ပြည်ပ ခရီးသွား ဝင်ရောက်မှု ကိန်းဂဏန်း ဖော်ပြချက်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ မဖြစ်ပေါ်စေရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ၊ ကမ္ဘာ့ဘဏ်၊ ဗဟိုဘဏ်နှင့် ဗဟို စာရင်းအင်းဌာနတို့နှင့် ပူးပေါင်း၍ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
ယခင်က ပြည်ပ ခရီးသွား ဝင်ရောက်မှု ကိန်းဂဏန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သီးသန့် စီမံခန့်ခွဲသည့် ကိန်းဂဏန်း ပေါ်တွင်မူတည်၍ ထုတ်ပြန်ခဲ့ခြင်းသော်လည်း ကိန်းဂဏန်းများ ကွဲလွဲမှု ရှိနေသဖြင့် ဌာနများ ပူးပေါင်း၍ ထုတ်ပြန်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
“ယခင်တုန်းက ကိန်းဂဏန်းတွေနဲ့ ဆက်နွယ်တွေတာတွေက ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းညှိနှိုင်းတာတွေ လုပ်တာ မရှိခဲ့တော့ လဝက ကိန်းဂဏန်းက တမျိုး၊ အမျိုးသားစီမံကိန်း ကိန်းဂဏန်းက တမျိုးဖြစ်နေတာ။ အခုက ကိန်းဂဏန်းတွေနဲ့ ဆက်စပ်နေပြီး ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး အတည်ပြုချက် တခုတည်းကို ထုတ်ပြန်သွားမယ်”ဟု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးကပြောသည်။
လက်ရှိ ခရီးသွားဝင်ရောက်မှုစာရင်း ကောက်ယူမည့် ပုံစံသစ်တွင် လေဆိပ်များမှတဆင့် ပတ်စ်ပို့၊ ဗီဇာတို့ဖြင့် ဝင်ရောက်လာသူများ ကိုသာ အခြေခံ ကောက်ယူကာ နယ်စပ်မှ တဆင့် ဝင်ရောက်လာသည့် ခရီးသွား အရေအတွက် ကိန်းဂဏန်းများကို ထည့်သွင်းတွက်ချက်ခြင်း မရှိတော့ကြောင်း သိရသည်။
ယခင်က၂၀၁၆ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှု ကနဦးဖော်ပြချက်မှာ ၄ ဒဿမ ၆၆ သန်းရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သော်လည်း ဌာနများ ပူးပေါင်း စုစည်း ထုတ်ပြန်ခဲ့ရာတွင် ခရီးသွား ဝင်ရောက်မှုသည် ၂ ဒဿမ ၉ သန်းသာ ရှိကြောင်း၊ စာရင်းသစ်အရ ပြည်ပခရီးသွား ဝင်ရောက်မှုနှုန်းသည် ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၈ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်ကလည်း “အရင်တုန်းက ဝန်ကြီးဌာနရဲ့ သီးသန့် စီမံခန့်ခွဲမှုနဲ့ တွက်ချက်ခဲ့တာ ဖြစ်တယ်။ အခုက လူဝင်မှု ကြီးကြပ်ရေးဌာန၊ မြန်မာနိုင်ငံ၏ ကိန်းဂဏန်း အချက်အလက် တွေကို ထိန်းသိမ်းတဲ့ နိုင်ငံ ဆိုင်ရာ ဗဟိုစာရင်းအင်းဌာန၊ ကမ္ဘာဘဏ်၊ ဗဟိုဘဏ်နဲ့ပါ ပူးပေါင်း ဆောင်ရွက်ထားတဲ့ အငြင်းပွားဖွယ်မရှိတဲ့ နည်းလမ်းကို သုံးလိုက်တာ ဖြစ်တယ်”ဟု ဆိုသည်။
နိုင်ငံခြားခရီးသွား ဧည့်သည်များ ပြည်တွင်းသို့ လာရောက်လည်ပတ်ရာတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက်များ ဖြစ်သည့် ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ လည်းကောင်း၊ နယ်စပ်ဂိတ် ဝင်ပေါက်များဖြစ်သည့် မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ ကော့သောင်းမြို့တို့မှ လည်းကောင်း၊ မူဆယ်၊ ကန်ပိုက်တီး၊ တမူး နယ်စပ်ဝင်ပေါက်များ မှလည်း ခွင့်ပြုမိန့်ဖြင့် ဝင်ရောက်လည်ပတ်ကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။