ရေထွက်ပို့ကုန် လုပ်ငန်းများအတွက် အဓိကလိုအပ်နေသည့် ပုစွန်သားဖောက်စခန်းများ ပံ့ပိုးပေးရန်နှင့် အဆင့်မြင့်တင်ပေးရန် အစိုးရနှင့် လွတ်တော်သို့ တောင်းဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းရှင်များအသင်းက ပြောသည်။
“မျိုးမရှိတဲ့အတွက် ပြည်ပကနေ တင်သွင်းရတယ်။ အဲဒီအခါ ရောဂါပါလာရင် ဒီကလုပ်ငန်းရှင်တွေ ရူံးတာပဲ။ ဒါကြောင့် ငါးလုပ်ငန်းဦးစီးဌာန လက်အောက်မှာရှိတဲ့ သားဖောက်စခန်းတွေကို ပံပိုးပေးဖို့နဲ့ အဆင့်မြှင့်ပေးဖို့ အစိုးရကို တင်ပြတောင်းဆိုသွားမှာပါ” ဟု မြန်မာနိုင်ငံ ပုစွန်ထုတ်လုပ်ရောင်းဝယ်သူများအသင်း ဒုဥက္ကဌဦးနှင်းဦးက ပြောသည်။
ပုစွန်မွေးမြူရေးလုပ်ငန်းသည် သဘာပတ်ဝန်းကျင်နှင့် စိုက်ပျိုးသီးနှံများ ဘေးဥပါဒ်မဖြစ်စေသည့်အပြင် ရေချိုနှင့်ရေငန် နှစ်မျိုးစလုံးတွင် မွေးမြူနိုင်သည့် ပုစွန်မျိုးရင်းများကို မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန်အတွက် အစိုးရက ပူးပေါင်းဆောင်ရွက်ရန် ပေးပါရန် ငါးပုစွန် မွေးမြူရေး လုပ်ငန်းရှင်တချို့က ပြောသည်။
ထို့အတူ လယ်သမားများသည်လည်း လယ်ကွင်းများအတွင်း စပါးနှင့် တွဲဖက်၍ ပုစွန်မွေးမြူနိုင်သဖြင့် အစိုးရက ပံပိုးကူညီပေးပါက ဝင်ငွေထပ်တိုးရရှိနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဦးနှင်းဦးက ဆက်ပြောသည်။
အိမ်နီးချင်းနိုင်ငံတချို့၌ ရေထွက်ထုတ်ကုန် လုပ်ငန်းများတွင် အစိုးရနှင့် ဘဏ်များက ကူညီပံ့ပိုးနေသောကြောင့် SME လုပ်ငန်းများ ဖွံဖြိုးနေသော်လည်း၊ မြန်မာနိုင်ငံတွင်မှု ပြည်တွင်း SME လုပ်ငန်းရှင်များကို အစိုးရက ကူညီပံ့ပိုးပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး တိကျသေချာသည့် ညွှန်ကြားချက်များ မရှိသေးကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်တချို့က ပြောသည်။
နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရောင်းချမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဒေါက်တာမြင့်စိန်က “ကျွန်တော်တို့ ဈေးကွက်ရှာလို့ ရတယ်။ မျိုးမရှိဘဲ ကျွန်တော်တို့ ဘယ်လိုမွေးမလဲ။ အခုဖြစ်နေတာက ရောင်းစရာကုန်ပစ္စည်း မရှိတာပဲဖြစ်တယ်” ဟု ပြောသည်။