လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောကြားသည်။
”စိုက်ပျိုးတဲ့ သီးနှံအပေါ်မှာ မူတည်ပြီးတော့ပဲ ချေးငွေထုတ်ပေးနိုင်သေးတယ်။ ဒါကြောင့် လယ်ယာကဏ္ဍပိုပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ ပုဂ္ဂလိကဘဏ်တွေကို ပါဝင်ခွင့်ပေးမှာ ဖြစ်ပါတယ်။ Private Bank တွေအနေနဲ့ နိုင်ငံတကာကို ပါဝင်ဆောင်ရွက်ခွင့်ပေးမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ဖေဖော်ဝါရီ ၁၈ ရက်၌ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင်ရာတွင် စိုက်ပျိုးသီးနှံအတွက် ချေးငွေထုတ်ပေးသော ကဏ္ဍတခုတည်းနှင့် လုံလောက်မှု မရှိနိုင်ဘဲ ဓာတ်မြေသြဇာများ၊ သွင်းအားစုများနှင့် အခြား ကဏ္ဍများပါ လိုအပ်သောကြောင့် ပုဂ္ဂလိကဘဏ်များ ပါဝင်လာနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ပုဂ္ဂလိကဘဏ်များ လယ်ယာကဏ္ဍအတွက် ချေးငွေချေးခွင့်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ခွင့်မပြုသေးပေ။
”ဒီလိုမျိုး ပုဂ္ဂလိက ဘဏ်တွေ ပါလာဖို့က ဗဟိုဘဏ်က စရမှာဖြစ်တယ်။ ပုဂ္ဂလိကဘဏ်တွေက ချေးငွေ ချေးခွင့် မပြုသေးဘူးဆိုတဲ့ သဘောမျိုး ရှိပါတယ်။ ဒါက ဘဏ္ဍာအခွန်နဲ့ မဆိုင်ဘူး။ ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ ဗဟိုဘဏ်က လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဗဟိုဘဏ်က အဆင်ပြေရင် လုပ်ရမှာ ဖြစ်ပါတယ်”ဟု ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
ယင်းသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း၏ ပြောကြားချက်နှင့် ဆက်လျဉ်းပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်သို့ ဆက်သွယ်မေးမြန်းရာ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပေါ်လစီချမှတ်ရန် ဆွေးနွေးရန် ရှိကြောင်း ပြောဆိုသည်။
”ဗဟိုဘဏ်အနေနဲ့ ပေါ်လစီတခု ချပေးရမှာပေါ့နော်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့တော့ရှိပါတယ်။ အထက်ကိုတော့ မတင်ပြရသေးဘူးပေါ့နော်။ အဲဒါကလည်း နိုင်ငံတကာမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ ချေးငွေသုံးသပ်တဲ့နေရာမှာ လယ်ယာစိုက်ပျိူးရေးကဏ္ဍတို့ ဘာတို့မှာ ရာခိုင်နူန်းအားဖြင့် တော်တော်ကို နည်းပါတယ်။ အခြား ဆောက်လုပ်ဧရိယာတို့ အခြားကဏ္ဍတို့မှာတော့ငွေချေးတာတော့ ရှိတယ်။ စိုက်ပျိုးရေးမှာ ချေးထားတဲ့ ရာခိုင်နူန်းက တော်တော်နည်းတဲ့အတွက် အစိုးရအနေနဲ့က ဒီဘက်ကဏ္ဍတွေကို ပံ့ပိုးပေးမယ်ဆိုလို့ရှိရင် ပုဂ္ဂလိကဘဏ်တွေကို စိုက်ပျိုးရေးကဏ္ဍမှာတော့ ဘယ်နှစ်ရာခိုင်နူန်းလောက်တော့ ချေးသင့်တယ် စတဲ့ သတ်မှတ်ပေးတာမျိုး လုပ်နိုင်တဲ့ အနေအထား သွားတွေ့ရတယ်”ဟု မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။
