ကမ္ဘာပေါ်မှာ ထုတ်လုပ်ရောင်းချသမျှ နာရီတွေထဲက တန်ဖိုးအကြီးဆုံးလို့ သတ်မှတ်ထားပြီး လက်ချိုးရေတွက်လို့ ရလောက်တဲ့ နာရီတွေ အကြောင်း တင်ပြပါ့မယ်။
(၁) Chopard 210 karat (တန်ဖိုး – ဒေါ်လာ ၂၆ သန်း)။ တဒေါ်လာကို မြန်မာငွေ ၁၃၅၀ကျပ်နဲ့ တွက်မယ် ဆိုရင်ပဲ ကျပ်ငွေ သန်း ၃ သောင်းခွဲလောက် တန်ပါတယ်။ အဖြူရောင် တမျိုးတည်း မဟုတ်ပဲ ၂၁၀ ကာရက်ရှိတဲ့ ရောင်စုံ စိန်တွေ စီခြယ်ထားတာပါ။ နာရီက မြင်လိုက်ရင် နာရီနဲ့တောင် မတူပါဘူး။ ထုတ်လုပ်ရောင်းချသူက ဈေးနှုန်းကို မဖော်ပြထားပါဘူး။ ဘယ်သူ ဝယ်ထားတယ် ဆိုတာလဲ မသိရပါဘူး။ နာရီတန်ဖိုးကို နာရီမှာပါတဲ့ စိန်ရဲ့ ကာရက်နဲ့ပဲ တွက်ချက်ထားတာ ဖြစ်ပါတယ်။
(၂) Patek Philippe Super Complication (တန်ဖိုး – ဒေါ်လာ ၁၁ သန်း)။ လက်ပတ်နာရီ မဟုတ်ပဲ အိတ်ဆောင်နာရီ ပုံစံ ဖြစ်ပြီး ၁၈ ကာရက် ရှိတဲ့ ရွှေသားနဲ့ နာရီအိမ်ကို ပြုလုပ်ထားပါတယ်။ ၁၉၃၃ ခုနှစ်က ဘဏ်လုပ်ငန်းရှင် Henry Graves Jr အတွက် Patek Philippe က ၅ နှစ် ကြာအောင် ဒီဇိုင်းဆွဲ ဖန်တီးခဲ့တာပါ။ လက်ရှိ ထုတ်လုပ်ထားသမျှ နာရီတွေထဲမှာ ဖန်တီးမှု ပုံစံ အရှုပ်ထွေးဆုံးနဲ့ နာရီမျိုးစုံ လေလံတင်ရောင်းချမှုထဲမှာ ဈေးအမြင့်ဆုံး ရရှိထားတဲ့ နာရီ ဖြစ်ပါတယ်။
(၃) Patek Philippe Platinum World Time (တန်ဖိုး – ဒေါ်လာ ၄ သန်း)။ Patek Philippe ကိုယ်တိုင် ဖန်တီးခဲ့တဲ့ နာရီ ဖြစ်ပြီး နောက်ဆုံး ဒီနေရာကို ၂၀၀၂ ခုနှစ်က လေလံတင်ရောင်းချရာမှာ ဒေါ်လာ ၄ သန်းနဲ့ ဈေးပြတ်ထားတာပါ။ လက်ပတ်နာရီ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒီတစ်လုံးပဲ ရှိမယ် လိ့ု ယူဆရပါတယ်။ ထူးခြားချက်ကတော့ ဒီနာရီက ကမ္ဘာပေါ် က ဘယ်နေရာ ရောက်ရောက် စံတော်ချိန် ပြန်တိုက်ဖို့ မလိုပါဘူး။ အလိုအလျောက် ရောက်ရှိတဲ့ နေရာရဲ့ စံတော်ချိန် ဖြစ်နေမှာပါပဲ။
(၄) Vacheron Constatin Tour de I’lle (တန်ဖိုး – ဒေါ်လာ ၁ ဒသမ ၅ သန်း)။ ဆွစ်ဇာလန် နာရီဖန်တီးသူ Vacheron Constatin ရဲ့ လက်ပတ်နာရီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ နာရီ ထုတ်လုပ်မှု နှစ် ၂၅၀ ပြည့် အဖြစ် ၂၀၀၅ခုနှစ်က ထုတ်လုပ်ခဲ့တာ ပါ။ ၁၈ ကာရက် ရွှေသားကို သုံးထားတယ်၊ မှန်သားရဲ့ ထူးခြားချက်က အလင်းပြန်မှု မရှိဘူး၊ ပြီးတော့ နှစ်ဖက်မြင် နာရီ ဖြစ်ပြီး အပေါ်ဘက် ပုံမှန် မျက်နှာပြင်က နာရီလက်တံပြ စနစ်နဲ့ အောက်ဘက် နာရီ နောက်ပိတ် ဘက်ကတော့ အချက်ပြစနစ် အထိုင်တွေ ဖြစ်ပါတယ်။
