မန္တလေးတိုင်းသို့ ၂၀၁၆ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု အရေအတွက် သိသာစွာ တိုးလာခဲ့ရာ တရုတ်နိုင်ငံက လာရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း နိုင်ငံခြားသားဧည့်သည် ၄ သိန်းနီးပါးလာရောက်ခဲ့ရာ ၂၀၁၅ ခုနှစ် အလား တူ ကာလတွင် ၃ သိန်းနီးပါးသာ လာရောက်ခဲ့သဖြင့် နှိုင်းယှဉ်ပါက အရေအတွက် ၈ သောင်းခန့် တိုးလာခဲ့ကြောင်း၊ တရုတ်၊ ပြင်သစ် နှင့် ထိုင်းနိုင်ငံများမှ နိုင်ငံခြားသားခရီးသွား အများဆုံး ဝင်ရောက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်သန်းက ပြောသည်။
မန္တလေးတိုင်း အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ရရှိသည့်ဝင်ငွေသည် ၂၀၁၆ ခုနှစ် တနှစ်လုံးအတွက် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ရရှိခဲ့သည်ဟုလည်း ဆိုသည်။
“မြန်မာ့ခရီးသွား လုပ်ငန်းက ပိုဖွံ့ဖြိုးလာမယ့် ကဏ္ဍတွေထဲမှာ ပါပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်း အားကောင်းလာဖို့ အတွက် အဲဒါနဲ့ ဆက်စပ်တဲ့ အခြေခံ အဆောက်အအုံတွေ ပြည့်စုံဖို့ လိုအပ်သလို လူထုအခြေပြု ခရီးသွား လုပ်ငန်း တွေကို ဒီထက်မက ဖော်ဆောင်လာနိုင်ဖို့လည်း လိုပါတယ်”ဟု ဖွံ့ဖြိုးရေး ပညာရောင်ခြည် အဖွဲ့မှ ခရီးသွားလုပ်ငန်း ကဏ္ဍာဆိုင်ရာ သုတေသီ ဦးမိုးမင်းသော် က ပြောဆိုသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံတကာက မြန်မာနိုင်ငံကို စိတ်ဝင်စားမှု ပိုလာခဲ့ပြီး တဆက်တည်းတွင် ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်ရန် လိုအပ်သော်လည်း လက်ရှိတွင် ဟိုတယ် အခန်းခများ ဈေးနှုန်းမြင့်မားခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုများတွင် လိုအပ်ချက်များ ရှိနေခြင်း၊ အခြေခံ အဆောက်အအုံ မပြည့်စုံခြင်းတို့က နိုင်ငံခြားသား ခရီးသွားများအတွက် အခက် အခဲ ဖြစ်နေဆဲဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) နာယက ဦးမြင့်အောင် ကလည်း “နိုင်ငံရေး ကောင်း ရင် တော့ ခရီးသွားလုပ်ငန်းက ကောင်းလာမှာပါ။ တချို့ဒေသတွေမှာ တကယ့် ဧည့်အလာ များတဲ့ ရာသီ တွေဆို ဟိုတယ် မလုံ လောက်မှုတွေက ရှိနေဆဲပါ”ဟု ပြောဆိုသည်။