Facebook လို လူသုံးများ လူမှုကွန်ရက်တွေ အသုံးပြုတာ များလာခြင်း၊ ကင်မရာပါတဲ့ Smartphone အသုံးပြုမှု တွင်ကျယ်လာခြင်း တို့ကြောင့် ဒီနေ့ခေတ် လူငယ်တွေ အကြားမှာ Selfie ရိုက်ကူးတာ ရေပန်းစားလာ ပါတယ်။
ဒီနေရာမှာ ကိုယ်တိုင် Selfie ရိုက်ကူးဖို့ အတွက် လက်တလှမ်းအကွာ ကနေပဲ ဖုန်းကို ကိုယ်တွယ်ရိုက်ကူးနိုင်တာ ကြောင့် မြင်ကွင်းကျဉ်း အနေအထားက ပုံရိပ်တွေကိုပဲ ဖမ်းယူနိုင်တာပါ။ ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းနဲ့ ပုံရိပ်တွေ ဖမ်းယူရိုက်ကူးနိုင်ဖို့ Selfie Stick တွေ အသုံးပြုတာလည်း များလာပါတယ်။ ဆန့်နိုင်၊ ခေါက်နိုင်တဲ့ ဖုန်းတပ်ဆင် အထိုင်တုတ် ဖြစ်ပြီး မြင်ကွယ်ကျယ် အနေအထား ရိုက်ကူးနိုင်လာပါတယ်။ ဒါဟာ Selfie Stick ရဲ့ အားသာချက်ပါပဲ။
ဈေးကွက်ဝင် အများစုသော Selfie Stick တွေကတော့ ဖုန်းနဲ့ ရိုက်ကူးဖို့ ခလုတ်ကို တုတ်မှာ ပါရှိတဲ့ ကြိုးနဲ့ ချိတ်ဆက် ပြီး ခလုတ်နှိပ် ရိုက်ကူးရတာ ဖြစ်ပါတယ်။ သတ္တုနဲ့ ဖန်တီးထားမှု များပြီး Plastic သားနဲ့လည်း ထုတ်လုပ်သူ တချို့ ရှိပါတယ်။ ခေါက်ထီး ပုံစံ အရိုးမျိုး ဖြစ်ပြီး ခေါက်သိမ်းနိုင်အောင်၊ ဆွဲထုတ်ဆန့်တန်းလို့ ရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
အဖျားပိုင်းမှာ အရွယ်အစား မျိုးစုံကို ညှပ်ပြီး ထိန်းထားနိုင်မယ့် Spring သုံး ညှပ်စနစ် ပါရှိပါတယ်။ တန်ကြေးနည်း Selfie Stick တွေက ကြိုးနဲ့ ချိတ်ဆက်ပြီး Stick က ခလုတ်ကို နှိပ်ကာ ဓာတ်ပုံရိုက်ကူးတာမျိုး ဖြစ်ပါတယ်၊ တချို့က Remoteနဲ့ ထိန်းချုပ်ရိုက်ကူးနိုင်သလို ကြိုးမဲ့စနစ် တခု ဖြစ်တဲ့ Bluetooth နဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။
ဆယ်လ်ဖီသမိုင်းကြောင်း
ဒီနေ့ခေတ်လို ခေါက်သိမ်း ဆန့်ထုတ်နိုင်တဲ့ Selfie Stick ကို ဖန်တီးမှု စတင်ခဲ့တာကတော့ ၁၉၆၉ ခုနှစ်က ဖြစ်ပါတယ်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံက ရိုက်ကူးခဲ့တဲ့ I Killed Einstein, Gentlemen ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းမှာ သရုပ်ဆောင် တယောက်က ငွေရောင် တုတ်ချောင်း တခုကို ကိုင်ဆောင်ထားပြီး ဒီနေ့ခေတ် Selfie ရိုက်ကူးနေဟန် သရုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ ခေတ်သစ် Selfie Stick တွေရဲ့ စတင်ရာ ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Minolta Disc-7 ကင်မရာက ရှေ့ဘက် ကင်မရာစနစ် ပါရှိလာပါတယ်။ ဒီလို ကင်မရာစနစ် ပါရှိလာလို့လည်း ကုမ္ပဏီက သူ့ရဲ့ ကင်မရာကို ရောင်းချချိန်မှာ Selfie Stick ကို လိုအပ်တဲ့ အသုံးတွေမှာ သုံးနိုင်အောင် ထည့်ရောင်းခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်ပိုင်း Selfie Stick ဖန်တီးမှုကို ဂျပန်မှာ တွေ့ရပြီး ၁၉၉၅ ခုနှစ်ထုတ် 101 Un-useless Japanese Inventions စာအုပ်မှာ ဖန်တီးမှု နည်းတွေ ပါလာခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာမှ ပထမဆုံး Selfie Stick သီးသန့် ရောင်းချမှု စတင်လာခဲ့ပြီး ၂၀၀၅ ခုနှစ်အတွင်း ကနေဒါလူမျိုး Wayne Fromm က Quik Pod အမည်နဲ့ ဖန်တီးပြီး ၂၀၀၆ ခုနှစ်မှာ စတင် ရောင်းချလာခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ Yeong-Ming Wang ရဲ့ Selfie Stick ဟာ ဆိုရင် အဆစ်ပေါင်းများစွာ ပါရှိလို့ ပိုမို ရှည်လျားအောင် ဆန့်ထုတ်လာ နိုင်တယ်၊ ခေါင်းပိုင်းက အသေမဟုတ်ဘဲ လိုချင်တဲ့ လားရာကို အလွယ်တကူ လှည့်ပြီး သုံးနိုင်လာခဲ့ ပါတယ်။ ဒါပေမယ့် အဆိုပါ အချိန်ထိ Selfie Stick တွေရဲ့ အခေါ်က Pod ဒါမှမဟုတ် Monopod ပါပဲ။ ဒီလိုနဲ့ လူကြိုက်များလာခဲ့ပြီ ဖြစ်တဲ့ Selfie Stick တွေက ၂၀၁၄ခုနှစ်မှာ Time မဂ္ဂဇင်းရဲ့ အကောင်းဆုံး တီထွင်မှု ၂၅ ခုထဲမှာ ပါလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းကနေမှ စတင်ပြီး Selfie Stick အဖြစ် လူသိ များလာခဲ့တာပါ။
ဒီနေရာမှာ တချို့သော နေရာတွေက မတော်တဆမှု ဖြစ်နိုင်ခြင်းတွေ၊ ပတ်ဝန်းကျင်ကို အနှောက်အယှက် ဖြစ်စေခြင်း တွေကြောင့် Selfie Stick ကို အသုံးပြုဖို့ ပိတ်ပင်ထားတာ တွေ့နိုင်ပါတယ်။ နာမည်ကျော် ပြတိုက်တွေ၊ ဇာတ်ရုံတွေ၊ ပန်းခြံ တချို့နေရာတွေမှာ Selfie Stick ကို သုံးခွင့် ပိတ်ထားပါတယ်။
အဲဒီထဲမှာ Disney Parks အားလုံး၊ Universal Studios Orlando နဲ့ Hollywood လို နေရာတွေမှာ ပါရှိတာလည်း တွေ့ရပါတယ်။ အင်္ဂလန်နဲ့ သြစတြေးလျမှာတော့ ဘယ်လို ဖျော်ဖြေပွဲမှာ မဆို Selfie Stickတွေ မသုံးရပါဘူး၊ ရန်ဖြစ်တဲ့ အချိန်မှာ သုံးမှာ စိုးလို့ပါတဲ့၊ အမေရိကန်မှာတော့ တချို့သော ဂီတပွဲတွေမှာ ပေးမသုံးပါဘူး။ သူလည်း အထက်က ရည်ရွယ်ချက်မျိုး ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် တချို့နိုင်ငံတွေက ပြတိုက်၊ ပန်းချီခန်းမနဲ့ သမိုင်းဝင် နေရာတွေမှာလည်း မတော်တဆ ဖြစ်ရပ်တခုခု မဖြစ်ရလေအောင် Selfie Stick ယူဆောင်ခြင်း မပြုကြပါဘူး။ Walt Disney World Resort နဲ့ Six Flags မှာလည်း ပိတ်ထားပါတယ်၊ နောက်ပြီး အားကစားပွဲ တော်တော်များများမှာလည်း ပိတ်ထားပါတယ်။ အထင်ကရ အနေနဲ့ အာဆင်နယ် အသင်းရဲ့ အိမ်ကွင်း Emirates Stadium မှာ Selfie Stick သုံးခွင့် မပေးတာ တွေ့ရပါတယ်။