စီးပွားရေး

မြန်မာနှင့်ထိုင်း စီးပွားရေးစာချုပ် ၁၆ ခုချုပ်ဆို

ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် ဆုမ်ကစ် ဂျတူဆရီပီတက် Somkid Jatusripitak ၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ထိုင်းနှင့် မြန်မာအရာရှိများသည် ကြာသာပတေးနေ့က နေပြည်တော်တွင် နားလည်မှု စာချွန်လွှာ ၁၆ ခု လက် မှတ်ရေးခဲ့ကြသည်။

ထိုစီးပွားရေးကဏ္ဍ ၆ ခု အကျုံးဝင်သော နားလည်မှု စာချွန်လွှာ ၁၆ ခုသည် ထိုင်းကုမ္ပဏီများ၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI) တို့အကြား ပိုမိုကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုကို အားပေး ရန်ရည်ရွယ်သည်ဟု အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ထိုနားလည်မှုစာချွန်လွှာများတွင် ဘဏ်လုပ်ငန်းနှင့် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုလည်းပါဝင်သည်။

“ဒါတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနဲ့ ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုးတဲ့ ကြီးမားတဲ့ စာချုပ်တွေပါ။ ထိုင်းနိုုင်ငံ ဟာ မြန်မာရဲ့ထိပ်တန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူပါ။ ဒီစာချုပ်တွေဟာ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေး ပူးပေါင်ဆောင်ရွက်မှုကို အားပေးပါတယ်”ဟု ဦးရဲမင်းအောင် က ပြောသည်။

သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့် အခြားကဏ္ဍတခုမှာ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးပင် ဖြစ်သည်။

“ဒီသဘောတူညီချက်တွေမှာ အစိုးရချင်း သဘောတူညီချက်တွေပါသလို အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေကြား သဘော တူညီချက်တွေလည်း ပါဝင်ပါတယ်။ လက်မှတ်ထိုးတဲ့အထဲမှာ ကဏ္ဍတိုင်း ပါဝင်ပါတယ်”ဟုလည်း သူ ဆက်ပြောသည်။

ဘဏ္ဍာရေးကဏ္ဍတွင် ကမ္ဘောဇဘဏ်က ထိုင်းအစိုးရနှင့် ငွေလွှဲသဘောတူ စာချုပ်ချုပ်ဆိုသည်ဟု ကမ္ဘောဇအုပ်စုမှ အဆင့် မြင့်အရာရှိ ဦးညိုမြင့်၏ အဆိုအရ သိရသည်။

ဦးညိုမြင့်က “ မြန်မာအလုပ်သမား အများအပြား ထိုင်းမှာ အလုပ်လုပ်နေကြတာ။ ဒါကြောင့် ငွေလွှဲလုပ်ငန်းက ပိုပြီး မြန်ဆန်သင့်တယ်။ ကျနော်တို့ ထိုင်းဘဏ်တွေနဲ့ အလုပ်လုပ်နေတာ ရှိပြီးသားပါ။ ဒီနေ့တော့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ထိုင်းအစိုးရရဲ့ရှေ့မှာ လက်မှတ်ရေးထိုးတာပါ”ဟု ပြောသည်။

ကမ္ဘောဇဘဏ်သည် ထိုင်းနိုင်ငံတွင် ဘဏ်ခွဲတခု ဖွင့်ထားပြီး နှစ်နိုင်ငံလုံးမှ အလုပ်သမားများ ငွေလွှဲနိုင်သော ဝန်ဆောင်မှုကို လွန်ခဲ့သောနှစ်က စတင်ခဲ့သည်။

“ထိုင်းနိုင်ငံက ရင်းနှီးမြှုုပ်နှံသူတွေက မြန်မာနိုင်ငံမှာ ထိပ်ဆုံးနီးပါး ရောက်နေကြတာ။ အနာဂတ်မှာ ကျနော်တို့ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမြင့်မားလာမှာပါ”ဟု ဦးညိုမြင့်က ပြောသည်။

ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများ အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၀၆ သန်းရှိသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် အခြားသော နိုင်ငံ ၃ ခုထက် နှစ်စဉ် ပိုမိုရင်းနှီး မြှုပ်နှံနေသည်။ စင်္ကာပူက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ၊ တရုတ်က ဒေါ်လာ ၄၄၇ သန်းနှင့် ဟောင်ကောင်က ဒေါ်လာ ၁၈၇ သန်း ရင်းနှီးမြှုုပ်နှံ သည်။

Loading