စီးပွားရေး

မိုးခေါင်ရေရှားဒေသမှာ စပါးမျိုးကောင်းမျိုးသန့်ရဖို့ ခက်ခဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းဒေသက တောင်သူတွေမှာ မျိုးကောင်းမျိုးသန့် စိုက်နိုင်ရေး အတွက် လိုအပ်ချက် အများအပြား ရှိနေတယ် လို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။

ဒေသတွင်း တောင်သူတွေဟာ မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးကိစ္စကို သိပ်အလေးမထား ကြသေးဘဲ စိုက်ချိန်ရောက်မှ ကြုံရာမျိုးစပါးတွေ အသုံးပြုကြတယ် လို့ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာကျော်နိုင်ဦးက ဆိုပါတယ်။

“အစိုးရအနေနဲ့ လုပ်သင့်တာက ပညာပေးတာတွေပေါ့။ မြို့နယ်တခုမှာ မျိုးအတွက် ဒီလိုစိုက်ရတယ်၊ ဒီလိုစိုက်လို့ ထွက်လာတာကို ပြန်စိုက်ရင် ဒီလိုအထွက်တိုးတယ် ဆိုတာကို တောင်သူတွေ လက်တွေ့မြင်အောင် လုပ်ပေးသင့် တယ်” လို့ စဥ့်ကူးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာကျော်နိုင်ဦးက မှတ်ချက် ပေးပါတယ်။

“သီးနှံပေါ်ချိန်မှာ ငွေလိုအပ်ချက်ကြောင့် မျိုးအတွက်သီးသန့် မစိုက်နိုင်ကြသလို မျိုးသိမ်းဖို့လည်း မလုပ်နိုင်တာလည်း ပါတာပေါ့”

ဌာနဆိုင်ရာနဲ့ တောင်သူတွေကြား ဆက်ဆံရေး

မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တယောက်ဖြစ်တဲ့ ဦးမြင့်ဆွေက  အစိုးရ အဆက်ဆက် စိုက်ပျိုးရေးဌာနက တောင်သူတွေကို ထိထိရောက်ရောက် မကူညီတာမျိုးလို တောင်သူနဲ့ ဌာနဆိုင်ရာတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တယ် လို့ သုံးသပ်ပါတယ်။

ဌာနက ဖြန့်ချိတဲ့ မျိုးစပါးတွေဟာ ဒေသ ဈေးကွက်နဲ့ မကိုက်ဘူး၊ တောင်သူတွေ အတွက် အသုံးမဝင်ခဲ့ဘူး လို့ အမရပူရမြို့နယ် ကိုယ်စားပြု အမတ် ဦးမြင့်ဆွေက ဆက်ပြောပါတယ်။

မန္တလေးဒေသ ဓာတ်မြေသြဇာ ကုမ္ပဏီတခုရဲ့ ဖြန့်ချိရေး တာဝန်ခံ ကိုတင့်ဝေထွန်းကလည်း အလားတူ မှတ်ချက်ပေးပါတယ်။

“မျိုးမသန့်တာကို စိုက်ရင် အထွက် မကောင်းဘူး။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မျိုးအတွက်သီးသန့်စိုက်ပျိုးကြတဲ့ တောင်သူတွေ ရှားပါတယ်။ အဲဒီအတွက် ကျနော်တို့လို ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး သွင်းအားစုတွေ ဖြန့်ဖြူးပေးတဲ့ သူတွေကို မျိုးပါဖြန့်ပေးဖို့ အမြဲ တောင်းဆိုတတ်ကြတယ်” လို့ ကိုတင့်ဝေထွန်းက ပြောပါတယ်။

ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးသက်နိုင်ဝင်းက တောင်သူတွေနဲ့ လက်တွဲကာ မျိုးကောင်းမျိုးသန့် ရရှိရေး ဆောင်ရွက်ပေးနေတယ် လို့ ပြောပါတယ်။

တောင်သူ အများအပြား မျိုးကောင်းမျိုးသန့်ကို အဓိက အလေးထား စိုက်ပျိုးလာပေမယ့် တောင်သူတိုင်း လက်လှမ်းမီနိုင်ဖို့ အထိ ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာတော့ ဝန်ထမ်းအင်အားမလုံလောက်မှုက အဓိက အခက်အခဲလို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့မှာ ကွင်းဆင်းဝန်ထမ်း ၁၆ ယောက်ရှိတယ်။ ကျေးရွာအုပ်စုက ၆၄ အုပ်စုရှိတယ်။ ဝန်ထမ်း တဦးဟာ ကျေးရွာအုပ်စု ၆ အုပ်စုလောက်ကို ကိုင်တွယ်နေရတယ်” လို့ ဦးစီးမှူး ဦးသက်နိုင်ဝင်းက ဆိုပါတယ်။

