စီးပွားရေး

မလေးရှားသို့ အလုပ်သမားများ ပြန်လည်စေလွှတ်ခွင့်ပြုရန် အေဂျင်စီများ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

မလေးရှားနိုင်ငံသို့ အလုပ်သမားများ ပြန်လည်စေလွှတ်ခွင့်ပြုပေးရန် မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ( MOEAF ) က အစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။

အလုပ်သမား စေလွှတ်မှု ပိတ်ထားသည့်အတွက် အလုပ်သမား ပို့ဆောင်ပေးနေသည့် အေဂျင်စီများ သာမက မလေးရှားသို့ သွားရောက်ရန် စီစဉ်ထားသည့် အလုပ်သမားများ နစ်နာဆုံးရှုံးနေကြောင်း၊ မလေးရှားမှ အလုပ်ခေါ်စာရထားသည့် ထောင်ချီသော အလုပ်သမားများအတွက်လည်း အခက်အခဲဖြစ်နေကြောင်း MOEAF အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် က ဧရာဝတီကို ပြောသည်။

ဦးကျော်ထင်ကျော်က “မလေးရှားက အလုပ်ခေါ်စာ ကျထားတဲ့သူ ၉ ထောင်နဲ့ တသောင်းကြားမှာ ရှိနေပါတယ်၊ ခေါ်စာကလည်း ၄ လ ပဲ သက်တမ်းရှိတော့ ဒီသက်တမ်းကုန်သွားရင် ပိုပြီး အခက်အခဲတွေ ဖြစ်ကုန်ကြမယ်” ဟု ဆိုသည်။

မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခများနှင့်ဆက်စပ်၍ မြန်မာအလုပ်သမား စေလွှတ်မှုများကို အလုပ်သမားဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့သည်။

မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကို ပြန်လည်လုပ်ဆောင်နိုင်ရန် မြန်မာအစိုးရ အနေဖြင့် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ၏ လက်ရှိအခြေအနေများကိုလည်း စုံစမ်းမေးမြန်းနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ဧရာဝတီကို ပြောသည်။

၎င်းက  “မလေးရှားမှာ အားလုံး တည်တည်ငြိမ်ငြိမ် ဖြစ်သွားရင်တော့ ပြန်လည် စတင်မှာပါ၊ ဒါပေမယ့် ဘယ်တော့ ပြန်စမလဲဆိုတာတော့ အခြေအနေတွေကို စောင့်ကြည့်ရဦးမှာပေါ့” ဟု ဆိုသည်။

မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ အလုပ်သမားစေလွှတ်မှုသည် လစဉ်ပုံမှန် ၄ ထောင် ဝန်းကျင်ရှိပြီး လက်ရှိတွင် အားလုံး ရပ်ဆိုင်းနေ၍ မလေးရှားသို့ သွားရောက်ရန် ငွေချေးငှားထားသူများအတွက် ပိုမိုအခက်တွေ့စေကြောင်း မိုးယံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၏ မန်နေဂျင်း ဒါရိုက်တာလည်း ဖြစ်သူ ဦးကျော်ထင်ကျော်က ပြောသည်။

“ငွေချေးပြီး လုပ်ထားတဲ့သူတွေအတွက် အတိုးတွေ တက်မယ်၊ အဲဒီအတွက် နစ်နာမှုတွေကို ဘယ်သူတွေက တာဝန်ယူပေးမလဲပေါ့၊ နောက်တခုက မလေးရှားမှာလည်းပဲ အားလုံး အေးအေးဆေးဆေးပါပဲ၊ အရင်ကဖြစ်ခဲ့တဲ့ ကိစ္စတွေလည်း မရှိတော့ပါဘူး၊ ကျနော် ပြီးခဲ့တဲ့ တပတ်ကပဲ မလေးရှားကို သွားပြီးတော့ လေ့လာခဲ့ပါတယ်” ဟု ဆိုသည်။

မလေးရှားနိုင်ငံ၌ လက်ရှိတွင် အလုပ်သမား အခက်အခဲများရှိနေခြင်းကြောင့် တရားမဝင် ရောက်ရှိနေသည့် အလုပ်သမားများအား E.card ( Enfrocement Card ) များ လုပ်ဆောင်ပေး၍ တရားဝင် ယာယီနေထိုင် လုပ်ကိုင်ခွင့်ပေးရန် မလေးရှား အစိုးရက စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ အလုပ်သမား စေလွှတ်သည့် အေဂျင်စီပေါင်း ၂၆၀ ကျော်ရှိ သည့်အနက် ၁၀၀ ဝန်းကျင်သည် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးသည့် အေဂျင်စီများ ဖြစ်သည်။

မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာနိုင်ငံသား ၂ သိန်း ဝန်းကျင်ရှိကြောင်း အလုပ်သမား ဦးစီးဌာနက ပြောသည်။ ထို့အတူ တရားမဝင် တသိန်းကျော်ရှိကြောင်းလည်း မလေးရောက် မြန်မာများ က ပြောသည်။ မြန်မာနိုင်ငံမှ အလုပ်သမားစေလွှတ်မှု အများဆုံးနိုင်ငံမှာ ထိုင်းနှင့်မလေးရှားတို့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading