ဘဏ်ချေးငွေအပေါ် အတိုးနှုန်း လျှော့ချမည်ဆိုပါက အပ်ငွေအပေါ်အတိုးနှုန်းလျှော့ချမှု ဖြစ်လာနိုင်ပြီး ဘဏ်တွင် အပ်ငွေနည်းသွားနိုင်သည့် အခြေအနေများကြောင့် ဗဟိုဘဏ်က ချေးငွေအတိုးနှုန်းလျှော့ချရန် မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြောသည်။
“လက်ရှိနိုင်ငံရဲ့ အနေအထားက ငွေစုဆောင်းတဲ့ အလေ့အထကို လေ့ကျင့်ပျိုးထောင်တဲ့ကာလလည်းဖြစ်တယ်။ ငွေကြေး ဖောင်းပွမှုနှုန်းကလည်း မြင့်နေတဲ့ ကာလလည်း ဖြစ်တယ်။ ငွေကြေးဖောင်းပွမှုထက်တော့ အတိုးနှုန်းက နိမ့်လို့မရဘူး။ အဲဒီလို အကြောင်းတွေကြောင့် လက်တလောမှာ ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း လျှော့ချဖို့ဆိုတဲ့ အခြေအနေ မရှိ နိုင်သေးဘူး”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။
လက်ရှိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ အပေါ် အတိုးနှုန်း ၈ ရာခိုင်နှုန်း၊ ချေးငွေအပေါ် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး ဦးသန်းလွင်က “အတိုးနှုန်း လျော့ချတယ်ဆိုတာ ဒီအတိုင်း လျော့ချလို့မရဘူး။ အတိုးနှုန်းရဲ့ အခြေခံ သဘောတရား ရှိတယ်။ တခြား ကိစ္စတွေကိုလည်း တွက်ချက်ရသေးတယ်။ ပြည်ပဝင်ငွေတွေ ဘယ်လိုရှိတယ် ဆိုတာမျိုး ရှိတယ်။ ဒါက ဗဟိုဘဏ်က လျော့မှရမယ်”ဟု သုံးသပ်သည်။
ဘဏ်ချေးငွေ အတိုး လျှော့ချမည် ဆိုပါက ပြည်တွင်းတွင် ဖြစ်ပေါ်နေသော စီးပွားရေး အခြေအနေအရ ငွေကြေးဖောင်းပွမှု အခြေအနေ၊ ပြည်တွင်းစီးပွားရေး တိုးတက်မှုနှုန်း အခြေအနေ၊ ငွေကြေးဆိုင်ရာ မူဝါဒများကို ပြန်လည် သုံးသပ်ရမည် ဖြစ်ကြောင်း သိရသည်။
“တကယ်တမ်းက ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ အဓိက။ ငွေကြေးမူဝါဒ ( Monetry Policy ) ထဲမှာ အတိုးနှုန်းမူဝါဒ ( interest policy ) ရှိတယ်။ အဲဒီ မူဝါဒတွေကို ဆွေးနွေးပြီးတော့မှ လက်ရှိနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ( inflation rate ) ၊ နိုင်ငံတကာမှာရှိတဲ့ အနေအထား၊ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း ( Economy Growth ) အဲဒါတွေ အပေါ်မှာ မူတည်ပြီးတော့မှ ဆက်စပ်မှုရှိနေတဲ့ ဝန်ကြီးဌာနတွေ ပေါင်းစပ် တိုင်ပင် ပြီးတော့မှ လျှော့မယ်ဆို ဘယ်လောက် လျှော့မယ်။ ဘယ်အချိန်မှာ လျှော့မယ်ဆိုတာမျိုးကို ထုတ်ပြန်လို့ ရတာပါ။
ချက်ခြင်းကြီး လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး” ဟု ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောသည်။
ဘဏ်ချေးငွေ အတိုးနှုန်းနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက လည်း ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းကို လျှော့ချရန် ဖြေရှင်းနိုင်မည့် နည်းလမ်းကို စဉ်းစားနေကြောင်း၊ ၁၃ ရာခိုင်နှုန်းကို လျှော့ချနိုင်ပါက လုပ်ငန်းများတွင် အကျိုးသက်ရောက်မှု များစွာ ရှိနိုင်သည်ဟု ပြည်သူလွှတ်တော်တွင် ဆွေးနွေးခဲ့ကြောင်း၊ အစိုးရအဖွဲ့မှ ယင်းဝန်ထုတ်ဝန်ပိုးကို ဖြေလျှော့နိုင်မည့် နည်းလမ်းကို ဆွေးနွေးနေကြောင်း UMFCCI ရုံးချုပ်တွင် ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
အဆိုပါပွဲတွင် ဘဏ်ချေးငွေ အတိုးလျှော့ချခြင်းနှင့် ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်း ကော်မတီများအနက် ငွေကြေးဖွံ့ဆိုင်ရာကော်မတီတွင် လုပ်ငန်းရှင်များဘက်မှ ဆွေးနွေးတင်ပြခဲ့ကြသည်။