ဝန်ထမ်းတယောက်ကို ရွာပေါင်း ၃ဝ နီးပါး တာဝန်ယူနေရတဲ့သဘောပါ။

“အဲဒီတော့ ရွာတရွာချင်းစီကို ကိုင်တွယ်နိုင်ဖို့ ဝန်ထမ်းတွေ အများကြီး လိုတယ်။ အဲဒီဝန်ထမ်းတွေ သွားလာနိုင်ဖို့ အထောက်အပံ့တွေ အကုန်လုံးလုပ်ဖို့ လိုဦးမှာပါ” လို့ ဦးစီးမှူးက ရှင်းပြပါတယ်။

မန္တလေးခရိုင် အတွင်းမှာ ဆိုရင် ဌာနဆိုင်ရာတွေက တောင်သူတွေနဲ့ ပူးပေါင်းကာ မျိုးစပါးသီးသန့်စိုက်ပျိုးတဲ့ စီမံကိန်း ဧက ၉ဝဝ အထိရှိပြီး စိုက်ရာသီတခုမှာ မျိုးစပါးတင်းပေါင်း ၉ သောင်းကျော်ထွက်ရှိကြောင်း ခရိုင် စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးကျော်မြင့်ဇော်က ပြောပါတယ်။

မိမိတို့ ဒေသက တောင်သူတွေ စိုက်ပျိုးနိုင်တဲ့ အနေအထားထက် ပိုလျှံလို့ မကွေး၊ စစ်ကိုင်း တိုင်းဒေသကြီးတွေဘက် အထိ ဖြန့်ချိပေးနိုင်ကြောင်း ခရိုင်ဦးစီးမှူးက ဆိုပါတယ်။

တချို့တောင်သူတွေဟာ မျိုးစပါးအတွက် သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနနဲ့ ကြိုတင် ချိတ်ဆက် ဆောင်ရွက်တာတွေ မပြုလုပ်ဘဲနဲ့ စိုက်ခါနီးမှ အသည်းအသန် လိုက်ရှာကြတယ်၊ ရရာမျိုးစပါးကိုပဲ သုံးကြတဲ့ အလေ့အထတွေလည်း ရှိနေတယ် လို့ စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စိုက်ပျိုးရေးဘွဲ့ရ တောင်သူ ကိုထွန်းလွင်က ဆိုပါတယ်။

“စောစောလာယူထားရင် အဆင်ပြေတယ် လို့ စိုက်ပျိုးရေးဌာနက  ပြောပေမယ့် သူတို့က (တောင်သူတွေက) အဲဒီလို မလုပ်တတ်ကြဘူး ဗျ။ စိုက်ပျိုးရေးဌာနမှာ မရတော့မှ အပြင်မှာ လိုက်ဝယ်တော့ ဈေးကြီး ပေးဝယ်ရတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

အဲဒီလို ဖြစ်ရတာကလည်း ဒီဒေသမှာ  ပြောင်းလဲခဲ့တဲ့ ရာသီ ဥတုရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဖြစ်တယ်လို့ ရမည်းသင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်ဝင်းက သုံးသပ်ပါတယ်။

မိုးရေချိန် လက်မ ၃ဝ ဝန်းကျင် ရွာသွန်းတတ်တဲ့ ဒီဒေသမှာ ရာသီဥတုက ပုံမှန် မဟုတ်တော့ပါဘူး။  ၂ဝ၁၅ မှာ မိုးအလွန်နည်းတယ်၊ ၂ဝ၁၆ မှာတော့ မိုးရေချိန် ၆၇ လက်မခန့်အထိ ရွာသွန်းခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးမှူးက ဆိုပါတယ်။

တချို့တောင်သူတွေက  စပါးမျိုးကြဲပြီးမှ မိုးမရွာရင် ဆုံးရှုံးနစ်နာတတ်တယ်၊ မျိုးကောင်းမျိုးသန့် သုံးထားပြီးမှ ဆုံးရှုံးရရင် ပိုနစ်နာမယ် ဆိုပြီး ယူဆကြတယ် လို့  ဦးစီးမှူးက ပြောပြပါတယ်။

ဒီဒေသမှာ နည်းပညာအကူအညီ ပေးနေတဲ့ အဖွဲ့တခုက (Association of Volunteers in International Service – AVIS) ဖြစ်ပါတယ်။

“အပူပိုင်းဒေသမှာက ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် တောင်သူတွေရဲ့အကျိုးစီးပွားကို ထိခိုက်နေတာလည်း  ကိစ္စရပ်တခုပဲ။ စိုက်ရမယ့်အချိန် မိုးမရလို့ သီးနှံပျက်တာ၊ မိုးမလိုတဲ့အချိန်  မိုးရွာတာကြောင့် သီးနှံ ပျက်တာလည်း ရှိတယ်” လို့ AVIS အဖွဲ့ရဲ့ ရမည်းသင်းမြို့နယ်၊ စီမံကိန်းမန်နေဂျာ ကိုအောင်စိုးဝင်းက ဆိုပါတယ်။

သူတို့အဖွဲ့ဟာ ဒီမြို့နယ်အတွင်း ကျေးလက်ဒေသ ၄ ခုမှာ   ဒေသနဲ့ ကိုက်ညီတဲ့ မျိုးစပါးတွေကို စမ်းသပ် စိုက်ပျိုးနေတာ ၃ နှစ်ရှိပါပြီ၊ စပါး ၁၃ မျိုးကို   စမ်းသပ် စိုက်ပျိုးပြီး ဒေသခံ တောင်သူတွေကိုပဲ ပြန်အကဲဖြတ်စေတယ်၊    မျိုးစပါးနဲ့ လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ နည်းစနစ်တွေကို ကူညီထောက်ပံ့ပေး နေတယ်လို့ သိရပါတယ်။

သူတို့ အဖွဲ့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ရမည်းသင်းမြို့နယ်၊ ဗျဉ်းကပ်ကျေးရွာက ဦးကျော်ဝင်းကတော့ စိုက်ပျိုးရေး နည်းစနစ်တွေ စနစ်တကျ ရနေတယ်၊ လက်တွေ့လည်း သုံးတယ်လို့ ပြောပါတယ်။

“တဧကကို တင်း ၁ဝဝ နီးပါးအထိ အထွက်တိုးတယ်။ ဒါကို လက်တွေ့မြင်ရတော့ တခြားတောင်သူတွေလည်း လိုက်လုပ်လာကြပြီ။ ကိုယ့်တောင်သူ အချင်းချင်း ဘယ်လိုစိုက်လဲ၊ ဘာတွေသုံးလဲ ဆိုတာ ပြန်မေးလာကြတယ်” လို့ တောင်သူ ဦးကျော်ဝင်းက ဆိုပါတယ်။

ဦးကျော်ဝင်းတို့ကို ကူညီတဲ့ အဖွဲ့ဟာ ကုလသမဂ္ဂရဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ  (LIFT) အစီအစဉ်ရဲ့ မိတ်ဖက်အဖွဲ့အစည်း IRRI Research နဲ့ လက်တွဲဆောင်ရွက်နေတာပါ။

IRRI Research အဖွဲ့ဟာ မိုးခေါင်မှုနဲ့ ဆားငန်ဒဏ်ခံနိုင်တဲ့ မျိုးစပါးတွေကို စမ်းသပ်စိုက်ပျိုးခြင်း လုပ်ငန်းကို  လုပ်ကိုင် နေတာပါ။ အစိုးရဌာနတွေက မျိုးသစ်တွေကို ထုတ်လုပ်နိုင်ပေမယ့် မျိုးစစ်မျိုးမှန်တို့ကို လုံလောက်အောင် မျိုးပွား မထုတ်လုပ်နိုင်သေး ပါဘူး။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍကနေ မျိုးစေ့ထုတ်လုပ်တာ၊ ဈေးကွက်တင်တာတွေ ဖြစ်လာရေး အတွက် LIFT က ကြိုးပမ်းနေကြောင်း သိရပါတယ်။

စိုက်ပျိုးရေး ဦးစီးမှူး ဦးသက်နိုင်ဝင်းက သူတို့ ဝန်ထမ်းတွေ အနေနဲ့ တောင်သူတွေ လက်လှမ်းမီအောင် နည်းအမျိုးမျိုးနဲ့ ပညာပေးသွားဖို့ လိုတယ်လို့  သုံးသပ်ပါတယ်။

“တောင်သူက မလာရင် သူ့ရဲ့ အိမ်အထိ သွားသင့်ရင် သွားရမှာပေါ့။ ကျနော်တို့ ပြောတဲ့ နည်းပညာတွေကို တထိုင်တည်း သူတို့ နားမလည်ဘူး ဆိုရင်   သူတို့ဆီ အကြိမ်ကြိမ်သွားရမယ်။ လက်ဖက်ရည်ဆိုင်မှာ တွေ့ရင်လည်း အဲဒီမှာ ဆွေးနွေးမှာပဲ။ ကျနော်တို့က ပညာကလွဲလို့ ပေးစရာ မရှိဘူး။ ကျနော်တို့ ဝန်ထမ်းတွေ သူတို့ဆီ သွားနိုင်ဖို့ပဲ အဓိက ကျတယ်” လို့ ဦးသက်နိုင်ဝင်းက ပြောလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading