အမေရိကန် ငွေကြေး ဝန်ဆောင်မှု ကုမ္ပဏီတခု ဖြစ်သည့် Visa နှင့် ပြည်တွင်း ဘဏ်တခုဖြစ်သည့် KBZ တို့ ပူးပေါင်း၍ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စ၍ ခရက်ဒစ်ကတ် ၂ မျိုး ထုတ်ဝေလိုက်ကြောင်း သိရသည်။
နိုင်ငံတကာ ငွေပေးချေရေး ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုများ ပေးခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာခဲ့ပြီး ၂ ပတ်ကြာသည့် အချိန်တွင် Visa နှင့် KBZ တို့က မြန်မာကျပ်ငွေ အသုံးပြုနိုင်သည့် ပထမဆုံး ခရက်ဒစ် (Credit) ကတ်များ ထုတ်ဝေလာခြင်း ဖြစ်သည်။
“ဒီနေ့က စပြီးတော့ ကျနော်တို့က ပြည်သူလူထုအတွက် ဗီဇာကတ် ၂ မျိုးကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု KBZ ဘဏ်၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဇော်လင်းအောင်က ဧရာဝတီသို့ ဇန်နဝါရီလ ၂၅ ရက်နေ့က ပြောသည်။ “Classic” နှင့် “Platinum” ကတ် ၂ မျိုးလုံးကို ရည်ညွှန်းခြင်း ဖြစ်သည်။ Platinum ကတ်က ပိုမို များပြားစွာ သုံးစွဲနိုင်ပြီး အကြွေး အကန့်အသတ်က Classic ကတ်ထက် နည်းသည်။
ကတ် ၂ မျိုးလုံးကို Visa ၏ payWave နည်းပညာကို အသုံးပြုထားပြီး ကတ်ကိုင်ဆောင်သူများ အနေဖြင့် payWave အသုံးပြုနိုင်သည့် အရောင်းနေရာတိုင်းတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ကတ်များက ထိတွေ့၍ ဖြစ်စေ ထည့်သွင်း၍ ဖြစ်စေ ပေးချေနိုင်မည် ဖြစ်သည်။
“KBZ Visa ကတ် ကိုင်ဆောင်သူတွေ အနေနဲ့ ကမ္ဘာတလွှားက ဘီလီယံနဲ့ ချီတဲ့ တခြား Visa ကတ်တွေနဲ့ တန်းတူ လုံခြုံမှု၊ လျှင်မြန်မှုနဲ့ သုံးစွဲရ အဆင်ပြေလွယ်ကူမှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု Visa ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Arturo Planell က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
ပြည်တွင်းတွင် ထုတ်ပေးသည့် နိုင်ငံတကာကတ်များက မြန်မာကျပ်ငွေဖြင့် အသုံးပြုနိုင်မည် ဖြစ်သည့် အတွက် Visa ကတ် ကိုင်ဆောင်သူများသည် ၎င်းတို့၏ ကတ်များကို ပြည်တွင်းတွင် သုံးစွဲသည့်အခါ ငွေလဲနှုန်းများကို အသုံးပြုရန် မလိုတော့ပါ။
“အခုဆိုရင် ဖောက်သည်တွေ အနေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားက KBZ ဘဏ်ခွဲတိုင်းမှာ ခရက်ဒစ် ကတ်တွေ လျှောက်ထား နိုင်ပြီ ဖြစ်ပါတယ်” ဟု ဦးဇော်လင်းအောင်က ဧရာဝတီသို့ ပြောသည်။
ကမ္ဘာတလွှားတွင် Visa ကတ်ကို အသုံးပြုနိုင်သည့် နေရာပေါင်း သန်း ၄၀ ကျော်ရှိပြီး မြန်မာနိုင်ငံမှ ဆိုင်ပေါင်း ၃၅၀၀ လည်း အပါအဝင်ဖြစ်သည်ဟု Visa ၏ အဆိုအရ သိရသည်။
မြန်မာနိုင်ငံတွင် ခရက်ဒစ်ကတ်များ ထုတ်ပေးရန် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အစိုးရက ခွင့်ပြုချက်မပေးမီ လွန်ခဲ့သည့် နှစ်ကတည်းက ထုတ်ဝေခဲ့သည့် ဒက်ဘစ် (Debit) များကိုလည်း KBZ က ဆက်လက် ထုတ်ပေးသွားမည်ဟု ဦးဇော်လင်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး ပုဂ္ဂလိက ဘဏ်များထဲမှ တခုဖြစ်သည့် KBZ ဘဏ်ကို ၁၉၉၄ ခုနှစ်က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် စတင်တည်ထောင်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံတလွှားတွင် ဘဏ်ခွဲပေါင်း ၄၄၀ ရှိလာပြီး နိုင်ငံတကာ ဘဏ်ခွဲများကို ၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
Visa သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ငွေချေကတ် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများထဲမှ တခုဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်လာခဲ့သည်။