လက်လီအရောင်းဆိုင်များ၏ ငွေသိမ်းဆည်းမှုနှင့် ပတ်သက်ပြီး အခက်အခဲများ မရှိစေရန်နှင့် ချေးငွေရရှိရေးတို့ အတွက်ဧ ရာဝတီဘဏ်နှင့် လက်လီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
“လုယက်မှုတွေ၊ ဓားပြတိုက်မှု တွေခံရတယ်ဆိုတာ လက်ထဲမှာ ပိုက်ဆံရှိလို့။ အပြင်က ဓားပြလာမတိုက်ရင်တောင် ကိုယ့်ဝန်ထမ်းက ရောင်းရတဲ့ ပိုက်ဆံ ယူသွားပြီး နောက်နေ့ အလုပ်မဆင်းတော့တာမျိုး ကြုံရတယ်။ ကျနော်တို့နိုင်ငံမှာ ကဒ်စနစ် သွားဖို့ လုပ်နေတယ်။ ဒါပေမယ့် လတ်တလော မဖြစ်နိုင်သေးဘူး။ ဒါကြောင့် ဧရာဝတီဘဏ်ကို ဦးစားပေးပြီး ညှိနှိုှု်င်းနေတယ်” ဟု မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က ပြောသည်။
အဆိုပါ လက်လီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းရငွေများကို ဘဏ်လုပ်ငန်းများမှ လိုက်လံသိမ်းဆည်းပေးသည့် စနစ်တခု လုပ်ဆောင်သွားရန် ဧရာဝတီဘဏ်နှင့် ညှိနှိုင်းဆွေးနွေးရာ ဘဏ်က ငွေသိမ်းဆည်း ပေးမည်ဖြစ်ပြီး ချေးငွေ ရရှိရန် အတွက် ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်း နှင့်အညီ ရရှိစေရန် ဆွေးနွေး ညိုနိူင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
”အခုကစကားပြောဆဲပဲ။ အခြေခံကျတဲ့ ခေါင်းရွက် ဗျက်ထိုး ဈေးသည်တွေမှာ ချေးငွေ ရနေပြီ။ အလယ်အလတ်တန်းစား ဖြစ်တဲ့ Super Market ဈေးသည်တွေမှာ မရသေးဘူး။ ဥပမာ တနိုင်တပိုင် ကုန်စုံဆိုင်ဖွင့်တဲ့ ဈေးသည်တွေ မရသေးဘူး။ ဒါတွေရဖို့ ကျနော်တို့ ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ ဗဟိုဘဏ်နဲ့ ညိုနိူင်းဆဲ ဖြစ်လို့ ပြောလို့ မရသေးတာ။ နောက်ပိုင်း တော့ အဆင်ပြေလာမယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းက ပြောသည်။
အလယ်အလတ် အဆင့် အရောင်းဆိုင်ပိုင်ရှင်များ ချေးငွေရရှိရေး အတွက် မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များ အသင်း နှစ်ပတ်လည်ပွဲတွင် စတင်၍ ဧရာဝတီဘဏ်နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း ဖြစ်ကာ ယခုနှစ်အတွင်း ငွေသိမ်းဆည်းမှုကို စတင်လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။
ဧရာဝတီဘဏ် ဒုဥက္ကဋ္ဌ ဦးနေလင်းက “လက်လီလုပ်ငန်းရှင်တွေ အနေနဲ့ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဘဏ်ဘက်က ဘယ်လိုမျိုး ဖြည့်ဆည်းပေး စေချင်တယ်။ ဘဏ်ကဘယ်လို လုပ်ပေးသင့်တယ်ဆိုတာ ပြောပေးပါ။ ဒါကိုအတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဆက်လက်၍ သူက “ရန်ကုန်မှာရှိတဲ့ စူပါမားကတ်အကြီးတွေ တောင် ၄၀ ရာခိုင်နူန်းလောက်ပဲ အကောင့်ရှိတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နူန်း လောက်က ငွေပေးငွေယူ လုပ်တယ်။ ချက်(စ်)ကိုချည်းပဲ ငွေပေးငွေယူလုပ်တယ်။ ဒါကရှိနေတုန်းပဲ ဆိုတော့ ဘဏ်အနေနဲ့ တွေ့ရတာက စီးပွားရေးတခုလုံးက card ကိုပြန်သုံးနေတဲ့အတွက် ဒါတွေက အများကြီး ဖြစ်နေတယ်။ card သုံးတဲ့အပိုင်းမှာ အခက်အခဲ အများကြီး ကြုံတွေ့ရနိုင်တာ ရှိပါတယ်။ ဗဟိုဘဏ်ကို တောင်းဆိုထားတာတွေ ရှိပါတယ်။ ဒါတွေအဆင်ပြေရင်တော့ ဝန်ဆောင်မှုတွေ ပိုလုပ်ပေးနိုင်မှာပါ” ဟု ရှင်းပြသည်။
လက်ရှိတွင် ဧရာဝတီဘဏ်မှ လက်လီအရောင်းဆိုင်များသို့ ငွေကြေး သွားရောက်ကောက်ခံပေးသည့် စနစ်ကို ကျင့်သုံး၍ မရသေးသောကြောင့် အရောင်းဆိုင်များ အနေဖြင့် ဧရာဝတီဘဏ်၏ အနီးစပ်ဆုံးဘဏ်ခွဲတွင် သွားရောက်ငွေသွင်းကာမည့်သည့်ဆိုင်တွင် မည့်သည့်အချိန်တွင် ငွေပမာဏမည်မျှသွင်းသည်ကို စာရင်းပြုလုပ်ပြီး အီးမေးလ်သို့ တိုက်ရိုက်ပို့ဆောင်ခြင်း လုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဝန်ဆောင်မှု ကို အသုံးပြုနေသည့် ကုမ္ပဏီ ၄၇ ခုခန့်ရှိရာ နာမည်ကြီး တယ်လီဖုန်း လုပ်ငန်း တခုလည်း ပါဝင်ပြီး ငွေသွင်းခြင်း ဖြင့် တရက်ကြိုသွင်းလျှင် တရက်စာ ဘဏ်အတိုး ပိုရမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ သိရသည်။
ဈေးကွက်အတွင်း၌ လက်လီလုပ်ငန်းများသည် ၂၀၁၆ ခုနှစ် ၌ ဈေးကွက်အနေအထား အေးစက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ဈေးကွက်ကောင်းမွန်သော အခြေအနေသို့ ဦးတည်နေကြောင်း လက်လီလုပ်ငန်းရှင်များထံမှ သိရသည်။