မြန်မာပြည်တွင်း လတ်တလော ငြိမ်သက်နေသည့် အိမ်ခြံမြေ ဈေးကွက်သည် အရှိန်အဟုန်နှင့် တိုးတက်လာရန် အလား အလာ ရှိကြောင်း အိမ်ခြံမြေကဏ္ဍတွင် အဓိက လုပ်ကိုင်နေသည့် ကျွမ်းကျင်သူ များက ပြောဆိုသည်။
“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မကြာခင်က ပြုလုပ်လိုက်တဲ့ အပြောင်းအလဲနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်က အိမ်ခြံမြေဈေးကွက် အပေါ် အများကြီး သက်ရောက်မှု ရှိလာတယ်”ဟု House.com.mm ၏ တွဲဖက် တည် ထောင် သူ နှင့် မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သူ Mr.Nitesh Khirwal က ပြောသည်။
၂၀၁၇ ခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့် ရရှိရန် ဆွဲဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသည်ဟုလည်း ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုှနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)မှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းကမူ “ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ် သက် လို့ ဂျိုက်ကာ (JICA) နဲ့ ၂၀၁၄ ကတည်းက ဆွဲထားတဲ့ ပရိုမိုးရှင်း ပလန် ရှိပါတယ်။ အဲဒီမှာတော့ ၂၀၁၆ ကနေ ၂၀၂၀ အထိက တနှစ်ကို ဒေါ်လာ ၆ ဘီလီယံပဲ လျာထားတာ ဖြစ်ပါတယ်။ ၂၀၂၁ ကနေ ၂၀၃၀ အထိကိုတော့ တနှစ်ကို ဒေါ်လာ ၈ ဘီလီယံ လျာထားတာ ရှိပါတယ်”ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကုန်သွယ်မှု၊ စိုက်ပျိုးရေးနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံမှု ပိုဝင်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ဖန်တီးနိုင်ရန် တွန်းအားပေးထားကြောင်း သိရသည်။
“ဥပဒေသစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်မယ်။ ဆန်ရှင် ရုပ်လိုက်ခြင်းကြောင့် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှု ဈေးကွက်ကို စိတ်ဝင်စားမှု မြင့်တက်လာတယ်။ အထူးသဖြင့် စက်မှုဇုန် ဘက်ခြမ်းမှာ အိမ်ခြံမြေလုပ်ငန်းတွေ အားကောင်းလာနိုင်တယ်”ဟု မန်နေးဂျင်း ဒါရိုက်တာ Mr.Nitesh Khirwal က ဆိုသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများထဲတွင် အဆင့် ၅ နေရာအထိ ရောက်ရှိနေ ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ စာရင်းတွင်လည်း ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၄ ရက်နေ့ ရန်ကုန် စတော့အိတ်ချိန်း ရုံးတွင် ပြုလုပ်သည့် FMI ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းများနှင့် အနာဂတ် အလားအလာများ ရှင်းလင်းတင်ပြသည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွေးနွေးပွဲတွင် FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းေ၀ ကလည်း အိမ်ခြံမြေ ဈေးကွက်နှင့် ပတ်သက်ပြီး အစိုးရ သက်တမ်း၏ ကျန် ၄ နှစ်ကာလအတွင်း စီးပွားရေး တိုးတက်မှု များလာ၍ အိမ်ရာမြေ လိုအပ်ချက် ပေါ်မူတည်ပြီး ဈေးကွက် ပြန်ကောင်းလာမည်ဟု မျှော်လင့်ထားကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် အေးနေခဲ့သော်လည်း ရင်းနှီးမြှုပ်နှံမှု ကျ သွားခြင်း မရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည့် အိမ်ရာစီမံကိန်းများလည်း အများအပြား ရှိနေကြောင်း သိရသည်။
House.com.mm ကို ၂၀၁၂ ခုနှစ်က စတင်၍ မြန်မာနိုင်ငံတွင် အခြေစိုက်ခဲ့ပြီး Rocket Internet ၏ လက်ခွဲ ကုမ္ပဏီ တခု ဖြစ်သည်။
ထို့အပြင် Work.com.mm ၊ Shop.com.mm ၊ Ads.com.mm ကုမ္ပဏီများ ၏ လုပ်ဖော်ကိုင်ဖက် လုပ်ငန်းတခုလည်း ဖြစ် သည်။
House.com.mm သည် အိမ်ခြံမြေများသာမက တိုက်ခန်းနှင့် စီးပွားရေး အဆောက်အအုံများကို ရောင်းလို ငှားလိုသူ များ အတွက် လွယ်ကူစွာ ရှာဖွေနိုင်သည့် အင်တာနက် ကွန်ရက် တခုဖြစ်သည်။