ပယင်းကျောက် အပိုင်းအစတခု အတွင်း ဒိုင်နိုဆော အမြီးပိုင်းကို ပထမဆုံး တွေ့ရှိခဲ့ခြင်းက ပြီးခဲ့သောလအတွင်း ကမ္ဘာ တလွှားရှိသတင်းစာများတွင် ထိပ်တန်းသတင်း ဖြစ်ခဲ့သည်။ အီဗာ (Eva) အမည်ရှိ ထိုကျောက်ဖြစ်ရုပ်ကြွင်း သစ်ပင်ပင်စည်ရည်သို့ မဟုတ် ပယင်း အတွင်းမှ သက်ရှိအင်္ဂါ အစိတ်အပိုင်း၏ အရာမယွင်းသေးသည့် ဓါတု ဖွဲ့စည်းပုံကြောင့် သိပ္ပံပညာအတွက် လေ့လာဆန်းစစ်စရာတခု အလျှင်အမြန်ဖြစ်လာသည်။
လွန်ခဲ့သော နှစ်ပေါင်း ၇၉ သန်းမှ ၁၄၉ သန်းအတွင်း Cretaceous ခေတ် က ဖြစ်၍ လွန်စွာရှားပါးပြီး အဖိုးတန် သည့် ဒိုင်နိုဆောအမြီးပိုင်း ပါဝင်သော ပယင်းက တရုတ်နိုင်ငံမှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် လီဒါရှင်းထံ ရောက်သွားသည်။ လီဒါရှင်း နှင့် အဖွဲ့က အပင်နှင့် သက်ရှိသတ္တဝါ ပါဝင်သည့် ကမ္ဘာ့ အကောင်းဆုံး ပယင်းများ ထွက်ရှိရာ ဒေသများ အနက် တခုဖြစ်သော မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ၂၀၁၅ ခုနှစ်က ခရီးထွက်ခဲ့ကြစဉ် ထိုသက်တမ်းနှစ် ၉၉ သန်းရှိ ပယင်း ကျောက် ကို ရရှိခြင်းဖြစ်သည်။
သက်ရှိရုပ်ကြွင်း ပါဝင်သော ပယင်းများက ကမ္ဘာတလွှားရှိ ကျောက်မျက်ကုန်သည်များအတွက် လွန်စွာ အလုပ်ဖြစ်ပြီး ပင့်ကူတကောင်တည်း ပါဝင်သော ပယင်းကျောက် တခုလျှင် ဒေါ်လာ ၁၀၀၀ ခန့် အထိ ရတတ်ကာ ဒိုင်နိုဆော အမြီးပါဝင်နေသည့် အီဗာမှာမူ ဒေါ်လာတသိန်းခန့် အလွယ်တကူ ရနိုင်သည်။
အီဗာကို ရှာဖွှေတွေ့ရှိချိန်မှစ၍ လီဒါရှင်း၏ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်သို့ ရုပ်ဖျက်၍ သွားရောက်ခဲ့ရသော ဇာတ်လမ်းရှည်ကြီး ကို သတင်းများတွင် ဖော်ပြခဲ့ကြသည်။ မှတ်ပုံတင်အတုများနှင့် ဒေသထွက် မျက်နှာလိမ်းချယ်ဆေးများ အသုံးပြုပြီး လီဒါရှင်းက တိုင်းရင်းသား လက်နက်ကိုင်များက ထိန်းချုပ်ထားသော ပယင်းကျောက်မိုင်းသို့ သုတေသန ပြုလုပ်ရန် သွားရောက်ခဲ့ရာ နောက်ဆုံးတွင် ဒိုင်နိုဆောအမြီး ပါသော ပယင်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်းမှ ပယင်းရရှိအောင် လုပ်ဆောင်ရခြင်းက သေမင်း၊ ရောဂါ ဘယ နှင့် အဖမ်းအဆီး ခံရခြင်းတို့ကို အန်တုရသော စွန့်စားမှုသဖွယ် ဖြစ်နေသည်။ ကချင်ပြည်နယ်သို့ ခရီးသွားရဲသည့် မည်သူမဆို ပယင်းကို ဈေးသက်သာစွာ ဝယ်နိုင်သောကြောင့် အများထင်သလောက်တော့ မခက်ပါ။ သို့သော် တိုင်းပြည်၏ မတည်ငြိမ် ခဲ့သော အတိတ်ကြောင့် ဒေါ်လာသန်း ၁၀၀၀ တန်ကြေး ရှိနိုင်သော ထိုဈေးကွက်သို့ ဝင်ရောက်ရန် ဖြစ်နိုင်ကြောင်း သတိထားမိသော နိုင်ငံခြားသား အလွန်နည်းခဲ့သည်။
မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် တို့အကြား ဆက်လက်ဖြစ်ပေါ်နေသောတိုက်ပွဲ များက မြန်မာနိုင်ငံမြောက်ပိုင်း သို့ သွားလာရေးတွင် အဟန့်အတား ဖြစ်နေသည်။
အင်တာနက်၊ သတင်းစာများ၊ မြန်မာဟိုတယ်ဧည့်ခန်းဆောင်များနှင့် သံရုံးများတွင် ပဋိပက္ခ သတင်းများ ပျံ့နှံသည့်တိုင် ကျောက်မျက်ဈေးကွက်နှင့် နီးစပ်စေရန် ကချင်ပြည်နယ်သို့ သွားရောက်ခြင်းမှာ နိုင်ငံခြားသားများအတွက် အခြားနေရာများထက်စာလျှင် စရိတ်စက သက်သာပြီး ဘေးကင်းမှုလည်း ရှိသည်။
လီဒါရှင်း၏ ရှာဖွေတွေ့ရှိမှုကြောင့် အထူးသဖြင့် ကျောက်ကုန်သည်များ၊ ပယင်းေကျောက်ရှာသူများနှင့် ရတနာကုန်သည်များ အပါအဝင် ထောင်စုနှစ်နှင့်ချီသော သက်တမ်းရှိ သစ်ပင်စည်ရည် ကျောက်ဖြစ်ရုပ်ကြွင်း (ပယင်း) အပေါ် ဝင်ငွေအတွက် မှီခိုနေရသောသူများ အကြားတွင် ထိုဒေသသို့သွားရောက်လိုစိတ်များ မြင့်တက်လာမည် ဖြစ် သည်။
ကချင်တောင်တန်းများမှ ဒိုင်နိုဆော ရုပ်ကြွင်း အပိုင်းအစများ ထပ်မံရရှိနိုင်မည့် အလားအလာကို Burmite ခေါ် မြန်မာ့ ပယင်းကျောက် အကြောင်း သိရှိသူ အများအပြားတို့ မကြာမီ သတိပြုမိကြတော့မည် ဖြစ်သည်။ လီဒါရှင်း ကိုယ်တိုင်က မကြာမီ ဒိုင်နိုဆောတကောင်လုံးကိုပင်တွေ့မည်ဟု ပြောကြောင်း သတင်းများတွင် ဖေါ်ပြကြသည်။
ကချင်ပြည်နယ် မြန်မာ့ ပယင်းမိုင်းများမှ ရရှိသည်မှာ ဒိုင်နိုဆောများ တင်မဟုတ်ပေ။ အဖိုးတန်ရှားပါးပြီး မျိုးတုန်း ပျောက်ကွယ်ပြီး ဖြစ်ဖွယ်ရှိသည့် ပင့်ကူများ၊ ယင်ကောင်များ၊ သက်တမ်းနှစ်သန်းပေါင်း ၁၀၀ ရှိ အပင်များ၊ တိရစ္ဆာန်များ ကိုလည်းနေ့စဉ်ရှာဖွေတွေ့ရှိနေပြီး ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားကဲ့သို့သော ဒေသ တခုလုံးရှိ နေရာများ၌ လေဟာပြင်တွင်ချကာ ရောင်းချကြသည်။ ၂၀၁၅ ခုနှစ်က ဒိုင်နိုဆောအမြီးပါသည့် ပယင်းကို ဝယ်ယူခဲ့သည်မှာလည်း မြစ်ကြီးနားမှပင် ဖြစ်သည်။
မကြာသေးမီကအထိ ကချင်ပြည်နယ်မှ ပယင်းရိုင်းများကြောင်းကို သာမန်လူထုက မသိကြသေးဘဲ ယခုလည်း များစွာ မသိကြသေးပေ။ ထင်ရှားသည့် ကနေဒါဘူမိဗေဒ ပညာရှင် James Davis က ၁၉၉၀ ခုနှစ်များ အတွင်းတွင် မြန်မာ့ ပယင်းကို အပြင်းအထန် ခြေရာခံလိုက်ခဲ့ပြီး ပယင်း ကီလိုဂရမ် ၅၀၀ ကျော်ရခဲ့သည်။ Davis က ထိုပယင်းများကို မြောက်အမေရိကသို့ယူဆောင်ခဲ့ပြီး ချမ်းသာကြွယ်ဝသော အမေရိကန် ဝယ်ယူ စုဆောင်း သူများထံ သို့ရောင်းချခဲ့သည်။ မြန်မာနိုင်ငံသည် ထိုစဉ်က လူ့အခွင့် အရေးချိုးဖောက်မှု စွပ်စွဲချက်များ တပုံတပင်နှင့် ရင်ဆိုင်နေရသည့် စစ်အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ရှိနေခဲ့သည်။
