ကြည်လင်နေသော အပြာရောင်ရေပြင်၊ ဖြူဖွဲနေသောသဲများနှင့့် တိတ်ဆိတ်ငြိမ်သက်လှသည့် ပတ်ဝန်းကျင်ကြောင့် ရခိုင်ပြည်နယ်တွင်ရှိသည့် ငပလီကမ်းခြေသည် အားလပ်ရက်တွင် အပန်းဖြေကြသော ပြည်တွင်းပြည်ပခရီးသွားတို့၏ ခရီးစဉ်အဖြစ် တည်ရှိနေသည်မှာ မျိုးဆက်နှင့်ချီ ကြာမြင့်ခဲပြီဖြစ်သည်။
ရခိုင်ကမ်းရိုးတန်း သံတွဲမြို့နယ်တွင်တည်ရှိပြီး ဘင်္ဂလားပင်လယ်အော် အစွန်နားတွင်တည်ရှိသည့် ငပလီ ကမ်းခြေကို မြန်မာနိုင်ငံ၏ ကမ်းခြေများထဲမှ အလှပဆုံးကမ်းခြေအဖြစ် သတ်မှတ်ကြပါသည်။ တချိန်က တိုင်းပြည်ကို ဆယ်စုနှစ်များစွာ တင်းကျပ်စွာအုပ်ချုပ်ခဲ့သော အာဏာရှင်ဟောင်း ဦးနေဝင်း၏ သဘောအကျဆုံး အပန်းဖြေနေရာတစ်ခုလည်းဖြစ်ခဲ့သည်။
သို့သော် နာမည်ကြီး ငပလီကမ်းခြေမှာ ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု သိသာစွာ များပြားလာသည့် အလျောက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ယင်းခရီးသွားများအတွက် အခန်းလုံလောက်စွာထားရှိနိုင်ရန် ၃ ထပ်မှ ၅ ထပ် အထိရှိမည့် တည်ဆောက်ရေးလုပ်ငန်းများကို တောင်းဆိုနေသည်။
တဖက်တွင် တည်ဆောက်ရေးစီမံကိန်းများကြောင့် ကမ်းခြေ၏ သဘာဝအလှနှင့် ကျော်ကြားသော ရှုခင်းများ ထိခိုက်ပျက်စီးသွားမည်ကို ပြည်သူများက စိုးရိမ်ပူပန်နေကြသည်။
‘အထပ်မြင့်က လူတိုင်းရဲ့ဆန္ဒပဲ’
ခရီးသွားခြင်းကို စိတ်ဝင်စားမှု မြင့်တက်လာသည့်အလျောက် လတ်တလော နှစ်များအတွင်း ငပလီသို့လာရောက်သည့် ပြည်တွင်းခရီးသည် အရေအတွက် အလွန်များပြားလာသည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပိုမိုထိတွေ့ လာသည့် ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားခရီးသွားအရေအတွက်မှာလည်း တိုးတက်လာခဲ့သည်။
ငပလီ ကမ်းခြေ ကြီးကြပ်ရေး ကော်မတီဝင် တဦးဖြစ်သည့် သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ၂၀၁၆ ခုနှစ် အတွင်းတွင် ငပလီ ကမ်းခြေသို့ နိုင်ငံခြားဧည့်သည် ၄၃၀၀၀ နီးပါးလာရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသား ဧည့်သည် ၃၈၀၀၀ ကျော် လာရောက်ခဲ့ကြောင်းပြောသည်။
“တကယ်လို့ ပြည်တွင်း ဧည့်သည်တွေပါ ထပ်ပေါင်းထည်းလိုက်ရင် ပိုများသွားမှာ သေချာတယ်” ဟု သူက ခန့်မှန်းသည်။ သို့သော် ၎င်းတွင် ပြည်တွင်း ခရီးသည်အရေအတွက်ကို သီးခြားမှတ်သားထားခြင်းမရှိပေ။
လုပ်ငန်းဆောင်ရွက်နေသည့် ဟိုတယ် ၂၀၊ မိုတယ် ၃ခု နှင့် တည်းခိုခန်း ၂၆ ခု ရှိပြီး ကမ်းခြေတွင် နေရာပေးနိုင်သည့် အရေအတွက်ထက် ခရီးသွားဧည့်သည်က (နွေရာသီတွင်) ပိုများနေသည်ဟု ကမ်းခြေကြီးကြပ်ရေး ကော်မတီကပြော သည်။
