ဒီ Canon EOS 700D ကင်မရာကို ထုတ်လုပ်ထားခဲ့တာ ကြာပါပြီ။ လက်ရှိ ပြည်တွင်း ဓာတ်ပုံ ရိုက်ကူးသူ တချို့မှာလည်း သုံးပါတယ်။ ဒါပေမယ့် တခု သိထားစရာ ရှိတာက အခုလို ကင်မရာတွေဟာ စမတ်ဖုန်းတွေလို ပေါပေါများများ ဈေးကွက် ဝင်မှု မရှိသလို ထုတ်လုပ်နိုင်သူလည်း လက်ချိုးရေလို့ ရနိုင်လောက်အောင် နည်းပါးတာပဲ ဖြစ်ပါတယ်။ ဒီတော့ ၂၀၁၃ ခုနှစ် အတွင်းကတည်းက ကြေငြာမိတ်ဆက်ခဲ့တဲ့ အခု 700Dက လက်ရှိ ဈေးကွက်ထဲမှာပါ ရှိနေ၊ သုံးနေ၊ လူကြိုက် များနေဆဲပါ။
ဒီကင်မရာက 17.9 MP ရှိတဲ့ Resolution ကို ပေးစွမ်းပြီး တည်ငြိမ် Indoor ပုံရိပ်တွေ ရိုက်ကူးမှုမှာ ပိုကောင်းတယ်လို့ စမ်းသပ် အသုံးပြုသူတွေက သုံးသပ်ပါတယ်။ သူ့မှာ ရိုက်ကူး ပုံရိပ်တွေကို ပြန်လည် ကြည့်ရှုဖို့ ပြသမျက်နှာပြင် ပါရှိပါတယ်။ အရွယ်အစားက ၇ ဒသမ ၆ စင်တီမီတာ ရှိပြီး LCD စနစ်နဲ့ ဖြစ်ပါတယ်။
ဖုန်းတွေမှာလည်း LCD စနစ် အသုံးပြုနေဆဲဖြစ်သလို LED စနစ်မှာတော့ ဘက်ထရီစား နည်းသလို ရုပ်ထွက် ပိုတောက်ပ ပေမယ့် ကင်မရာမှာတော့ LCD စနစ်က အလုပ်ဖြစ်နေပါသေးတယ်။ Touch စနစ်နဲ့ သုံးနိုင်မှာ ဖြစ်ပြီး Live View ကြည့်နိုင် မှာလည်း ဖြစ်ပါတယ်။ 700D အတွက် Canon ကနေ ထုတ်လုပ်ထားတဲ့ Lens ပေါင်း ၂၂၀ လောက် ရှိပါတယ်။ ဒါပေမယ့် 700D အတွက် သီးသန့် ထုတ်လုပ်ထားတာမျိုးတော့ မဟုတ်ဘဲ အခု မော်ဒယ်နဲ့ အံဝင် တပ်ဆင်သုံးနိုင်မယ့် Lens အရေ အတွက်ကို ပြောတာပါ။ Lens Mount ကတော့ Canon EF ဖြစ်ပါတယ်။
ကင်မရာရဲ့ အရွယ်အစားက ၁၃၃×၁၀၀×၇၉ မီလီမီတာ ရှိပါတယ်။ အလေးချိန် ၅၈၀ ဂရမ်လေးပါတယ်။ Focus Motor ကို Built-in ပုံစံမျိုး ထည့်ထားတာ မဟုတ်ပါဘူး။ ရေစို မခံနိုင်ပါဘူး။ ဗီဒီယို ရိုက်ကူးမှုတွေလည်း ရပါတယ်။ 1080 p နှုန်းထားနဲ့ ရိုက်ကူးပေးနိုင်မယ်။ Phase Detection စနစ် သုံးနိုင်မယ်။ Format ၇ မျိုးနဲ့ ကိုယ်လိုချင်တဲ့ ပုံအရွယ်ကို ရွေးချယ် ရိုက်ကူးနိုင်မှာပါ။ Panoramaတော့ ရိုက်ကူးနိုင်မှာ မဟုတ်ပါဘူး။ 3Dရုပ်ထွက်နဲ့လည်း မရနိုင်ပါဘူး။ GPS မပါပေမယ့် Indoor ပဲ သုံးမယ် ဆိုရင်တော့ ပြေပါတယ်။ HDR တော့ သုံးနိုင်မှာပါ။ ဘက်ထရီက ပုံပေါင်း ၅၅၀ ထိအောင် ရိုက်ကူးနိုင်မှာပါ။
တဆက်တည်း ရိုက်ကူးမှု ပုံစံ အတွက် တစက္ကန့်ကို ၅ ပုံ ဆက်တိုက် ရိုက်ကူးပေးနိုင်ပါတယ်။ Flash မီးတပါတည်း ဖန်တီးထားတာ ဖြစ်ပါတယ်။ SD Card စိုက် သုံးနိုင်မှာပါ။ မိတ်ဆက်မှု အတွင်းမှာ Memory Card ဘယ်လောက် ပမာဏ စိုက်သုံးနိုင်မယ် မပြောထား ပေမယ့် 64 GB လောက်ထိအောင်တော့ စိတ်ကြိုက် ထည့်နိုင်မှာပါ။ ဈေးနှုန်းကတော့ နိုင်ငံတကာ ဈေးနှုန်းအရ ဒေါ်လာ ၄၈၈.၉၅ ဖြစ်ပြီး ပြည်တွင်းက ကင်မရာဆိုင်ကြီး တွေမှာလည်း ရနိုင်ပါတယ်။ လက်ရှိ ပြည်တွင်း ဈေးကွက် အတွင်းမှာတော့ 700D ရဲ့ နောက်ဆက်တွဲ 700D Kit ကို ကျပ် ၆၂၀,၀၀၀ ရှိနေတာလည်း ဖြစ်ပါတယ်။ ။