အစိုးရ ထိန်းချုပ်နိုင်မှု နည်းသော နယ်စပ်ဒေသများနှင့် အစိုးရအခွန်ဌာနက တိုင်းတာခြင်း မပြုနိုင်သော ဈေးကွက်များတွင် ပစ္စည်းမျိုးစုံကို တရားဝင်သည်ဖြစ်စေ တရားမဝင်ဖြစ်စေ အကြီးအကျယ်ကုန်သွယ်နေသော မှောင်ခိုဈေးကွက် ကြီးထွားမှု ကြောင့် မြန်မာ့ပယင်းကုန်သွယ်ရေး၏ ပမာဏကို စာရင်းဇယားအရ ပြောရန်အလွန်ခက်ခဲသည်။ သို့သော် မြန်မာနိုင်ငံတွင် နှစ်စဉ် ပယင်းဒေါ်လာ သန်းတထောင်ဖိုးခန့် ရောင်းဝယ်နေသည်ဟု ခန့်မှန်းရလျှင် မမှားလောက်ပေ။
နယ်စပ်ဒေသများတွင် တိုက်ပွဲများ ရှိနေသော်လည်း မြစ်ကြီးနားသည် မန္တလေးနှင့် ရန်ကုန်ကဲ့သို့သော လူသိများသည့် အခြားမြို့များထက် ပိုမိုသန့်ရှင်း အေးမြ၍ စိုထိုင်းဆနည်းပြီး လူဦးရေလည်းနည်းကာ ပိုမိုတိတ်ဆိတ်သောမြို့ဖြစ်သည်။
ချွေတာသော ကျောက်မျက်မုဆိုး တယာက် အနေဖြင့် မြစ်ကြီးနားသို့ ရထားနှင့် သွားလျှင် နာရီ ၄၀ ခန့်ကြာသော်လည်း ဒေါ်လာ ၃၀ ပင် မကုန်ပါ။ ရထားခရီးမှာ ခုန်လွန်းပြီး ဆူညံလှကာ အိုက်လည်းအိုက်သည်။ ဖရဲသီးနှင့် ၂ ဒေါ်လာတန် ဝီစကီ ရောင်းသော အမျိုးသမီးများ နှင့်ကလေးများက အလယ် လျှောက်လမ်းတလျှောက်တွင် အမြဲလိုလို သွားလာ နေကြပြီး ပစ္စည်းအမျိုးအမည်နှင့် ဈေးနှုန်းများကို ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
အထက်တန်းခရီးသွားများ အနေဖြင့် ရန်ကုန်မှ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် သွားနိုင်သည်။ ဘတ်စ်ကားများနှင့် ရထားပေါ် တွင် အင်းဆက်များ၊ ကူးစက်ရောဂါများ ရရှိနိုင်ချေကို စိုးရိမ်သည့် အနောက်နိုင်ငံသားများ အတွက် လေယာဉ်ခရီးက ထိုစိတ္တဇ များကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
ကနေဒါ ခရီးသွားလုပ်ငန်းအေဂျင်စီ၏ အင်တာနက်စာမျက်နှာတွင် မြန်မာနိုင်ငံကို သွေးလွန်တုပ်ကွေး၊ ဦးနှောက် အမြှေးရောင် နှင် ဇီကာဗိုင်းရပ်စ်ကဲ့သို့ သောရောဂါများ အတွက် အန္တရာယ်မြင့်မားသော နိုင်ငံအဖြစ် ဖေါ်ပြကြသည်။
