ငပလီကမ်းခြေရှိ ကြယ်လေးပွင့်အဆင့်ရှိ Merciel Resort and Retreat ဟိုတယ်သည် တရားဝင်လိုင်စင်မရှိဘဲ လုပ်ကိုင်နေကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊အခွန်နှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။
Merciel ဟိုတယ်ကို ရန်ကုန်ှအခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ဦးညိုမင်းက ပိုင်ဆိုင်သည်။ ဒေသခံ သတင်းရင်းမြစ်များ၏ အဆိုအရ ထို အခန်း ၄၂ ခန်းရှိ ဟိုတယ်သည် ငပလီတွင် လုပ်ငန်းလုပ်ကိုင်နေသည်မှာ လေးနှစ်ရှိပြီဟု သိရသည်။
ဟိုတယ်မှ အဆင့်မြင့်ဝန်ထမ်းများကမူ ၎င်းတို့သည် လွန်ခဲ့သောနှစ်က ခရီးသွားဝန်ကြီးဌာနသို့ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ထို့ထက် ပိုမိုပြောကြားရန်ကိုမူ ငြင်းဆန်ကြသည်။ မန်နေဂျာ ဦးကျော်ကျော်သွင်နှင့် ပိုင်ရှင်ဦးညိုမင်းတို့ကို ယခုသတင်းအတွက် ဆက်သွယ်မရခဲ့ပေ။
ခရီးသွားဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိရန်အတွက် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေအရ လျှောက်ထားရန် လိုအပ်သည်။ ရင်းနှီးမြှုပ်နှံသူများသည် ဒေသအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ၊ ပတ်ဝန်းကျင်ဒေသခံများနှင့် သဘောတူညီချက်များ၊ သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသဆိုင်ရာဝန်ကြီးတို့၏ ထောက်ခံချက်များကိုလည်း ပူးတွဲလျှောက်ထားရန်လိုသည်။ ထိုနောက်မှသာ နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက နောက်ဆုံးခွင့်ပြုချက် ထုတ်ပေးသည်။
ခရီးသွားဝန်ကြီးဌာန ပေးသော လမ်းညွှန်ချက်များအရ ပင်လယ်ပြင်မြင်ကွင်းကို ပိတ်ဆို့သော ခြံစည်းရိုးများ၊ တံတိုင်းများကို ခွင့်မပြုပေ။ Mercial ဟိုတယ်သည် ထိုစည်းမျဉ်းများအနက် မည်သည့်စည်းမျဉ်းကိုမျှ မချိုးဖောက်သော်လည်း ခြံစည်းရိုးမှာ ပင်လယ်ပြင်ရှုခင်းအတွက် အနှောင့်အယှက်ဖြစ်စေပြီး ဒေသခံကျေးရွာသားများ၏ ကမ်းခြေသို့သွားရာလမ်းကို ပိတ်စို့ထားကြောင်း ဦးကျော်အေးသိန်းက ပြောသည်။
“တချို့ဟိုတယ်တွေက ဒီစည်းမျဉ်းတွေကို ကျော်လို့ အုတ်တံတိုင်းတွေကို ပြန်ဖျက်ခိုင်းရတယ်” ဟုလည်း ဝန်ကြီးက ပြောသည်။
ထိုအကြောင်းကြောင့်ပင် Mercial ဟိုတယ် က ထောက်ခံစာတောင်းခံသောအခါ ဒေသခံများက ပြည်နယ်အဆင့်ဝန်ကြီးထံ တိုင်ကြားကြသည်ဟု သိရသည်။ သံတွဲမြို့နယ်မှ ဒေသခံများနှင့် ထိုဟိုတယ်ပိုင်ရှင်တို့မှာ သဘောတူညီမှုရရှိရန် ညှိုနှိုင်းနေကြဆဲဖြစ်သည်ဟု ဦးကျော်အေးသိန်းကပြောသည်။
ပြည်နယ်အစိုးရအနေဖြင့် Mercial ဟိုတယ်ကို တရားစွဲဆိုမည်လားဟု ဝန်ကြီးကို ဧရာဝတီက မေးမြန်းသောအခါ ဟိုတယ်လိုင်စင်နှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ရမည်ဖြစ်ပြီး ပြည်နယ်အနေဖြင့် ပိုမိုသေးငယ်သော တည်းခိုခန်းများနှင့် ပတ်သက်သော ဥပဒေကိစ္စများကို ကိုင်တွယ်ကြောင်း ပြန်ဖြေသည်။
Mercial ဟိုတယ်နှင့် ပတ်သက်သော မည်သည့်တိုင်ကြားမှုမျှ ပြည်ထောင်စုအဆင့်တွင် မရရှိသေးကြောင်း နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကောင်းထွန်းနှင့် ဖုန်းမှ တဆင့်ပြုလုပ်သော မေးမြန်းမှုမှတဆင့် သိရသည်။
သို့သော် “အထောက်အထား အခိုင်အလုံနဲ့ တိုင်ကြားလာရင် ကျနော်တို့ အရေးယူမှာပါ” ဟု သူက ပြောသည်။