လူသုံးကုန်ပစ္စည်းများကို ယခင်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇၃၄သန်းဖိုး တင်သွင်းခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂၆၂ သန်းဖိုးခန့် တင်သွင်းထားသောကြောင့် အမေရိကန်ဒေါ်လာ ၅၂၈ သန်းဖိုး ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ လူသုံးကုန်ပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေးမှ တင်သွင်းမှုများထက် ပင်လယ်ရေကြောင်းမှ ပိုမို တင်သွင်းလျက်ရှိပြီး တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန် နှင့် အိန္ဒိယနိုင်ငံတို့မှ အများဆုံးတင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
”နယ်စပ်ကုန်သွယ်ရေးက ၂၀ ရာခိုင်နူန်းလောက်ပဲ ကုန်သွယ်မှုရှိတာဆိုတော့ သွင်းကုန်ပစ္စည်းတွေက ပင်လယ်ရေကြောင်းက တင်သွင်းတာများတယ်။ မနှစ်ကထက် အခုချိန်ထိ လူသုံးကုန်ပစ္စည်းက သန်း ၅၀၀ ကျော်ဖိုးလောက် ပိုတင်သွင်းထားတယ်။ ဒါပေမယ့် ဒီဘဏ္ဍာနှစ် တခုလုံးနဲ့ နိူင်းယှဉ်ရင် ပို့ကုန်က ပိုတယ်။ သွင်းကုန်က ကျတယ်။ သွင်းကုန်ကဏ္ဍမှာ နိုင်ငံပိုင်နဲ့ နိူင်းယှဉ်ရင် ပုဂ္ဂလိကကဏ္ဍက တင်သွင်းမှုပိုတယ်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီလျံလောက် တင်သွင်းမှု တိုးလာတယ်”ဟု၎င်းက ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏလျာထားချက်မှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၀ ဘီလီလျံဖြစ်ပြီး မြန်မာနိုင်ငံမှ အဓိကတင်ပို့နေသော စက်မှုတွင်းထွက်ကဏ္ဍဖြစ်သည့် ဓာတ်ငွေ့တင်ပို့မှုအပိုင်း၌ အမေရိကန်ဒေါ်လာ ၃၈၅ သန်းဖိုးခန့် တင်ပို့မှုလျော့ကျထား၍ အမေရိကန်ဒေါ်လာ ၈ ဘီလီလျံခန့်လိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှသိရသည်။
ကုန်သွယ်မှုလိုငွေပမာဏ မြင့်တက်နေ၍ လူသုံးကုန်ဇိမ်ခံပစ္စည်းများ တင်သွင်းမှုကို ထိန်းချုပ်သွားမည် ဖြစ်ပြီး အဓိကအားဖြင့် အဝတ်အထည်များနှင့် အလှကုန်ပစ္စည်းများကို ထိန်းချုပ်မည်ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
”လုံး၀ တင်သွင်းခွင့်မပြုတာတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းခွင့်ပြုပါမယ်။ အဝတ်အထည်တို့ ဘာတို့ဆိုရင် တချို့ကိစ္စတွေက လိုင်စင်ယူဖို့ မလိုတဲ့ပစ္စည်းတွေ ဖြစ်သွားတာတွေ ရှိတယ်။ ဥပမာ အလှကုန်ပစ္စည်းတွေက လိုင်စင်ရယူဖို့ မဖြစ်တဲ့အတွက်ကြောင့် အဲဒါတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပြန်ဆွေးနွေးပြီးတော့ ဆောင်ရွက်ဖို့ရှိပါတယ်။ လောလောဆယ်က ဘယ်ပစ္စည်းကို သတ်မှတ်မယ်ဆိုတာထက် လတ်တလော အရေးကြီးတဲ့ တဦးချင်း မော်တော်ယာဉ် တင်သွင်းမှုကို ထိန်းချုပ်ထားပါတယ်” ဟု ဦးခင်မောင်လွင်က ပြောသည်။
အခွန်တိုးမြင့်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သော်လည်း ယခု ဒုတိယ ဘဏ္ဍာနှစ်တွင် အကောက်အခွန် ဥပဒေသည် ကြေငြာပြီးပြီဖြစ်သောကြောင့် လုပ်ဆောင်ရန် မဖြစ်သေးကြောင်း လာမည့်ဘဏ္ဍာနှစ်များတွင် အခွန်တိုးကောက်ရန် ဆွေးနွေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုသို့လုပ်ဆောင်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနစသည့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။