စီးပွားရေး

ပြိုင်ဖက်တွေ ကြားထဲက Asus ရဲ့ Zenfone 3 စမတ်ဖုန်း

ပြည်တွင်း စမတ်ဖုန်း အသုံးပြုမှုနှုန်း မြင့်မားလာသလို တရုတ် အခြေစိုက် Huawei ကနေ Mi နဲ့ Meizu တွေက ဈေးကွက် အများစုရယူထား ပြီး အားကောင်းကောင်းနဲ့ တိုးဝင်လာနေတဲ့ Kenbo, Oppo, Vivo လို ထုတ်ကုန် အမှတ်တံဆိပ်တွေကြားမှာ ကွန်ပျူတာ ထုတ်လုပ်သူ အမှတ်တံဆိပ် အဖြစ်နဲ့ပဲ လူသိများတဲ့ Asus ရဲ့ Zenfone 3 ဖုုန်းတွေကလည်း ကြော်ငြာအား မရှိလှ ပေမယ့် ဈေးကွက် နေရာရဖို့ ကြိုးစားနေတာပါ။ ပြိုင်ဘက်တွေ များနေတဲ့ အနေအထားမှာ Zenfone 3 ရဲ့ အရည်အသွေး ဘယ်လောက်ရှိလဲ ကြည့်ရအောင်ပါ။

ပြသ မျက်နှာပြင် အရွယ် ၅ ဒသမ ၅ လက်မ ရှိတဲ့ ဖုန်း၊ ဒါက လက်ရှိ ပြည်တွင်းမှာ လူကြိုက် အများဆုံး ဖုန်းအရွယ်၊ အလေးချိန်က ၁၅၅ ဂရမ်၊ ဒါက လက်ရှိ ဈေးကွက်ဝင် ဖုန်းတွေထဲမှာ အပေါ့ဆုံး မဟုတ်ပေမယ့် အလေးဆုံး အနေအထား မဟုတ်ဘူး။ Corning Gorilla Glass ကို သုံးထားတယ်၊ သဘောကျစရာပါ၊ SIM ကတ် ၂ ကတ် သုံးနိုင်မယ်၊ Touch အတွက် Super IPS+ကို ထည့်ထားတယ်၊ Multitouch မှာ ပုံမှန် ၅ ချက် အထိကို အခု Zenfone 3 က ၁၀ချက်ထိ သုံးနိုင်မယ် လို့ ဆိုတယ်၊ ဒါကတော့ နည်းနည်း စိတ်ဝင်စားစရာပါ။

ရေရှည်မှာ အဲဒီ စွမ်းဆောင်ရည် မှန်ပါ့မလား စောင့်ကြည့်ရပါလိမ့်မယ်။ Android စနစ်က ဖုန်းထဲမှာ ထည့်ထားတာက v6.0.1 ဖြစ်ပေမယ့် နောက်ဆုံးထွက် v7.0 ကို လိုချင်ရင် အဆင့်မြှင့်နိုင်မယ်၊ CPUက Octa-core နဲ့ GPU က Adreno 506၊ တန်ကြေးသင့် ဖုန်းတစ်လုံး အတွက် ကျေနပ်စရာပါ။

နောက်ပြီး Meory Card နေရာ ပါသေးတယ်။ SIM 2 ရဲ့ နေရာမှာ ထည့်သုံးရမှာ ပါ။ 256 GB ထိအောင် ကတ်စိုက်နိုင်မယ့် အချက်က သဘောကျမိ ပါတယ်။ ဒါပေမယ့် CPU အထိုင်နဲ့ အဆိုပါ ကတ်အကြီးစားကို ဘယ်လောက် မြန်မြန် ဖတ်နိုင်မလဲ ဆိုတာကတော့ နည်းနည်း စမ်းကြည့်ချင်စရာပါ။ RAM အပိုင်းမှာ ၂ မျိုး လာပါတယ်။ 3GB နဲ့ 4GB ပါ။ RAM ပမာဏ အပေါ် မူတည်ပြီး Internal Memory ကလည်း 32 GB နဲ့ 64 GB ကွဲသွားပါတယ်။ ဈေးလည်း နည်းနည်း ကွာဟချက် ရှိတာပေါ့။

ကင်မရာ အပိုင်းမှာ ပင်မ နောက်ဘက် ကင်မရာက 16 MP နဲ့ ရှေ့ဘက်က 8 MP၊ ပင်မ ကင်မရာ ပုံမှန် အနေအထား ဖြစ်ပေမယ့် ရှေ့ဘက် ကင်မရာကတော့ ပုံမှန် 5 MP ထက် မြှင့်ထားတာ တွေ့ရပါတယ်။ ရုပ်ထွက်ကတော့ ကောင်းမွန် ပါတယ်။ Fingerprint စနစ် သုံးနိုင်မယ်၊ ဘက်ထရီက အသေတပ်ထားတဲ့ 3000 mAh  အားထိန်း အရွယ်ပါ။

ဈေးနှုန်းကတော့ Zenfone 3 ကို ကျပ် ၃၉၉၀၀၀ ရှိနေပါတယ်။ ဖုန်းတလုံးလုံးရဲ့ အနေအထားကို ခြုံပြီး သုံးသပ် ရရင်တော့ တန်ကြေးသင့် ဖုန်းတလုံး အတွက် ကျေနပ်စရာပါ။ သို့ပေမယ့် ကျပ် ၃ သိန်း ဝန်းကျင်ဆိုရင် သုံးစွဲသူ အများစု ပိုပြီး လက်လှမ်းမိမယ်၊ သုံးစွဲမှု ကျယ်ပြန့်မယ်လို့ ယူဆပါတယ်။    ။

Loading