နိုင်ငံ၏အခြားသော ဒေသများကဲ့သို့ပင် မြစ်ကြီးနားမြို့၏ လူဦးရေတွင် ကွဲပြားမှုများ ရှိနေသည်။ မကြာသေးမီက ကောက်ယူခဲ့သော သန်းခေါင်စာရင်းများအရ ဗုဒ္ဓဘာသာဗမာ ဦးရေမှာ ဂျိန်းဖေါစကား ပြောသော ခရစ်ယန် ဘာသာဝင် အများစုဖြစ်သည့် ကချင်လူမျိုးစုများထက် အနည်းငယ်များပြားနေသည်။ အိန္ဒိယနွယ်ဖွား ဆစ်ခ်၊ မွတ်ဆလင်နှင့် ဂေါ်ရခါးလူမျိုးများ လည်းနေထိုင်ကြသည်။
အသက် ၂၈ နှစ်အရွယ်ရှိ ဝေလင်းသည် မြစ်ကြီးနားရှိ ပယင်းဈေးသို့ နေ့စဉ်သွားရောက်ပြီး ဈေးတန်သော ပယင်းကိုရှာကာ သူကိုယ်တိုင်သွေးပြီးနောက် ပြန်လည်ရောင်းချသည်။
ပယင်းကို မြစ်ကြီးနား ဘူတာနှင့် အတန်ငယ်မျှသာဝေးသော ပင်မဈေးကြီးတွင် နံနက်စောစောရောင်းချသည်။ အမျိုးသမီး အများစုဖြစ်သည့် ရောင်းချသူ ဒါဇင်ပေါင်းများစွာတို့က အဆောက်အအုံပြင်ပ လေဟာပြင်တွင် ပယင်းပုံကြီးများ၏ နောက် တွင် ထိုင်နေကြသည်။ မြန်မာ ပယင်းမုဆိုးများက ဆောင့်ကြောင့်ထိုင်ကာ အရည်အသွေးမြင့်ကျောက်ကိုရှာရင်း ကျောက်များကို လှန်လှော ကြည့်နေကြသည်။ ဝယ်သူတဦး ဖြတ်လျှောက်လာပါက ကျောက်များ ပိုမိုတောက်ပ လာစေရန် ရေဖြင့်ဖျန်းပက်ကြသည်။
သွေးပြီးသား ပယင်းလက်ကောက်များကိုလည်း စင်ပေါ်မှာ တင်ပြီး ပြသရောင်းချကြသည်။ ကျောက်သယ်လာကြသည့် ပယင်းတူးသူများကလည်း အထဲမှာ ဘာပါသည်ကို စိတ်ဝင်စားသည့် ဝယ်လက်များနှင့် တွေ့ဆုံကြသည်။ အဖိုးတန် ကျောက်ကို ဈေးသက်သာစွာရရှိစေရန် စိတ်ရှည်ရှည်ထား၍ အပေးအယူ လုပ်ရန် လိုသည်။ ကျောက်ပုံ တပုံပုံကို နိုင်ငံခြားသားတယောက်ယောက်က ဈေးမေးလိုက်သည့် အခါတိုင်း ဈေးများမှာ လွန်စွာမြင့်မားနေမည်ဖြစ်သည်။
“မြန်မာတွေက ဈေးဆစ်တာကို ကြိုက်ကြတယ်။ ဒါဟာအရောင်းအဝယ်ရဲ့အစိတ်အပိုင်းတခုပဲ” ဟု Davis က အရှေ့ တောင် အာရှဈေးများ မှသူ၏အတွေ့အကြုံကို ပြန်ပြောပြသည်။
ဝယ်သူက ဈေးနှုန်းတခုပေးပြီးနောက် ရောင်းသူက မတုန့်ပြန်လျှင် ဈေးကိုချက်ချင်း ပြန်လည်ရုတ်သိမ်း နိုင်သည်။ ဈေးနှုန်းများမှာ ပုံသေမဟုတ်ဘဲ အရောင်းအဝယ်လုပ်ရာတွင် ဦးနှောက်အလွန်သုံးရသည်။ ကျေက်တုံးကြီးများ ကို ရောင်းဝယ်ရာတွင် ချိန်ခွင်အသုံးပြုမှု ရှားပါးလှသည်။ အများအားဖြင့် အမြင်အတိုင်းဆုံးဖြတ်ကြပြီး မှန်ဘီလူးများ၊ ဓါတ်မီးများ အသုံးပြုကာကြည့်ကြသည်။
ပယင်းဈေးများကို စောစောသိမ်းလေ့ရှိသည်။ တခါတရံ မွန်းတည့်ချိန် မတိုင်မီမှာပင် ပိတ်သည်။ ထိုအလေ့အထမှာ တိတ်ဆိတ်ပြီး ရှေးရိုးဆန်သော မြန်မာနိုင်ငံ၏ ထုံးစံဖြစ်သည်။ အိမ်နီးချင်းထိုုင်းနိုင်ငံရှိ လူများကတော့ ဆန့်ကျင်ဘက်ဖြစ် ပြီး မည်သည့်အချိန်မျှ အိပ်သည့်ပုံပင်မရပေ။ မြစ်ကြီးနားတွင် ညဖက်အထိ ဖွင့်သော တခုတည်းသော စီးပွားရေးမှာ မီးထွန်းရုံမျှသာ ထွန်းထားသော လမ်းဘေး လက်ဖက်ရည်ဆိုင်များဖြစ်ပြီး ကျောက်မျက်နှင့်အခြားပစ္စည်းရောင်းသူများ ထိုဆိုင်များတွင် တခါတရံစုဝေးကြပြီး ဈေးပေါသော ပလပ်စတစ်ခုံများပေါ်တွင်ထိုင်ကာ အရောင်းအဝယ်လုပ်ကြသည်။
