ပြည်ပမှ တင်သွင်းလာပြီး ဆိပ်ကမ်းတွင် လာရောက်ထုတ်ခြင်း မရှိသည့် မော်တော်ယာဉ် ၂၀၈၀ စီး ကို နိုင်ငံပိုင် အဖြစ် သိမ်းဆည်းပြီး ဌာနဆိုင်ရာများကို ခွဲဝေပေးမည်ဖြစ်ကာ ၂၀၁၇ ခုနှစ်တွင် လေလံတင်ရောင်းချမည့် အစီစဉ် မရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရသည်။
“မော်တော်ကားတွေ လေလံတင်ရောင်းချဖို့ အစီစဉ် ဆိပ်ကမ်းမှာ လုံးဝမရှိပါဘူး။ သိမ်းဆည်းထားတဲ့ မော်တော်ကား တွေကို သက်ဆိုင်တဲ့ ဌာနတွေကို ခွဲပေးမှာ ဖြစ်ပါတယ်။ အခု စီစဉ်နေတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး လက်ထောက်အထွေထွေ မန်နေဂျာ ဦးဇော်ထွန်းလွင်က ပြောသည်။
ပြည်ပမှ မှာယူတင်သွင်းသော မော်တော်ယာဉ်များကို ၂ လ (ရက်ပေါင်း၆၀) အတွင်း လာရောက် ဆိပ်ကမ်းမှ ထုတ်ယူရမည် ဖြစ်ပြီး အကယ်၍ ယင်းကာလ အတွင်းမထုတ်ယူနိုင်လျှင် ဒဏ်ကြေးပေးဆောင် ထုတ်ယူရမည် ဖြစ်သည်။
“ဂျပန်နိုင်ငံက ကားရောင်းတဲ့ သူတွေက ကားတွေ တင်ပေးလိုက်တယ်။ ဒီမှာက လိုင်စင်တွေက မရှိဘူး။ နောက်တခါ လိုင်စင် ပြောင်းသွားတာတွေလည်း ရှိတယ်လေ။ ဥပမာ ၂၀၁၆ မှာ ခွင့်ပြုတဲ့ လိုင်စင်က ၂၀၁၇ မှာကျတော့ ထုတ်လို့ မရတော့ဘူးပေါ့နော်။ လိုင်စင်အပြောင်းအလဲ ကြောင့်လည်း ပါတယ်။ လိုင်စင် မမီတာတွေလည်း ပါတယ်။ တချို့ ကျတော့ မြန်မာပြည်ကို ရောင်းမယ့်သူ ကြိုမှာ ထားတယ်။ အဲလို လူမျိုးတွေက လက်ကျန်တွေ ရှိတာပေါ့” မော်တော်ယာဉ် တင်သွင်း ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။