ကားအင်ဂျင်တလုံး အကောင်းဆုံး လည်ပတ်နိုင်ဖို့အတွက် အရေးပါဆုံး လိုအပ်ပစ္စည်းက စက်သုံးဆီပါပဲ။ ကမ္ဘာ မြေရဲ့ ဘယ်နေရာမှာ မဆို လေထုရှိနေလို့ ဆီနဲ့ရောပြီး ပေါက်ကွဲစေမယ့် လေအတွက် ထူးထူးထွေထွေ ရှာနေ၊ ထည့်နေစရာမလိုပါဘူး။
စက်သုံးဆီတော့ ရှိနေပြီ။ ကားမောင်းလို့ ရပြီလားဆိုတော့ ကိုယ်မောင်းမယ့် ကားရဲ့အင်ဂျင်ထဲကို လိုအပ်သလို ဆီသွင်းပေးဖို့ လိုအပ်နေပါသေးတယ်။
အင်ဂျင်အပေါက်ထဲ ဆီတွေ လောင်းထည့်လိုက်တာနဲ့ အင်ဂျင်က လည်ပတ်လာမှာ မဟုတ်ပါဘူး။ ပထမတဆင့် ဆီတိုင်ကီ ထဲမှာ ဆီကို ဆံ့သလောက် ထည့်ထားနိုင်မယ်၊ အဲဒီကနေမှ လိုအပ်တဲ့ ဆီပမာဏကိုပဲ အင်ဂျင်ထဲကို ဝင်စေမှာပါ။ ဒီလို လိုအပ်တဲ့ပမာဏ သိဖို့၊ ထိန်းပြီး ဝင်စေဖို့ ဘယ်သူတွေက တာဝန်ယူ လုပ်ဆောင်မှာပါလဲ။
ဆီပို့စနစ်ဟာ ဆီတိုင်ကီထဲက ဆီကို အင်ဂျင်အတွင်းခန်းကို ပို့ပေးပါတယ်။ Fuel Pump လို့ခေါ်တဲ့ အစိတ်အပိုင်းက တာ ဝန်ယူပါတယ်။ အဆိုပါ ပန့်တလျှောက်မှာ ဆီစစ်ဘူးရှိမယ်၊ ဒီဘူးမှာ ချေးတွေ ပိတ်နေရင်လည်း ဆီအလိုက်မမှန်လို့ အင်ဂျင်ထဲ ဆီမရောက်ဘဲ ဆီပျောက်သွားနိုင်ပါတယ်။
ဆီထဲမှာ ရေ၊ ချေး၊ အမှိုက်တွေ ပါနေရင်လည်း တနေရာ မဟုတ် တနေရာမှာ ဆီပိတ်ပြီး ဆီပျောက်နိုင်ပါတယ်။ Fuel Pump အနေနဲ့ ဖိအားတခု ယူပြီး တိုင်ကီထဲက ဆီကို အင်ဂျင်အတွင်းခန်းကို ပေးပို့တာ ဖြစ်ပါတယ်။
ဖိအားအနေနဲ့တော့ 13 psi ကနေ 17 psi အတွင်း ရှိမှာပါ။ ဒါက EFI စနစ်သုံးကားတွေမှာပါ၊ Direct စနစ်နဲ့ သွားတဲ့ GDI ကားတွေမှာဆိုရင် ဖိအားက 40 psi ကနေ 55 psi အထိအောင် ဖိအား ပိုသုံးတာ တွေ့ရပါတယ်။
တိုင်ကီထဲမှာ ဆီများနေသည် ဖြစ်စေ၊ နည်းနေသည် ဖြစ်စေ ဖိအား ငြိမ်အောင် Pressure Regulator ဆိုတဲ့ အပိုင်းက ထိန်းထားပေးပါတယ်။
Injector ပါရှိတဲ့ မော်ဒယ်တွေမှာ ECUလို့ ခေါ်တဲ့ လျှပ်စစ်ထိန်းချုပ်စနစ်က ထိန်းထားပေးပါတယ်။ လီဗာနင်းသလောက် လိုအပ်တဲ့ ဆီပိုပေး၊ လျော့ပေးဖို့ကိုလည်း ECU က ထိန်းပေးထားပါတယ်။
Injector တွေ မကောင်းတော့ရင်လည်း ECU ကနေ စစ်ဆေးသိနိုင်ပါတယ်။ ဒါပေမယ့် လျှပ်စစ်စနစ်နဲ့ ထိန်းချုပ်တဲ့စနစ်မို့ ရှေ့ထွက် ကာဘရိုက်တာသုံး မော်ဒယ်တွေလို ရုက်တရက် ကားရပ်တာမျိုး၊ ဆက်လက်မောင်းနှင်လို့ မရတာမျိုး၊ စက်သေ သွားတာမျိုး အဖြစ်နည်းပါတယ်။
EFIနဲ့ GDI ကားတွေမှာ ဆီပျောက်မှုအဖြစ်ဆုံးက ဆီမသန့်မှုနဲ့ ဆီစစ်ဘူးအပိုင်း အားနည်းချက်တွေ ဖြစ်တတ်ပြီး Fuel Pump မှာလည်း ပြစ်ချက်တခုခုကြောင့် ဆီပျောက်တာမျိုး ဖြစ်တတ်ပါတယ်။