စီးပွားရေး

သိန်းတရာနဲ့အထက် ရောက်လာတဲ့ Suzuki Alto

အမှန်ဆိုရင် ၁.၀ လီတာသုံး ဝန်းကျင် အင်ဂျင်တပ် မော်ဒယ်ဆိုရင်ပဲ ပြည်တွင်းမှာ သိပ်မကြိုက်ကြတော့ပါဘူး။ အများဆုံးကတော့ ၁.၃ လီတာသုံးဝန်းကျင် ကားတွေကို လူကြိုက်များပါတယ်။ ဒါပေမယ့် မြို့တွင်းသုံး သီးသန့် လောက်ပဲ အဆင်ပြေမယ့် ဝ.၆၆ လီတာသုံး အင်ဂျင်တပ် အိမ်စီးကား ကိုယ်ထည်နဲ့ရော အသေးစားကုန်တင်မော်ဒယ် အနေနဲ့ပါ ဈေးကွက်ဝင်လာချိန်မှာ ဈေးနှုန်းချိုသာမှုနဲ့တင် အဆိုပါမော်ဒယ်တွေ ဈေးကွက်နေရာတခု ရလာခဲ့ပါတယ်။

ကုန်တင်မော်ဒယ်ဆိုရင်လည်း Daihatsu, Honda, Nissan, Mitsubishi, Suzuki စသဖြင့် တံဆိပ်မျိုးစုံနဲ့ မော်ဒယ်တွေ ဈေးကွက်ဝင်ခဲ့သလို အိမ်စီးမော်ဒယ်ဆိုရင်လည်း Daihatsu နဲ့ Suzuki ရဲ့မော်ဒယ်တွေ ဈေးကွက်နေရာရခဲ့တာပါ။

ရှေ့ပိုင်းမှာ တန်ကြေးနည်းအဖြစ် သိန်း ၇၀ ဝန်းကျင်လောက်ပဲ ရှိခဲ့တဲ့ Alto လို ဝ.၆၆ လီတာသုံး အင်ဂျင်တပ် မော်ဒယ် တွေက အခုဆို သိန်း ၁၀၀ နဲ့ အထက် ရောက်လာခဲ့ပါပြီ။ အခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့်ပုံစံအရရော တင်သွင်းခွင့် ယာယီပိတ်ထားလိုက်တဲ့ အနေအထားမှာရော တန်ကြေးနည်း မော်ဒယ်တွေ ဈေးတက်လာခဲ့တဲ့ နောက်ဆက်တွဲ ရလဒ်ပါပဲ။

တန်ကြေးသင့် မော်ဒယ်တွေ ဈေးနည်းနည်း တက်လာခဲ့တယ်၊ တန်ကြေးမြင့်တွေ ဈေးငြိမ်နေပေမယ့် တန်ကြေးနည်း မော် ဒယ်တွေကတော့ အခုလို သိန်း ၄၀ လောက်ထိအောင် မြင့်တက်လာခဲ့တာပါ။ ဒါက လူကြိုက်များ Fit လို မော်ဒယ်တွေ မပါသေးပါဘူး။

အခု ဈေးကွက်မှာသိန်း ၁၀၀ နဲ့ အထက်ရောက်လာတဲ့ Alto မှာတော့ Esse နဲ့ Mira လို ဈေးကွက် ပြိုင်ဘက်တွေရှိနေပြီး အရင်က Alto ဆိုတာ Mira ထက် ဈေးနည်းနည်းလျော့ပါတယ်။ ဒါကလည်း Daihatsu ကို လူပိုကြိုက်လို့ပါ။

Mira ကလည်း နည်းနည်း ပိုမာပါတယ်။ ဒါပေမယ့် အခုတော့ ဈေးက အတူတူလောက် ဖြစ်နေပါပြီ။ Alto ဆိုတာ ဂျပန် အခြေစိုက် Suzuki ရဲ့မော်ဒယ်ပါ။ ဒါပေမယ့် ဈေးကွက်အနေအထားအပေါ်ကို မူတည်ပြီးတော့ အခု မော်ဒယ်ကို Cervo Mode, Fronte နဲ့ Maruti 800 တွေ အဖြစ်ပါ လူသိများပါတယ်။ City Car လို့ခေါ်တဲ့ အသေးစားမြို့တွင်းသုံး မော်ဒယ်ပါ။