ပြည်တွင်း ဧည့်သည်များမှာ ဟိုတယ်များထက် ဈေးနှုန်းချိုသာသည့် တည်းခိုခန်းများကို များသော အားဖြင့် အသုံးပြုကြပါ သည်။ အခန်းများ ပြည်တွင်းနှင့်ပါ ပြည့်ကျပ်နေသောအခါ တချို့ တည်းခိုခန်းပိုင်ရှင်များက နိုင်ငံခြားခရီးသွားများအတွက် ပါ စီစဉ်ပေးနိုင်ရန် အခန်းများတိုးချဲ့ချင်ကြသည်။
သို့သော်လည်း ကမ်းခြေမျက်နှက်စာရှေ့တွင် တည်ရှိသော မြေကွက်ဈေးမှာ တစ်ဧကလျှင် ကျပ် ၃ ဘီလီယံ ခန့်အထိ မြင့်တက်နေကြောင်း ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ပြောပြချက် အရ သိရသည်။ ထို့ကြောင့် တည်းခိုခန်း ပိုင်ရှင်များက အသစ်တည်ဆောက်မည့် အစား ရှိပြီးသား အဆောက်အဦးကို အထပ်တိုးမြှင့်ရန် စဉ်းစားကြခြင်းဖြစ်၏။
သို့သော် ထိုသို့ပြုလုပ်ခြင်းက ၂၀၀၄ ခုနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကမ်း ခြေဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဆန့်ကျင်နေသည်။ ဟိုတယ်ဇုန် အတွင်းတွင် ၂ ထပ်ထက် ကျော်လွန်သည့် အဆောက် အဦး တည်ဆောက်ခွင့် မရှိပါ။
“ဒီမှာ ရှိတဲ့ လူတိုင်းက အထပ်မြှင့်ချင်ကြတယ်။ ဒါပေမယ့် သူတို့ (အာဏာပိုင်တွေ) က ကျမတို့ကို ခွင့်မပြုပါဘူး” ဟု ဒေါ်ဇာနည်စန်းက ပြောသည်။ သူသည် သံတွဲလေဆိပ်နှင့် ကမ်းခြေကြားရှိ တနေရာတွင် တည်းခိုခန်းဖွင့်လှစ်ထားသည်။ ဧည့်သည်များပိုမိုလက်ခံနိုင်ရန်အတွက် လက်ရှိ ၂ ထပ်အဆောက် အဦးကိုလည်း အထပ်မြှင့်တင်လိုသူလည်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်က အမျိုးသားဒီမိုကရစီ အဖွဲ့ချုပ် အစိုးရ အာဏာရရှိခဲ့သည့် အချိန်မှစ၍ ဒေသတွင်းမှ တည်းခိုခန်းပိုင်ရှင်များ က ငပလီဟိုတယ်ဇုန်နှင့် အနီးအနားရှိ ကျေးရွာများတွင် အထပ်အနည်းငယ်မြင့်သည့် အဆောက်အဦးများ တည်ဆောက် ခွင့်ရရှိရန်အတွက် လွှတ်တော်တွင် တောင်းဆိုပေးရန် လွှတ်တော်ကိုယ်စားလှယ်များကို ချဉ်းကပ်ကြသည်။
ရခိုင်ပြည်နယ် အစိုးရ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း၏ ပြောဆိုချက်အရဆိုလျှင် သတ်မှတ် အမြင့်ပေထက်ကျော်လွန်ကာ ဆောက်လုပ်ထားသည့် တည်းခိုခန်း ၆ ခုကို ပိုနေသည့်အထပ်များ ပြန်လည်ဖျက် ပေးရန် ညွှန်ကြားထားသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ငပလီ၊ ငွေဆောင်နှင့် ချောင်းသာရှိ ဟိုတယ်နှင့် တည်းခိုခန်းများအား ၃ – ၅ ထပ် အမြင့် ခွင့်ပြုပေးရန် အစီအစဉ် ရှိမရှိ လွှတ်တော်တွင် မေးမြန်းခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမောင်က ဝန်ကြီးဌာနက ချမှတ်ထားခဲ့သည့် ၂၀၀၄ ခုနှစ် ကမ်းခြေများဆိုင်ရာ လမ်းညွှန်ချက် တွင် ဖော်ပြထားသည့် အတိုင်း ၁၀ မီတာ အမြင့်ထက် ကျော်လွန်သည့် မည့်သည့် ဟိုတယ်နှင့် တည်းခိုခန်းကို မျှ ခွင့်ပြုမည် မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
