ရေလွှမ်းမိုးမှုနှင့် တရုတ်နိုင်ငံမှ ဝယ်လိုအား နှေးကွေးလာသောကြောင့် ယခုဘဏ္ဍာနှစ်အတွင်း ဆန်တင်ပို့မှုကျဆင်းကြောင်း ဆန်စပါးအသင်းချုပ်က ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဆန်တင်ပို့မှုမှာ တန်ချိန်တသန်းရှိမည်ဟု ခန့်မှန်းရပြီး၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က တင်ပို့ခဲ့သည့်တန်ချိန် ၁.၃ သန်းထက် လျော့နည်းနေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
၂၀၁၆ ခုနှစ် ဧပြီမှ ဒီဇင်ဘာလအတွင်း ဆန်တန်ချိန် ၈ သိန်း တင်ပို့ခဲ့ပြီး အဓိကအားဖြင့် တရုတ်၊ ဥရောပသမဂ္ဂနှင့် အနောက်အာဖရိကနိုင်ငံများသို့ တင်ပို့ခဲ့သည်ဟု ဆန်စပါးအသင်းချုပ်၏အဆိုအရ သိရသည်။
“ကျနော်တို့ အခု သီရိလင်္ကာအစိုးရနဲ့ အဲဒီကို ဆန်တင်ပို့ဖို့ ဆွေးနွေးနေပါတယ်။ ရာသီဥတုပြဿနာကြောင့် သူတို့ ဆန်မလုံမလောက်ဖြစ်နေတယ်”ဟု ဦးရဲမင်းအောင်က ပြောပြီး ထိုကြောင့် ယခုနှစ် တန်ချိန်တသန်း တင်ပို့နိုင်မည်ဟု ခန့်မှန်းကြောင်း ရှင်းပြသည်။
မြန်မာနိုင်ငံတွင် မိုးစပါးကို ဇွန်လနှင့် သြဂုတ်လအတွင်း စိုက်ပျိုးပြီး အောက်တိုဘာလဆန်းတွင် ရိတ်သိမ်းသည်။ ဆည်မြောင်း မလုံလောက်သောကြောင့် နွေစပါးကို ပမာဏအနည်းငယ်သာ စိုက်ပျိုးပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် စိုက်ကာ ဧပြီလဆန်းတွင် ရိတ်သိမ်းသည်။
ယခုနှစ် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဧပြီနှင့် အောက်တိုဘာ အပါအဝင် အခြေအနေမကောင်းသည့်လ ရှိခဲ့သည်ဟု ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှ ဆန်ကုန်သည် ဦးချမ်းသာဦးက ပြောသည်။
တရုတ်နိုင်ငံသို့ရောင်းချသောပျမ်းမျှ ဈေးနှုန်းမှာ တတန်လျှင် ၃၇၆ ဒေါ်လာရပြီး အခြားနိုင်ငံများသို့ပို့လျှင် တတန်လျှင် ဒေါ်လာ ၃၀၀ ခန့်သာရသည်ဟု သူ ပြောပြသည်။
“တရုတ်ဈေးကွက်က မတည်ငြိမ်ဘူး၊ ဒါပေမယ့် တခြားနိုင်ငံတွေထက် ဈေးပိုရတယ်” ဟု သူ ပြောသည်။
ယခင်နှစ် ဇူလိုင်နှင့် သြဂုတ်လဆန်းက မိုးကြီးပြီး ရေလွှမ်းသောကြောင့် တနိုင်ငံလုံး စပါးစိုက်ဧက သန်း ၂၀ အနက် ဧက ၁.၃ သန်းရေ လွှမ်းမိုးခံခဲ့ရသည်။