Crossover လို့ ခေါ်ကြတဲ့ အလတ်တန်း အရွယ်အစားရှိ ဇိမ်ခံအနေအထား SUV မော်ဒယ်မဟုတ်ဘဲ ပုံမှန် SUV အနေနဲ့ ဖန်တီးထားတာပါ။
ကိုယ်ထည်လည်း ကြီးမားသလို အတွင်းခန်းလည်း ကျယ်ဝန်းပြီး ဝန်တင်လူစီးအတွက် အထူး အဆင်ပြေမယ့် မော်ဒယ်ပါ။ လက်ရှိ ပြည်တွင်းမှာလည်း Ford က Showroom ရှိနေတာကြောင့် စိတ်ဝင်စားရင် လေ့လာနိုင်မှာ ပါ။
အခုနှစ် မော်ဒယ်ရဲ့ အားသာချက်အဖြစ် မြင်မိတာကတော့ တတိယမြောက် ထိုင်ခုံတန်း ထည့်သွင်းဖန်တီးထားခြင်း ဖြစ်ပါတယ်။
နောက်ဘက်ဆုံး ဝန်တင်ခန်းနေရာမှာ အဆိုပါ တတိယမြောက် ထိ်ုင်ခုံတန်းကို ထည့်ထားပြီး တကယ်လို့ နောက်ဘက် ဝန်တင်ခန်း ကျယ်ချင်တယ် ဆိုရင်လည်း ခေါက်သိမ်းလိ်ုက်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ Turbocharge စနစ်သုံး V6 အင်ဂျင်နဲ့ မော်ဒယ်ကို ရနိုင်ပြီး သူက ပုံမှန် V6 တွေထက် ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနေပါတယ်။
ရှေ့မှာ ကျနော်ပြောခဲ့တုန်းက နောက်ဘက် တတိယမြောက် ထိုင်ခုံတန်းကိုပဲ ခေါက်သိမ်းနိုင်ဖို့ ဖြစ်ပြီး တကယ်က ဒုတိယ ထိုင်ခုံတန်းထိအောင်ပါ လိုအပ်ရင် ခေါက်သိမ်းနိုင်အောင် ဖန်တီးထားပြီး အတွင်းခန်းကို စိတ်ကြိုက် သုံးနိုင်စေမှာပါ။
အရွယ်အစားတူ ပြိုင်ဘက် မော်ဒယ်တွေထက် ဝန်တင်ဆောင် ရုန်းကန်နိ်ုင်မှုလည်း ပိုမိုအားကောင်းတာ တွေ့ရပါတယ်။
အားနည်းချက်အဖြစ်နဲ့ EL မော်ဒယ်ခွဲလို ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ပိုချဲ့ထားတဲ့ မော်ဒယ် အပါအဝင် အခု Expedition က အလျားရှည်လျားလို့ ပါကင်ထိုးချိန်မှာ အဆင်မပြေချင်တာ တွေ့ရပါတယ်။ အလျားရှည်နေတဲ့ ကိုယ်ထည် အနေအထားက လမ်းကျပ်ကျပ် မြို့တွင်းအနေအထားမှာတော့ နည်းနည်း ပြန်စဉ်းစားစရာ ဖြစ်လာစေပါတယ်။
အတွင်းခန်း ကျယ်ဝန်းအောင် ကိုယ်ထည် ရှည်လျားဖို့ ဖန်တီးထားပေမယ့် ပါကင်ထိုးဖို့ ခက်လာစေတာ ဖြစ်ပါတယ်။ နောက်တခုက အတွင်းခန်း အပြင်အဆင်ပါ။ ခေတ်နောက်ကျန်နေသလို အပြင်အဆင် ဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်းမှာ ရိုးရှင်းလွန်းပြီး ပြိုင်ဘက် SUV မော်ဒယ်တွေထက် ဒီဇိုင်းပိုင်း အားနည်းချင်နေပါတယ်။
အခုနှစ် မော်ဒယ်သစ်နဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ် မော်ဒယ်အတိုင်း ပြန်လည် ထုတ်လုပ်ထားသလိုပါ။ ထူးခြားတဲ့ ပြင်ဆင်ထားမှု မတွေ့မိပါဘူး။ Sync 3 ဆိုတဲ့ Ford ရဲ့ သတင်း အချက်အလက်ပြစနစ် သုံးနိုင်လာပါတယ်။
Toyota Sequoia အတွက် ပြိုင်ဘက်ကောင်း ဖြစ်လာပြီး Nissan Armada မော်ဒယ်နဲ့ အတူ အာရှဈေးကွက်မှာပါ အောင်မြင်အောင် ပြင်ဆင်လာတာ တွေ့ရပါတယ်။ အင်ဂျင်က ၃.၅ လီတာသုံး V6 အင်ဂျင်ကို တွေ့ရပြီး သူက ရုန်းအား ၄၂၀ပေါင်-ပေမှာ မြင်းကောင်ရေ ၃၆၅ ကောင်အား သုံးနိုင်မှာပါ။
ဆီတဂါလံကို ၁၇ မိုင် စီးနင်းနိုင်မှာ ဖြစ်ပြီး နောက်ဘီးယက်စနစ်နဲ့ ဂီယာချက် ၆ချက်ကို Auto ပုံစံ သွားမှာ ဖြစ်ပါတယ်။