(၅) Patek Philippe Sky Moon Tourbillion (တန်ဖိုး – ဒေါ်လာ ၁ ဒသမ ၃ သန်း)။ Patek Philippe ဖန်တီးခဲ့သမျှထဲမှာ ဖန်တီးမှု အရှုပ်ထွေးဆုံး လက်ပတ်နာရီ ဖြစ်ပါတယ်။ သူကလည်း နှစ်ဖက်မြင် နာရီ ပုံစံပါ။ ရှေ့ဘက်ကတော့ နာရီ လက်တံနဲ့ နေ့စွဲတွေ ဖော်ပြပေးမှာ ဖြစ်ပြီး ဒီနေ့ခေတ် လက်တံနာရီတွေရဲ့ ရှေ့ပြေးလို့ ဆိုနိုင်ပါတယ်။ နောက်ဘက် မျက်နှာပြင်ကတော့ ညဘက် ကောင်းကင်ရောင် ဖြစ်ပြီး သံလိုက်အိမ်မြှောင်ရဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ပါတယ်။
(၆) Chopard Super Ice Cube (တန်ဖိုး – ဒေါ်လာ ၁ ဒသမ ၁ သန်း)။ ရေခဲတုံးလေးတွေနဲ့ တူအောင် ၆၀ ကာရက် ရှိတဲ့ စိန်တွေကို အံကျ ဖန်တီးထားပါတယ်။ ဆွစ်ဇာလန်ထုတ် ဖြစ်ပြီးတော့ အဆင့်မြင့် သူဌေးလူတန်းစား အတွက် ဖြစ်ပါတယ်။ ရေအနက် ပေ ၁၀၀ ထိအောင် ရေစိုခံပါတယ်။ ခြစ်ရာ ပွန်းရာ မရှိစေဘူးလို့ အာမခံထားတာ တွေ့ရပါတယ်။ အမျိုးသမီးပတ် လက်ပတ်နာရီ ဖြစ်ပြီး ဒီနေ့ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အကောင်းဆုံး နာရီ အဖြစ် သတ်မှတ် ထားပါတယ်။
(၇) Hublot Black Caviar Bang (ဒေါ်လာ ၁ သန်း) – ၂၀၀၉ ခုနှစ်က ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပြီး အကွက်ပုံစံ ဒီဇိုင်းကို အချောင်းပုံစံ မြင်သာအောင် ဖန်တီးထားတာပါ။ အမြင်ပိုင်းမှာ ရွှေနဲ့ စိန်တွေ မတွေ့ရပေမယ့် အမှန်က နာရီသားထဲမှာ စိန်နက် ၅၀၁ စ နဲ့ ၁၈ ကာရက် ရွှေသား ကွပ်ထားပါတယ်။ လက်ပတ်နာရီ အမျိုးအစား ဖြစ်ပြီး အမျိုးသားပတ် နာရီပုံစံပါ။
ရွှေရည်ကို ကာရက်နဲ့ တိုင်းတာခြင်း
ရွှေရည်ကို ပြည်တွင်းမှာ ၁၅ ပဲရည်၊ ၁၆ ပဲရည် စသဖြင့် တိုင်းတာသလို နိုင်ငံတကာမှာတော့ ကာရက်နဲ့ တိုင်းတာပါ တယ်။ နိုင်ငံတကာ ရွှေရည်တွေကတော့ ၂၄ ကာရက်၊ ၂၂ ကာရက်နဲ့ ၁၈ ကာရက်တွေပဲ ဖြစ်ပါတယ်။ ၂၄ ကာရက် ဟာ ရွှေစင်စစ် ၁၀၀ ရာခိုင်နှုန်းဖြစ်ပြီး၊ ၂၂ ကာရက်ကတော့ ၉၁ ဒသမ ၆၇ ရာခိုင်နှုန်း ရွေစင်ဖြစ်ပါတယ်။ ၁၈ ကာရက် ကတော့ ရွှေစင် ၇၅ ရာခိုင်နှုန်း ပါဝင်တယ်လို့ သတ်မှတ်ပါတယ်။ ။