မန္တလေးမြို့၌ တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာချိန်တွင် မန်းကုန်စည်အရောင်းအဝယ်နှင့် ကုန်စည်စီးဆင်းမှု အေးစက်လာကြောင်း မန္တလေးမြို့ခံ ကုန်သည်များက ပြောသည်။
မန္တလေးမြို့၏ အဓိက စီးပွားရေး လုပ်ငန်းများဖြစ်သည့် အိမ်ခြံမြေ၊ ကျောက်စိမ်း၊ ကောက်ပဲသီးနှံ တင်ပို့ရောင်းဝယ်ရေး လုပ်ငန်းများသည် အများအားဖြင့် တရုတ်ဝယ်လက်ကို မှီခိုနေရကြောင်းနှင့် ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာချိန်တွင် လုပ်ငန်းအများစုမှာ အရောင်းအဝယ် မရှိသလောက် ရပ်ဆိုင်းသွားလေ့ ရှိသည်ဟု မန္တလေးမြို့ခံ ကုန်သည်တချို့က ပြောသည်။
မန္တလေး ပဲနှမ်းကုန်စည်ဒိုင်မှ ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဦးကျော်သွင်က “ တရုတ်နှစ်ကူးချိန်ဆိုတော့ အချို့တရုတ်တွေက ပြန်သွားကြပြီ။ သူတို့ပြန်ကြတော့ ဒိုင်မှာ အရောင်းအဝယ်က မရှိသလောက်ပဲ” ဟု ဆိုသည်။
အလားတူ တရုတ်သို့ တင်ပို့နေရသည့် ဆန်၊ သကြားစသည့် ပို့ကုန်များသည်လည်း တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာချိန်တွင် တင်ပို့မှုများ ရပ်နားထားသဖြင့် တရုတ်သို့တင်ပို့နေရသည့် ဆန်အမျိုးအစားများ ဈေးအနည်းငယ် ကျဆင်းလာသော်လည်း သကြားဈေးမှာ အပြောင်းအလဲ မရှိကြောင်း ကုန်သည်များက ပြောသည်။
ကျောက်စိမ်းဈေးကွက်နှင့် ပတ်သက်ပြီး မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းရှိ “ပွင့်ကောင်း” ကျောက်မျက်ပွဲရုံပိုင်ရှင် ဦးသန်းဝင်းက “ နှစ်ကူးခါနီးပြီဆိုတော့ ခါတိုင်းနှစ်တွေလိုပါပဲ အရောင်းအဝယ် မကောင်းတော့ဘူး။ ကုန်ကြမ်းလိုတဲ့ မြန်မာအချင်းချင်းလောက်ပဲ အောက်ကျောက်တွေ (တန်ဖိုးနိမ့်ကျောက်) ရောင်းကြ၊ ဝယ်ကြတာပဲ ရှိတယ်” ဟု ပြောသည်။
တတိယအကြိမ်ပြင်ဆင်မည့် ကျောက်မျက်ဥပဒေတွင် တူးဖော်ရေးနှင့် ရောင်းဝယ်ရေးတို့၌ ထိန်းချုပ်မှုများ ပါဝင်လာပါက တရုတ်နှစ်ကူးပြီးချိန်တွင် ကျောက်စိမ်းဈေးကွက် တကျော့ပြန် ကောင်းလာနိုင်မည့် အလားအလာ ရှိနေသည်ဟု မန္တလေးအခြေစိုက် ကျောက်ကုန်သည်များက ခန့်မှန်းပြောဆိုသည်။
မန်းအိမ်ခြံမြေဈေးကွက်တွင် လတ်တလော၌ မန္တလေးမြို့သစ်ဝန်းကျင်ရှိ ငွေကျပ်သိန်း ၁,၀၀၀ ဝန်းကျင် မြေကွက်များ အရောင်းအဝယ် ဖြစ်နေကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
မန်းအိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌဦးတင်မောင်က “တရုတ်နှစ်ကူးနား နီးပြီဆိုပေမယ့် အရောင်းအဝယ် သွက်နေတယ်။ အိမ်ခြံမြေက အလုပ်မဖြစ်တာ ကြာပြီဆိုတော့ တချို့နေရာတွေမှာ ဈေးကျတာတွေ ရှိတယ်။ အဲဒီမြေကွက်တွေ အခုအရောင်းအဝယ် ဖြစ်နေတယ်။ ပြောရရင်တော့ လျှော့ဈေးနဲ့ အရောင်းအဝယ်ဖြစ်တဲ့ သဘောပါ၊ တရုတ်နှစ်ကူးနဲ့ မဆိုင်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးအိမ်ခြံမြေ ဈေးကွက်သည် ၂၀၁၁ ခုနှစ်က ဈေးကွက်အကောင်းဆုံးနှင့် အရောင်းသွက်ဆုံး ဖြစ်ခဲ့ပြီးနောက်ပိုင်း ဆက်တိုက်အရောင်းအဝယ် ကျဆင်းလာခဲ့ရာမှ ၂၀၁၆ နှစ်ကုန်ပိုင်းမှ စတင်၍ အိမ်ခြံမြေဈေးကွက် တကျော့ပြန် သွက်လာခြင်း ဖြစ်သည်ဟု မန်းအိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။