နောက်ပိုင်းတွင် ကန့်သတ်မှုများကို စနစ်တကျဝေဖန်သုံးသပ်မှုများ ပြန်လည်ပြုလုပ်ပြီး စဉ်းစားပေးမည်ဟု ဝန်ကြီးကဆို သည်။ ထိုသို့ ပြန်လည် စိစစ် သုံးသပ်ရာတွင် ကမ်းရိုးတန်းဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သက်ရောက်မှု၊ ကမ်းခြေများ၏ အလှအပထိခိုက်မှုရှိမရှိ၊ ကမ်းခြေများတဝိုက်မှ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုမပြု၊ တည်းခိုစရာနေရာရှာဖွေရာတွင် ဧည့်သည်များ အဆင်ပြေရေးကိစ္စရပ်များ ပါဝင်မည်ဖြစ်သည်။
နိုင်ငံခြားခရီးသွားတို့၏အမြင်
မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business – MCRB) က ငပလီသွားမည့် ဧည့်သည်များကို ဦးတည်၍ လတ်တလော ပြုလုပ်ခဲ့သည့် အွန်လိုင်း စစ်တမ်းတခုတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ ၂၀၀၄ ခုနှစ် လမ်းညွှန်ချက်များတွင် ပါဝင်သည့် လက်ရှိ နှစ်ထပ်အဆောက် အဦးအမြင့်သို့မဟုတ် အမြင့်ဆုံးအုန်းပင်၏ အမြင့်အတိုင်း ကန့်သတ်ထားခြင်းကို အစိုးရက ပယ်ဖျက်ပေးရန် သင့်မသင့် မေးခွန်းထုတ်ထားသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကို စီးပွားရေးလုပ်ငန်းအချို့၏ တောင်းဆိုမှုများနောက်ပိုင်း ကောက်ယူခဲ့ သည့် အဆိုပါ စစ်တမ်းအရ စစ်တမ်းကို ဖြေကြားဆိုခဲ့သူ ၄၀၀ ကျော်တွင် ၉၅ ရာခိုင်နှုန်းကျော်က လက်ရှိ ၁၀ မီတာ အမြင့် ကန့်သတ်ထားခြင်းကို ဆက်လက်ထိန်းသိမ်းထားသင့်ကြောင်း တိုက်တွန်းကြသည်။ အကယ်၍သာ ငပလီကို ယင်းသို့ ပြောင်းလဲသွားခဲ့လျှင် အခြားနေရာများသို့သာ သွားတော့မည်ဟု သူတို့က မှတ်ချက်ပြုခဲ့ကြသည်။ အထပ်မြင့် အဆောက် အဦးများ ဆောက်ခွင့်ပြုရန် ထောက်ခံသည့်သူက ၅ ရာခိုင်နှုန်းပင် မပြည့်ပါ။
ဟိုတယ် အချို့ အပါအဝင် ငပလီမှ အဆောက်အဦး အချို့က ၂ ထပ်အမြင့်ကန့်သတ်ချက်ကို ချိုးဖောက်ခဲ့ပြီး ဖြစ်သည်ကို သိရှိထားသည့် MCRB က ၎င်းတို့အဖွဲ့အနေဖြင့် ဒေသတွင်းစီမံကိန်း ကန့်သတ်မှုများကို ပိုမိုကျယ်ပြန့်သည့် ခရီသွား လာရေး စီမံခန့်ခွဲမှု၏ တစိတ်တပိုင်းအနေဖြင့် အဆောက်အဦး အမျိုးအစားအားလုံးအတွက် သတ်မှတ်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ပြောသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ အောက်ခြေလူထုနှင့် ပွင့်လင်းမြင်သာသော အချေအတင် ဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့လည်း ယင်းအစီအစဉ်တွင်ပါဝင်မည်ဖြစ်သည်။ MCRB က အလေးအနက် တိုက်တွန်းထား သည့် အကြောင်းအရာတခုမှာ ပြည်နယ်အစိုးအနေနှင့်သော်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနက သော် လည်းကောင်း လက်ရှိအမြင့်ကန့်သတ်ချက်များကို ပယ်ဖျက်ပေးဖို့ တောင်းဆိုသည်ကို လိုက်လျောခြင်းမပြု ရန်ဖြစ်သည်။
MCRB ၏ ဒါရိုက်တာ ဖြစ်သည့် Vicky Bowman (ဗစ်ကီ ဘိုးမင်) က ငပလီတွင် တိုးလျှိုးပေါက်မြင်ရသည့် အထပ်မြင့်များ ခွင့်ပြုပေးလိုက် လျှင် ခရီးသွားဈေးကွက်ကို ပြောင်းလဲစေမည် ဖြစ်ကြောင်း ပြောသည်။ ကြီးမားသော ဖွံ့ဖြိုးရေးစီမံကိန်းများမရှိဘဲ ဖြူစင် သန့်ရှင်းကာ သဘာဝအတိုင်း ကျန်ရှိနေသည့် ကမ်းခြေကို နှစ်သက်ကြသော ငွေကြေးတတ်နိုင်သည့် ကမ္ဘာလှည့် ခရီးသည်များ ဝင်ရောက်နေခြင်းကိုလည်း တိုက်ရိုက်ထိခိုက်စေနိုင်ကြောင်း ဧရာဝတီ သို့ပြောသည်။
ထိုကဲ့သို့ ပြုလုပ်ခဲ့ပါက ငပလီသည် ထိုင်းနိုင်ငံမှ ဖူးခက်ကမ်းခြေနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဘာလီကျွန်းတို့ကဲ့သို့ အာရှတွင် ထင်ရှားသည့် နေရာများနှင့် အပြိုင် ခေတ်မှီအဆောက်အအုံ ထူသွားလိမ့်မည် သူကပြောသည်။ အကယ်၍ ထိုကြီးမားသည့် ဈေးကွက်အတွင်းသို့ ဝင်ရောက်သွားခဲ့လျှင် ငွေကြေး အနည်းငယ်သုံးစွဲသည့် ခရီးသွားများ အလုံးအရင်း ဝင်ရောက်လာနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများပြားလာခြင်း၊ လူမှုရေးနှင့်ယဉ်ကျေးမှု နယ်ပယ်တို့ကို ဆိုးရွားသော သက်ရောက်မှုများ ရှိလာလိမ့်မည် ဟု Vicky Bowman ကပြောသည်။
“တကယ်လို့ လက်ရှိ အမြင့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး အများစု ဈေးကွက်ထဲကို ဝင်လိုက်မယ်ဆိုရင် ငပလီ ခရီးသွားလုပ်ငန်းက လုံးလုံးပြိုလဲ သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဈေးကွက်မတည်ငြိမ်မှုတွေ နိုင်ငံရေးအရ ထိခိုက်မှု တွေရှိလာမယ်။ ဥပမာ ခရီးသွားတွေရဲ့ လုံခြုံရေးကို သံရုံးတွေက ရခိုင်ပြည်နယ်အကြောင်း သတိပေးတာမျိုးပေါ့” ဟု Vicky Bowman က ရှင်းပြသည်။
“ရှိပြီးသား ဧည့်သည်တွေကလည်း မြန်မာနိုင်ငံ သို့မဟုတ် အာရှမှာ မပျက်စီးဘဲ ကျန်ရှိနေတဲ့ တခြားအပန်းဖြေ ကမ်းခြေ တွေကို ရှာဖွေကြတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ ငပလီကမ်းခြေက ကြီးမားတဲ့ခရီးသွားလုပ်ငန်းမှာ ယှဉ်ပြိုင်နိုင်ဖို့ အတွက် လိုအပ်တဲ့ပို့ဆောင်ရေး၊ ရေနဲ့ သန့်ရှင်းရေး အခြေခံအဆောက်အဦး စတာတွေကို အဆင့်သင့်မဖြစ်သေးဘူးဆိုရင် ဒီအစီအစဉ်ဟာ ကိုယ့်အတွက် အရှုံးချည်းပဲကျန်မယ့်ဟာဖြစ်တယ်” ဟု သူက ပြောသည်။
လက်တွေ့ဆောင်ရွက်နိုင်သည့် နည်းလမ်းများ
နွေရာသီတွင် ကမ္ဘာလှည့်ခရီးသည် အမြောက်အများရောက်လာခြင်းကို ဖြေရှင်းရန် ကျေးရွာများတွင် အဆောက်အဦး အထပ်မြှင့်သည့် အစီအစဉ်ကို လက်တွေ့ကျသည့် ချဉ်းကပ်မှုမဟုတ်ကြောင်း Nature Dream ခရီးသွားလုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က ထောက်ပြသည်။ ကမ်းခြေအနီးတွင် ဟိုတယ်နှင့် တည်းခိုခန်း အသစ် များ တည်ဆောက်ခွင့် ပြုမည့်အစား ရွာအနီးပတ်ဝန်းကျင်ရှိ တောင်ကုန်းများတွင် ဟိုတယ် (အမြင့်) နှင့် တည်းခိုခန်းများ တည်ဆောက်ခြင်း က ပိုမိုသင့်လျှော်မည် ဖြစ်ကြောင်း သူက အကြံပြုသည်။
