းချုပ်နိုင်မှုက ကီလိုမီတာ ၂၀၀အထက် ပိုမှာပါ။ Hypersonicတန်းဝင်တွေကတော့ ပေ ၅သောင်းလောက်ထိအောင် တက်နိုင်ပြီး ကီလို ၂၀၀အတွင်း အလုပ်ဖြစ်ပါတယ်။ နောက်ထပ် Droneတွေကတော့ ကမ္ဘာ့ပတ်လမ်းအတွင်းက ယာဉ်တွေနဲ့ CISလို့ ခေါ်တဲ့ ကမ္ဘာနဲ့လကို ကူးလူးနေတဲ့ လူမဲ့ယာဉ်တွေ ဖြစ်ပါတယ်။
အထက်မှာ Droneအုပ်စု ၆ခုရှိပေမယ့် သူတိ့ုကို ပြန်ခွဲရင် ၂ ခုရပါတယ်။ စစ်ဘက်သုံးနဲ့ လူမှုဘဝသုံး ဖြစ်ပါတယ်။ စစ်ဘက်သုံး Droneဈေးကွက်ကို ဦးဆောင်နေသူကတော့ အမေရိကန်ပါ။ ၂၀၀၆ခုနှစ်လောက်ကတည်းက Droneဈေးကွက်ရဲ့ ၆၀ရာခိုင်နှုန်းလောက်ကို ရထားပါတယ်။ အမေရိကန်ရဲ့ နောက်မှာ အစ္စရေး ရှိပါတယ်။ ဒါပေမယ့် Droneဈေးကွက်စတင်ရောင်းချခဲ့တဲ့ ၁၉၈၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အတွင်း ပြန်ကြည့်ရင်တော့ အစ္စရေးက ဈေးကွက် ၆၀ ဒသမ ၇ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ခဲ့ပြီး အမေရိကန်က ၂၃ ဒသမ ၉ရာခိုင်နှုန်းလောက် ရခဲ့ပါတယ်။
လူမှုဘဝသုံး Droneဈေးကွက်မှာ ဦးဆောင်နေသူကို ကြည့်မယ် ဆိုရင်တော့ တရုတ်အခြေစိုက် DJIပဲ ဖြစ်ပါတယ်။ သူက ၂၀၁၄ခုနှစ်အတွင်းမှာတင်တကမ္ဘာလုံးကို ဒေါ်လာ သန်း ၅၀၀ဖိုးလောက် ရောင်းချနေရသလို သူ့နောက်မှာတော့ ပြင်သစ် အခြေစိုက် Parrotက သန်း ၁၁၀ဖိုး၊ အမေရိကန် အခြေစိုက် 3DRoboticsက ၂၁ ဒသမ ၆သန်းဖိုးလောက် ရောင်းချနေရတာပါ။ ။
Ref: www.wikipedia.comwww.businessinsider.com