အမျိုးသားများက စကားပြောရင်း စီးကရက် သို့မဟုတ် ဆေးပေါ့လိပ်သောက်ရင်း ထိုင်ကြနေသည်။ အရောင်းအဝယ် ပြီးလျှင် လက်ဖက်ရည် ချပေးဖို့ စောင့်နေသည့် လူငယ်လေးများ ကို အမြဲလိုမြင်ရသည်။ နံပါတ် ဖိုး ဟု ဒေသတွင်းမှာ ခေါ်သည့် ဘိန်းဖြူ သို့မဟုတ် မက်သဖက်တမင်း ဖြစ်စေ ပယင်းနှင့် အခြားကျောက်မျက်များကဲ့သို့သော ပစ္စည်းများ ဖြစ်စေ မြစ်ကြီးနားတွင် လိုချင်တာရနိုင်သည်။
လဘက်ရည်ဆိုင်သို့ ရောက်လာသည့် နိုင်ငံခြားသားကို သူတို့ အရောင်းအဝယ် လုပ်ကြသည့် ပုံစံ အတိုင်း မြန်မာ ပယင်း အရောင်းသမားက ပယင်းကျောက်တလုံးကို လက်ဆောင် အဖြစ် အရင်ပေးလိုက်သည်။ ရက်ရောသည့်မြန်မာလူငယ်မှာ မကြာခဏဆိုသလို ချမ်းသာ ကြွယ်ဝသည့် လက်ကား အရောင်းသမား များ၏ ခေါင်းပုံဖြတ်ခြင်းခံရသည်။ သူတို့က မြို့ တွင်း နှင့် တနိုင်ငံ လုံးမှ အရည်အသွေးမြင့် ပယင်းများ ရောင်းချမှုကို ကန့်သတ် ထိန်းချုပ် လိုကြ၍ ဖြစ်သည်။
လက်ဆောင်ကျောက် မှာ ထွင်းဖေါက်မြင်ရသည့် အဝါရောင်ကျောက်ဖြစ်ပြီး အတွင်းတွင် မည်သည့်အင်းဆက်မျှမပါဝင်ပါ။ မိနစ်ပိုင်း အတွင်း မှာပင် ဝယ်ယူသူ ပိန်ပိန်ရှည်ရှည်နိုင်ငံခြားသားနှင့် လက်ဆွဲနှုတ်ဆက်ပြီး အင်းဆက်နှင့် အပင်များ ပါဝင်သည့် တနိုင်းဒေသထွက် ပယင်းအတုံး ၃၀ ပါ အိတ်တလုံးအရောင်းအဝယ်ဖြစ်သွားသည်။
ဈေးတွင် ရောင်းဝယ်သည် နှင့် စာလျှင် လက်ဖက်ရည်ဆိုင်တွင် အရောင်းအဝယ် လုပ်ရသည်မှာ လွယ်ကူပြီး ဈေးသက် သာ လွန်းသောကြောင့် သူသည် နားမလည်နိုင်ဘဲ အံ့သြနေသည်။ သို့သော် သူဝယ်ယူခဲ့သော အရာ၏ တန်ဖိုး အစစ် အမှန်ကိုလည်းမသိပေ။ ထိုအချိန်တွင် သူလုပ်ခဲ့သော အရောင်းအဝယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ သွယ်ဝိုက်သော သက်ရောက်မှုများကိုလည်း မစဉ်းစားမိသလောက်ပင်ဖြစ်သည်။
ထိုနည်းအတိုင်းပင် မြစ်ကြီးနားမြို့မှ ဖုန်ထူသော လက်ဖက်ရည်ဆိုင်လေးများတွင် နေ့ရက်တရက် ကုန်ဆုံးသွားမည် ဖြစ်သည်။
Financial Post တွင် ဖော်ပြခဲ့သည့် Sam Cooley ၏ Dodging rumour and insurgency: the hunt for Burmese amber goes to the heart of Myanmar’s turbulent north ကို ဘာသာပြန်သည်။