မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ က ချထားပေးခဲ့သည့်မြေကွက်များတွင် ဝင်းခြံကာရံခြင်း၊ အဆောက်အုံဆောက်လုပ်ခြင်းလုပ်ငန်းများကို ၉ လအတွင်း ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး သတ်မှတ်ရက်အတွင်း မဆောက်လုပ်ပါက ပြန်လည် သိမ်းယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ကြေညာချက် စတင်သည့်နေ့မှ စ၍ ၎င်းမြေကွက်လပ် ၃၃၀၀ ကျော်အား ၆ လအတွင်း မြေငှားဂရန် လျှောက်ထားခြင်းနှင့် ၉ လအတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်ပါက အစိုးရမြေအဖြစ် ပြန်လည်သတ်မှတ်မည်ဟု သိရသည်။
“မြေကွက်တွေချထားပေးစဉ်ကတည်းက မြို့အဂါၤရပ်နဲ့အညီ အဆောက်အအုံတွေ ဆောက်လုပ်နေထိုင်ဖို့ ဆိုတဲ့ စည်းကမ်းချက်ပါပြီးသား။ အခုတော့ မြေကို ကစားတဲ့သူတွေလက်ထဲမှာ အဲဒီမြေကွက်တွေက ရောက်နေတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ထွန်း က ပြောသည်။
ဆက်လက်၍ ၎င်းက ၁၉၉၈ ခုနှစ်တွင် စည်ပင်နယ်နိမိတ်အတွင်း မြို့ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်း အဖွဲ့က မြေကွက်ပေါင်း ၃၃၀၀ ကျော်ချထားပေးခဲ့ပြီး ယင်းမြေကွက်များသည် ယနေ့အထိ မြေကွက်လပ် များ ဖြစ်နေကာ အုတ် တံတိုင်း၊ ဝင်းခြံကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများ မရှိသေးကြောင်း စစ်ဆေး တွေ့ရှိရ ကြောင်း ပြောသည်။
မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့က ချထားပေးသည့်မြေများပေါ်တွင် ဝင်းခြံကာရံခြင်း၊ အဆောက် အအုံဆောက်လုပ်ခြင်းများ ဆောင်ရွက်ရန်၂၀၁၃ ခုနှစ်က ၂ ကြိမ်၊ ၂၀၁၄ ခုနှစ်က ၁ ကြိမ် သတင်းစာတွင် ထည့်သွင်း ကြေညာခဲ့ပြီး ယခုအကြိမ်သည် စတုတ္ထအကြိမ် အသိပေး ကြေညာခြင်း ဖြစ်ကြောင်း သိရသည်။
ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးနေလင်းအောင်က “စည်ပင်က အဲဒီလို ကြေညာချက်ထုတ်လိုက်တော့ ဝယ်ရောင်း တွေကတော့ အဲဒီအကွက်တွေ ထုတ်ရောင်းနိုင်တယ်။ အဲဒါကြောင့် မြေဈေးတော့ အထိုက်အလျောက် ကျသွားနိုင်မယ်။
ပြီးတော့ အဲဒီမြေကွက်လွတ်တွေမှာ ဝင်နေနေတဲ့ ကျုးတွေကိုလည်း နှိမ်နင်းပြီးသား ဖြစ်မယ်။ မြေငှားဂရန်လျှောက်ရမှာ ဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ အခွန်အခတွေ နိုင်ငံတော်ရမယ်။” ဟု ဧရာဝတီသို့ ပြောသည်။
မြေကွက်ဝယ်ယူထားပြီး ပိုင်ဆိုင်မှုအရ တရားရုံးတွင် အမှုရင်ဆိုင်နေရပါက ခိုင်လုံသော အထောက်အထား ဖြင့် စည်ပင်ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ တင်ပြရန်လိုအပ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
လက်ရှိတွင် မန္တလေးအိမ်ခြံမြေ ဈေးကွက်သည် အရောင်းအဝယ်အေးနေပြီး ၂၀ ရာခိုင်နှုန်းခန့် ဈေးကျဆင်းနေကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှသိရသည်။