ငပလီ၏ အခြေအနေ ပြောင်းလဲနေသည်ကို စီမံခန့်ခွဲရန် ဗျူဟာတရပ် အနေဖြင့် “အစိုရအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အတွက် ကမ်းခြေမြေနေရာ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ အသစ်တရပ်ချမှတ်ပြီး ကျင့်သုံးသင့်ပါတယ်” ဟု ဒေါ် စပယ်အောင်က ပြောသည်။
အစိုးရအနေဖြင့် အစိုးရဌာနများ၊ ရဲတပ်ဖွဲ့ဝင်များ ငပလီတွင် အခြေချနေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ အမျိုးသမီး များနှင့် ကလေးငယ်များ အထိပါဝင်သည့် ပွင့်လင်းမြင်သာသော ကမ်းခြေခရီးသွား စီမံခန့်ခွဲရေး အဖွဲ့တခုဖွဲ့စည်းရန် လိုအပ်နေကြောင်း MCRB ၏ ဒါရိုက်တာ Vicky Bowman ကလည်း အကြံပြုခဲ့သည်။
အဆိုပါအဖွဲ့က အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ နှင့် ဒေသခံများကြားတွင် မြေယာ စီမံခန့်ခွဲရေး၊ အပိုင်းလိုက် ဇုန်များသတ်မှတ်ပေးရေး စီမံကိန်းများချမှတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းအစီအစဉ်များ ပြုလုပ်ပေးနိုင်ခြင်း တို့ပါဝင် မည်ဖြစ်သည်။
ကမ်းခြေ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေးနှင့်ပတ်သတ်၍ Vicky Bowman က ထုတ်ကုန် အသစ်တခု ဖန်တီးသည့်ပမာနှင့် ပြောသည်။ ယင်းအဖွဲ့က ဆောင်ရွက်မည့်ကိစ္စရပ်များတွင် ဥပမာ အားဖြင့် “ အဲဒီမှာ (ငပလီ) ကမ္ဘာလှည့် ခရီးသည်တွေ သွားပြီးတော့ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ ပြီးတော့ ညအိပ်တည်းခိုတာတွေ ပြုလုပ်နိုင်တဲ့ ကျေးရွာတွေ သတ်မှတ် ပေးတာမျိုးပေါ့” ဟု သူက ရှင်းပြသည်။
ငပလီနှင့် ပတ်ဝန်းကျင်ဒေသများသို့ ဝန်ဆောင်မှုပေးသည့် ခရီးသွားလုပ်ငန်းတခုလုပ်ကိုင်သူ သံတွဲဒေသခံ မမြတ်မွန်က အစိုးရ အနေဖြင့် ငပလီ၏ သဘာဝ အလှအပများကို တတ်နိုင်သမျှ ထိန်းသိမ်းထားနိုင်ရေး အတွက် လက်ရှိ အမြင့် ကန့်သတ် ချက်ကို ထိန်းသိမ်းထားသင့် ကြောင်းပြောသည်။
ကမ်းခြေအနီးမှ တည်းခိုခန်းပိုင်ရှင်အများစုက အဆိုပြုသော အထပ်မြင့်ကန့်သတ်ချက်ကို ပြောင်းလဲမည့်အစား နေရာ ထိုင်ခင်း အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ဧည့်သည်များကို နေရာပေးနိုင်သည့် ရွာထဲရှိ ရိုးရာ သစ်လုံးအိမ် အများအပြားရှိနေသေးကြောင်း၊ ထို့ကြောင့် အနီးအနားရှိ ကျေးရွာများတွင် ခရီးသွားများကို ညအိပ်နေထိုင်ခွင့် ပေးသည့် အစီအစဉ်ကို အစိုးရအနေဖြင့် စတင်သင့်ကြောင်း သူက အကြံပြုသည်။
“ဒါပေမယ့် ပထမဆုံး အနေနဲ့ ပြည်သူတွေက ဒီလို ခရီးသွားလုပ်ငန်း စီးပွားရေးမျိုးနဲ့ အကျွမ်းတဝင် မရှိတဲ့ အတွက် အစိုးရက လိုအပ်တဲ့ သင်တန်းပို့ချမှုတွေ ပြုလုပ်ပေးသင့်ပါတယ်” ဟု မမြတ်မွန်က ပြောသည်။