၁၉၇၉ ခုနှစ်ကတည်းက ထုတ်လုပ်နေခဲ့တာဖြစ်ပြီး လက်ရှိနောက်ဆုံးထုတ် မော်ဒယ်က မျိုးဆက် ၈ ဆက်မြောက်အဖြစ် ပြောင်းလဲထုတ်လုပ်နေခဲ့တာပါ။ ပြည်တွင်းမှာတော့ ၇ ဆက်မြောက် မျိုးဆက်အဖြစ် ထုတ်လုပ်တဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းထုတ် မော်ဒယ်တွေ အများဆုံး တွေ့နိုင်ပါတယ်။

အခုနောက်ပိုင်း မော်ဒယ်မြင့်အနေအထားနဲ့ ဈေးကွက်မှာ ရနိုင်လာလို့ တမျိုးတော့ မဆိုးပါဘူး။ Auto ပုံစံနဲ့ ရလာတယ်။ ရှေ့ထွက်မော်ဒယ်တွေမှာ Manual တွေနဲ့သာရနိုင်ပြီး ဈေးလည်း သိန်း ၂၀ နီးပါးလောက် နိမ့်ပါတယ်။ အရောင်အပိုင်းမှာ တော့ တန်ကြေးနည်း မော်ဒယ်တွေဖြစ်လို့ ရွေးချယ်နိုင်စရာ နည်းပါတယ်။

ညာမောင်း အထိုင်ပုံစံ ဖြစ်ပြီး အတွင်းခန်းမှာ TV လောက်ထိအောင် မပါပေမယ့် CD Player နဲ့ အခြားလေအေးပေးစက်၊ တပ်ဆင်ပစ္စည်း အထိုင်အားလုံး စုံပါသေးတယ်။ နောက်ပြီး ရှေ့ဘက် ခရီးသည်ခန်းအတွက် အသက်ကယ်လေအိတ် စ နစ်လေးတွေ ပါရှိလာပါတယ်။

ဓာတ်ဆီအင်ဂျင်ဖြစ်ပြီး အင်ဂျင် အသေးစားတပ် မော်ဒယ်က ဆီတဂါလံကို မိုင် ၄၀ နဲ့ အထက်ရနိုင်ပါတယ်။ ရန်ကုန်လိုင် စင်ရှားနေတဲ့ အချိန်မှာ တကယ်လို့ ရန်ကုန်လိုင်စင်နဲ့ရမယ်၊ မြို့တွင်းလောက်ပဲ သုံးမယ်ဆိုရင်တော့ မဆိုးပါဘူး။

နယ်လိုင်စင်နဲ့ Altoတွေလည်း ဈေးကွက် အဝင်ရှိပြီး ဈေးနည်းနည်း အကျဘက်မှာရှိပါတယ်။ ဈေးကွက်အတွင်းမှာတော့ ၂၀၁၁ ခုနှစ်ထုတ် အဖြူရောင် ကီလို ၁ သောင်းခွဲ ဝန်းကျင်ပဲ သုံးရသေးမယ့် Alto ကို ၁၀၅ သိန်း အခေါ်ရှိပြီး ရန်ကုန် လိုင်စင် ဆိုရင်တော့ ဈေးမာချင်ပေမယ့် နယ်လိုင်စင် အနေအထားမှာတော့ အကျဘက်မှာ ရှိနိုင်မှာပါ။ သူနဲ့အတူ ဝ.၆၆ လီတာသုံး အင်ဂျင်တပ် Esse နဲ့ Alto တွေလည်း ဈေးတူ ပေါက်နေပါတယ်။

Passo မော်ဒယ်တချို့လည်း သိန်း ၁၁၀ ကျော်နဲ့ ရနိုင်နေသေးလို့ လိုင်စင်အနေအထားအပေါ်ကို ကြည့်ပြီး ဈေးချိန်နိုင်ပေ မယ့် Passo ကတော့ ၁.၀ လီတာသုံး အင်ဂျင်ဖြစ်လာလို့ နယ်ဝေးသွားလာမှုအတွက်ပါ ပိုပြီး အဆင်ပြေနိုင်ပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက် အနေအထားမှာ တပိုင်တနိုင် ကားအရောင်အဝယ်တွေ အများဆုံးရှိတဲ့ သိရိမင်္ဂလာနဲ့ လှိုင် မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ Alto တွေ အများဆုံးရနိုင်ပြီး Used ကား အရောင်းပြခန်းတွေကတော့ တန် ကြေးနည်းလည်း ဖြစ်သလို အရင်က လူကြိုက်နည်းတာကြောင့် တင်သွင်းရောင်းချမှုနည်းတာ တွေ့ရပါတယ်။

Loading