မြန်မာနိုင်ငံ၏ လမ်းများ၊ ဆိပ်ကမ်းများစသည့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံခေတ်မီရေးတို့တွင် အာရှဖွံ့ဖြိုးရေးဘဏ်က ပါဝင်ကူညီမည်ဖြစ်သည်။ မနီလာအခြေစိုက် နိုင်ငံတကာမြီရှင်ဖြစ်သော အာရှဖွံ့ဖြိုးရေးဘဏ်သည် စီမံကိန်းများရေးဆွဲခြင်း၊ ကန်ထရိုက်တာရွေးချယ်ပေးခြင်းနှင့် ရန်ပုံငွေရယူခြင်းများတွင် မြန်မာအစိုးရကို အကြံပေးမည်ဖြစ်သည်။ ထိုအစီအစဉ်ကို ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ၏မြို့တော်နေပြည်တော်၌ တရားဝင်လက်မှတ်ရေးထိုးသည်။
အာရှဖွံ့ဖြိုးရေးဘဏ်သည် စီမံကိန်းတခုချင်းအလိုက် အကြံဉာဏ်များပေးခဲ့သော်လည်း ယခုမှသာ တနိုင်ငံလုံး၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတခုလုံးအတွက် သေနင်္ဂဗျူဟာနှင့် လုပ်ငန်းဆိုင်ရာ အကြံပေးအဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်း ဖြစ်သည်။ အာရှဖွံဖြိုးရေးဘဏ်၏ လုပ်ငန်းတာဝန်သစ်များတွင် ပုဂ္ဂလိကနှင့် အများပြည်သူ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်သော ဥပဒေများရေးဆွဲခြင်းနှင့် အကူအညီများအတွက် မူဘောင်ချမှတ်ခြင်းတို့ပါဝင်ကြောင်း သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ်သည် စီမံကိန်းတခုချင်းအတွက် အဆိုပြုချက်များကိုလည်း ရေးဆွဲပြီး ပြည်တွင်းပြည်ပကုမ္ပဏီများကို ထိုစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်စေမည်ဖြစ်သည်။
ထို့အပြင် အာရှဖွံ့ဖြိုးရေးဘဏ်သည် ပုဂ္ဂလိကနှင့် အများပြည်သူကဏ္ဍနှစ်ခုလုံးကို အကျိုးရှိစေမည့် ရန်ပုံငွေရှာဖွေရေး အစီအစဉ်များကိုလည်း ချမှတ်မည်ဖြစ်ပြီး ထိုကဏ္ဍများတွင် ပုဂ္ဂလိကနှင့် အများပြည်သူနှစ်ဖက်လုံးတို့သည် အချိုးကျလုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေကို တာဝန်ယူမည်ဖြစ်သည်။
အများပြည်သူနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆက်သွယ်ရေးဆုံမှတ်အဖြစ် လုပ်ဆောင်ပေးမည့်ဌာနပေါင်းစုံ ပါဝင်သည့် ရုံးတရုံးကို ထူထောင်ရန်လည်း ဘဏ်က မြန်မာအစိုးရကို လုပ်ဆောင်ပေးမည်ဖြစ်သည်။
အဓိက ဘဏ္ဍာငွေထောက်ပံ့ရေးလုပ်ငန်းအပြင် အကြံဉာဏ်ပေးသော အခန်းကဏ္ဍကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။ မြန်မာအစိုးရက အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ငွေကြေးထောက်ပံ့မည့် ရင်းမြစ်များကို ရွေးချယ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ ကုန်စည်ပေးပို့ရေးလမ်းကြောင်းတွင် သေနင်္ဂဗျူဟာကျကျတည်ရှိနေသော်လည်း အခြေခံ အဆောက်အအုံဖွံ့ဖြိုးမှုမှာ နိုင်ငံကို စစ်တပ်က အုပ်ချုပ်နေစဉ်အတွင်း ရပ်တန့်သွားခဲ့ရသည်။ အဓိကလမ်းမကြီးများ၊ ရေလမ်းများ၊ ရထားလမ်းများမှာ အထူးသဖြင့် ခေတ်နောက်ကျကျန်နေသည်။
နိုင်ငံ၏အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်မြို့ကို ဝန်ဆောင်မှုပေးသော ရထားလိုင်းသည် အာရှဖွံ့ဖြိုးရေးဘဏ်၏ ဦးစားပေးစီမံကိန်းတခုဖြစ်သည်။ အခြားစီမံကိန်းများတွင် သီလဝါစက်မှုဇုန်၊ ထိုင်းနယ်စပ်အနီးရှိ ထားဝယ်တို့တွင် လမ်းကွန်ရက်များ တည်ဆောက်ခြင်းနှင့် နိုင်ငံကို ပိုင်းခြားထားသော ဧရာဝတီမြစ်ကြောင်း သယ်ယူပို့ဆောင်ရေး အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
အာရှဖွံ့ဖြိုးရေးဘဏ်သည် သီရိလင်္ကာနှင့် အခြားသော ဒေသများမှရရှိခဲ့သော အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို အသုံးချမည်ဖြစ်သည်။ အောင်မြင်ပါက ဘဏ်သည် ယှဉ်ပြိုင်မှုအသာစီးရရှိပြီး တရုတ်ဦးဆောင်သည့် အာရှအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်နှင့် မတူကွဲပြားကြောင်း ပြသနိုင်မည်ဖြစ်သည်။ တရုတ်ဦးဆောင်သည့် ထိုဘဏ်မှာ တည်ထောင်ပြီး တနှစ်မျှအကြာ ယခုထိပင် အတွေ့အကြုံ ယူနေရဆဲ ဖြစ်သည်။
ဂျပန်ကုမ္ပဏီများအတွက်မှာမူ အာရှဖွံ့ဖြိုးရေးဘဏ်ပါဝင်လာခြင်းကြောင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးတွင် ပါဝင်ရန် အဆင်ပြေချောမွေ့သွားမည်ဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်သည် လေလံများကို ပွင့်လင်းမြင်သာမျှတစွာ ပြုလုပ်ရန် စီစဉ်ထားပြီး ပါဝင်မည့်ကုမ္ပဏီများထံမှ အရည်အသွေးအာမခံရန် နည်းပညာကျွမ်းကျင်မှု အဆင့်တဆင့်ကိုလည်း မျှော်လင့်ရသည်။ ဗျူရိုကရေစီ၊ ခရိုနီစနစ်နှင့် အလားတူကိစ္စများ မရှိတော့သောကြောင့် စည်းမျဉ်းလိုက်နာမှုဖြင့် လုပ်ဆောင်သော ဂျပန်ကုမ္ပဏီများက အကျိုးခံစားနိုင်မည်ဟု ခန့်မှန်းထားကြသည်။
ကိုးကား။ ။ Nikkei Asian Review