စီးပွားရေး

ပြင်ဦးလွင် နန်းမြိုင်ဟိုတယ် လုပ်ကိုင်ခွင့် အငြင်းပွားမှုဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း၊ ပြင်ဦးလွင်ရှိ နန်းမြိုင်ဟိုတယ် လုပ်ကိုင်ခွင့်နှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ငှားရမ်းလုပ်ကိုင်ခွင့်ရ The National Trading ကုမ္ပဏီအကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

The National Trading ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားသည့် ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်၌ ရင်းနှီးမြှုပ်နှံမှု ထပ်တိုးလုပ်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ တင်ပြထားရာတွင် ပြန်လည်တုံ့ပြန်မှု မရှိဘဲ လျစ်လျူခံထားရမှု အပါအဝင် စာချုပ်ပါအချက်များကို လုပ်ကိုင်ဆောင်ရွက်ရန် ဝန်ကြီးဌာနက ပံ့ပိုးမှုမရှိသည့်အတွက် အကြွေးတင်နေရသည်ဟု မီဒီယာများကို ပြောဆိုခဲ့သည်။

နန်းမြိုင်ဟိုတယ်ကို The National Trading ကုမ္ပဏီက ၂၀၁၃ ခုနှစ် မှစတင်၍ ၁၅ နှစ် ကာလသက်တမ်းဖြင့် ၁ လလျှင် ကျပ်သိန်း ၅၀၀ ငှားရမ်းခနှုန်း ၁ နှစ်လျှင် ကျပ်သိန်း ၆,၀၀၀ ဖြင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနမှ ငှားရမ်းလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်ဟု မန်းနေဂျင်းဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။

“နန်းမြိုင်ဟိုတယ်ကို ကုမ္ပဏီက ဈေးပြိုင်တင်ဒါမှာ သိန်း ၆၀၀၀ နဲ့ ရယူခဲ့တယ်။ စာချုပ်မချုပ်မီ လုပ်ငန်းစီမံချက်တွေကို တင်ပြခဲ့တယ်။ ဒီလျှောက်ထားချက်တွေကို လျစ်လျူရှုပြီး ဝန်ကြီးဌာနဘက်က အကြောင်းအမျိုးမျိုးနဲ့ အခန်းတိုးချဲ့ခွင့်ကို ယနေ့ထိ မပေးခဲ့ဘူး” ဟု ဦးဌေးအောင်က ဆိုသည်။

ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်နှင့် ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ကုမ္ပဏီကြား ဖြစ်ပွားနေသည့် ပြဿနာများကို ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့ Orchid Hotel ၌ The National Trading ကုမ္ပဏီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီက နန်းမြိုင်ဟိုတယ်တွင် နိုင်ငံကာအဆင့်မီ အခန်း ၂၀၀ ပါ Service Apartment  Project  ကို ရင်းနှီးမြှပ်နှံလုပ်ကိုင်ရန် ၂၀၁၅ ခုနှစ်ကတည်းက ဟိုတယ်ခရီး ဝန်ကြီးဌာနသို့ တင်ပြခဲ့သော်လည်း ယနေ့အထိ လုပ်ကိုင်ခွင့် မရရှိသေးကြောင်း မန်းနေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ဆက်ပြောသည်။

“နန်းမြိုင်ဟိုတယ်က ရှေးလက်ရာမှုမပျက် သမိုင်းဝင် အမွေအနှစ်ကို ထိန်သိမ်းရင်းနဲ့ လွတ်လပ်တဲ့ နေရာတွေမှာ အဆောက်အအုံ ထပ်မံတိုးချဲ့ပြီး  ခရီးသွားမြှင့်တင်ဖို့ တင်ပြထားတာ ၃ နှစ် ကျော်လာပါပြီ။ ငွေကြေး အမြောက်အများ အရှုံးခံ ကြိုးစားခဲ့ပေမယ့် ဝန်ကြီးဌာနက ပံ့ပိုးမှုမရှိဘဲ ကန့်ကွက်လာတဲ့အတွက် ကုမ္ပဏီက လစဉ်ပေးချေရမယ့် ငွေတွေကို မပေးချေနိုင်ဘဲ အကြွေးတင်လာတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို ကုမ္ပဏီ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ပြန်ကြားရေး တာဝန်ခံဖြစ်သူ ဦးမြင့်ထွေးက “ အကြွေးကျန် ကျပ်သိန်းပေါင်း ၁၁,၀၀၀ ကို ကုမ္ပဏီက ပေးသွင်းဖို့ ကျန်နေလို့ အကြောင်းကြားစာတွေ ပေးပို့ထားပါတယ်။ မပေးသွင်းရင် စာချုပ်ပါအတိုင်း ဥပဒေအတိုင်း ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု တုံ့ပြန်ပြောသည်။

ထို့အပြင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးနှင့် ပတ်သက်ပြီး ဦးမြင့်ထွေးက “ ဝန်ကြီးဌာနက မူဝါဒ ရှိတယ်။ သူတို့ဘက်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ တင်ပြထားတာလဲ ရှိပါတယ်။ မူဝါဒနဲ့ မကိုက်တဲ့ အချက်တွေ ရှိနေသေးလို့ မပေးသေးတာပါ”ဟု ဆိုသည်။

နန်းမြိုင်ဟိုတယ် ငှားရမ်းလုပ်ကိုင်ခွင့်ရသူများဘက်က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ငှားရမ်းခ ၁ နှစ်စာဖြစ်သည့် ကျပ် သိန်း ၆,၀၀၀ ကို ပေးသွင်းခြင်း မရှိသည့်အပြင် ၂၀၁၆ ခုနှစ် မေလမှ ဒီဇင်ဘာလအထိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနဘက်သို့ စုစုပေါင်းပေးသွင်းရန် ကျန်ရှိနေသည့် ငှားရမ်းခများကိုလည်း ပေးသွင်းခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

The National Trading ကုမ္ပဏီအုပ်စုသည် ပြင်ဦးလွင်ရှိ နန်မြိုင်ဟိုတယ်အပြင် ရန်ကုန်မြို့ရှိ  Orchid Hotel နှင့် ဧရာဝတီတိုင်းတွင်ရှိ လက်ခုပ်ကုန်းကမ်းခြေဟိုတယ်တို့ကို ငှားရမ်းလုပ်ကိုင် ခွင့်ရှိရထားသော ကုမ္ပဏီတခု ဖြစ်သည်။

မန်းနေဂျင်းဒါရိုက်တာ ဦးဌေးအောင်က အငှားချ ထားပေးသည့် နန်းမြိုင်ဟိုတယ်၏ ဧည့်လက်ခံနိုင်စွမ်းမှာ အခန်း ၃၂ ခန်း သာရှိပြီး ပျမ်းမျှအခန်းငှားရမ်းခ နှုန်းထားမှာ ဒေါ်လာ ၄၀ ( ကျပ် ၅၀,၀၀၀) ရှိကြောင်း၊ ပြင်ဦးလွင်၏ ခရီးသွားရာသီမှာ ၄ လသာရှိပြီး နေ့စဉ် ဧည့်ဝင်ရောက်မှု မရှိကြောင်း ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading