အမေရိကန်နိုင်ငံ အခြေစိုက် SPF (Specific Pathogen Free) ပုစွန်သားပေါက်စခန်းများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း UMFCCI တွင် ပြုလုပ်သည့် ကမ္ဘာ့ ပုစွန်ဈေးကွက်သို့ မြန်မာမှ ဝင်ရောက်နိုင်ရေး နည်းဗျူဟာဆိုင်ရာများနှင့် ပုစွန်မွေးမြူထုတ်လုပ်ရေး ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် နည်းပညာဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံ Marine Genetics မှ ဥက္ကဋ္ဌ Dr.Jim Wybam က ပြောသည်။
Dr.Jim Wybam က ”ဘယ်ဒေသတွေမှာ သားပေါက်စခန်း စမ်းသပ် လုပ်ဆောင်မယ် ဆိုတာတော့ ပြောလို့မရသေးဘူး။ မျိုးဖောက်တဲ့ လုပ်ငန်းစမ်းသပ်မှုကို ဒေသ ၃ နေရာမှာ လုပ်မှာပါ။ အခု ရွေးချယ်နေတုန်းပါ။ ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၇ မှာ စလုပ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ရှင်းပြသည်။
အဆိုပါ SPF (Specific Pathogen Free) ပုစွန်သားဖောက်လုပ်ငန်းကို အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့တွင် လုပ်ဆောင်ထားမှု အောင်မြင်နေပြီ ဖြစ်ရာ မြန်မာနိုင်ငံတွင် စတင် လုပ်ဆောင်ရာ၌ ပုစွန်သားပေါက် ကောင်ရေ မျိုးကောင်း မျိုးသန့် ၅ သန်းခန့် ဖောက်လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြေနေရာ ရရှိရန် ၊ အခြား ဘတ်ဂျက် ရရှိမှုများ လုပ်ဆောင်ရန် ရှိသေးကြောင်း၊ နည်းပညာကို ဖြန့်ဝေခြင်း မဟုတ်ဘဲ မျိုးကောင်းမျိုးသန့် နှင့် ရောဂါ ကင်းစင်မှုအားကောင်းသည့် ပုစွန်မျိုးများ ရရှိရန် လုပ်ဆောင်မည်ဖြစ်ပြီး လယ်သမားများနှင့် မွေးမြူရေး လုပ်ငန်းရှင်များသို့ ဖြန့်ဝေမည် ဖြစ်သည်။
ပြည်တွင်း ပုစွန်ဈေးကွက်သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက် ဈေးကွက်ပျက်ခဲ့ပြီး အဖြူရောင် အစက် အပျောက် ရောဂါများ ဖြစ်ပွားခဲ့သဖြင့် လုပ်ငန်း ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံ ပုစွန်ထုတ်လုပ် ရောင်းဝယ်သူများအသင်း မှ သိရသည်။
အဆိုပါ အသင်း ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းမြင့်က ”ပုစွန် ဖမ်းဆီးတာထက် စာရင် မွေးမြူတာကို ပိုပြီး လုပ်ရမယ်။ ပုစွန်လုပ်ငန်း တိုးတက်ဖို့ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေ မဝင်လာရင် မြန်မြန်ဆန်ဆန်နဲ့ ဈေးကွက် မကြီးမား နိုင်ပါဘူး” ဟု သုံးသပ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ပုစွန်သားပေါက် လိုအပ်ချက်ကို ထိုင်းနိုင်ငံမှ တင်သွင်းလျက်ရှိကြောင်း၊ ချောင်းသာပုစွန်သားဖောက်စခန်းကို လုပ်ကိုင်ရန် ပမာဏ ရွေးချယ်ထားပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ကိုင်သွားရန် အစီအစဉ်ရှိ၊ မရှိ ဆွေးနွေးလျက် ရှိသည်။
”ချောင်းသာဖက်မှာရှိတဲ့ သားဖောက်စခန်းတခု ကိုသွားကြည့်ပြီး အဲဒီမှာ သားပေါက်စခန်း လုပ်ဖို့ သဘောတူထားပါတယ်။ ယိုးဒယားဘက်က ပုစွန်စခန်းတွေ ဆိုရင် တချို့ စခန်းတွေက ကောင်းတယ်။ တချို့ စခန်းတွေက မကောင်းဘူး။ ဒါကြောင့် မြန်မာနိုင်ငံကို တင်သွင်းရင် ရောဂါပါလာရင် ဒီမှာ ဆုံးရှုံးမှုတွေ များတယ်။ အသက်ငယ်ငယ်လေးနဲ့ ဥကပ်တာ ဖြစ်တယ်။ ဒါကြောင့် ဒီမှာ သားဖောက်စခန်း လုပ်ဖို့ သဘောတူတာ ဖြစ်ပါတယ်။ ရေချိုပုစွန်ရော၊ ရေငန်ပုစွန်ရော ဒီမှာသားပေါက်ကို အရေးတကြီး လိုအပ်နေပါတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမြင့်စိန်က ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လုပ်ငန်းများ၌ ပြည်ပသို့ပုစွန်တင်ပို့မှုကဏ္ဍသည် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိ ရှိနေပြီး ယမန်နှစ်က အမေရိကန် ဒေါ်လာ ၅၀၁ သန်း ခန့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တဆင့် ပြည်ပသို့ တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။