ယင်းကဲ့သို့ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ ပူးပေါင်းလုပ်ဆောင်ရာတွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လက်ရှိ လယ်သမားများသို့ ချေးငွေများ ထုတ်ချေးပေးနေသော အတိုးနူန်းနှင့် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေးပေးနိုင်သည့် အတိုးနူန်းမှာ ကွာဟနိုင်သောကြောင့် ဗဟိုဘဏ်အနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်းလည်း ဦးဝင်းသော်က ဆိုသည်။
တောင်သူများအား ချေးငွေထုတ်ပေးရာတွင် လွယ်ကူစေပြီး ဝန်ကြီးဌာန ကွဲလွဲမှုမရှိစေရန်နှင့် ချေးငွေထုတ်ယူရာ၌လည်း မြန်ဆန်လာနိုင်စေရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလက ပြောင်းရွှေ့ခဲ့သည်။
ထိုသို့ ရွှေ့ပြောင်းအပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တောင်သူများအား စပါးတဧကလျှင် ကျပ်တသိန်းမှ တသိန်းငါးသောင်းကျပ်အထိ စိုက်ပျိုးရေးစရိတ်ချေးငွေများ လတ်တလော ထုတ်ချေးပေးလျက်ရှိပြီး အခြားသီးနှံ တဧကလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် ထုတ်ချေးပေးရာမှ ကျပ်ငါးသောင်းအထိ တိုးမြှင့်ချေး ပေးနိုင်ရန်နှင့် နှစ်ရှည်ချေးငွေများ ထုတ်ချေးပေးနိုင်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအဆို လယ်ယာကဏ္ဍသည် မြန်မာ့ဂျီဒီပီ၏ ၃၅ မှ ၄၀ ရာခိုင်နှုန်းကြား ရှိသည်။ ၂၀၁၆ ခုနှစ်အတွင်း အာဏာရလာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရအနေဖြင့်လည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးကို စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒတွင် အရေးတကြီး ထားရှိခဲ့သည်။
“ဒီလိုမျိုး ပုဂ္ဂလိကဘဏ်တွေနဲ့ စိုက်ဘဏ်တို့ ပူးပေါင်းပြီး လယ်သမားတွေအတွက် လုပ်ပေးမယ်ဆိုရင် အတိုးနှုန်းတွေ သက်သာလာနိုင်တယ်။ ပြီးတော့ နှစ်ရှည်ပေါ့နော်။ ဥပမာ တနှစ်လောက်အထိ ဈေးသက်သက်သာသာနဲ့ ချေးယူနိုင်မယ်။ ဒါပေမယ့် တခုရှိတာက သမဘဏ်လိုမျိုးဆိုရင်တော့ ကျနော်တို့ လယ်သမားတွေအတွက် အကျိုးမရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒါက စာရင်းပဲရှိတယ်။ ချေးငွေက လယ်သမားလက်ထဲ အပြည့်အ၀ မရောက်ဘူး။ စုငွေဆိုပြီး ပြီးသွားတာ။ ဥပမာ ငွေတသိန်း လယ်သမားကချေးရင် လယ်သမားလက်ထဲ ကျပ်တသိန်း အပြည့်အ၀ မရောက်ဘူး။ စုငွေ ဆိုပြီးတော့ ပိုက်ဆံကိုဖြတ် ယူထားလိုက်တယ်။ နောက်တခါ အတိုးနဲ့ အရင်းပြန်ထည့်၊ စုငွေပြန်ထည့်ဆိုတော့ ချာလည်လည်ပြီး စိတ်ကုန်ပြီး လယ်သမားတွေက ထွက်ကုန်ရော။ အဲဒီတော့ ဒီလိုမျိုး စနစ်ဆို အဆင်မပြေဘူး” ဟု ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှ တောင်သူ ဦးကျော်ခိုင်က ပြောသည်။