ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သီလဝါ အထူးစီးပွားရေးဇုန် Zone(B) ၏ မြေဧက၂၅၀ ပေါ်တွင် စက်ရုံ အလုပ်ရုံများ စတင် တည်ဆောက်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
သီလဝါ အထူး စီးပွားရေးဇုန်၌ ယနေ့ ပြုလုပ်သော သီလဝါ အထူးစီးပွားရေး ဇုန်စီမံကိန်းတိုးချဲ့ခြင်း Zone(B) တည်ဆောက်မှု စတင်ခြင်း အခမ်းအနားတွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဆက်အောင်က ပြောသည်။
“ကျနော်တို့ သီလဝါ အထူးစီးပွားရေးဇုန်မှာ မြေဧကအနေနဲ့ ၂၄၀၀ ရှိပါတယ်။ ဒီအထဲကမှ Zone (A) ရဲ့ မြေဧရိယာ ၄၀၀ ကို ဖွင့်လှစ်ပြီးပြီ ဖြစ်ပါတယ်။ အခုက Zone (B)က မြေဧက ၁၀၀၀ ရှိပါတယ်။ ဒီဇုန်ရဲ့ ပထမအဆင့် ဖြစ်တဲ့ မြေဧက ၂၅၀ ပေါ်မှာ စက်ရုံ၊ အလုပ်ရုံတွေ စတင်တည်ဆောက်မှာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။
Zone(B) တွင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် ပန္နက်ရိုက်ခြင်းများ စတင်နေပြီး၂၀၁၈ ခု နှစ်လယ်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း၊ ၂၀၁၇ နှစ်ကုန်ခန့်တွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြေငှားရမ်း နိုင်မည် ဖြစ်ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၈ ခုက အမေရိကန် ဒေါ်လာ ၁ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားကာ Zone(A)တွင် ၉၆ ရာခိုင်နူန်းခန့် တည်ဆောက်မှု ပြီးစီးနေကြောင်း ဦးဆက်အောင်က ပြောသည်။
“ဒီကုမ္ပဏီ ၇၈ ခုထဲက ၂၄ ခုက စတင်လည်ပတ်နေပြီ။ Zone (B) တည်ဆောက်ရေးက တနှစ်ခွဲလောက်ကြာမှာ ဖြစ်ပါ တယ်။ မပြီးသေးခင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်လက်ခံနိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာတောင်မှ Zone (B)က မစ သေးဘူး။ ရင်းနှီးမြှုပ်နှံမှုတွေက ဆက်သွယ်နေပြီ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
လက်ရှိ သီလဝါ စက်မှုဇုန် တခုလုံးတွင် စက်ရုံ အလုပ်ရုံပေါင်း ၂၁ ရုံ စတင် လည်ပတ်နေကာ ပြည်ပ ပို့ကုန်များကို ထုတ်လုပ် တင်ပို့နိုင်ပြီ ဖြစ်ကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောသည်။
“Zone(B) ကို ထပ်မံတိုးချဲ့ လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမှာဖြစ်သလို ဒေသခံ တွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုမိုဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ စီမံကိန်းအရ မြေသိမ်း ယာသိမ်း တွေရှိတယ်။ ဒါတွေကို ဆောင်ရွက်ရာမှာ ပြည်သူအသံကို နားထောင်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောင် ရွက် ကြရမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောကြားသည်။
လက်ရှိ လုပ်ဆောင်နေသော Zone (A)၏ ၇၇ ရာခိုင်နှုန်းသည် သန်လျင်နှင့် ကျောက်တန်း မြို့နယ်များရှိ ဒေသခံ များ ကို အလုပ်အကိုင်များ ခန့်ထားပေးလျက်ရှိပြီး ယခု ဆောက်လုပ်မည့် Zone (B) ပြီးစီးပါက အလုပ်အကိုင် အခွင့် အလမ်း ပေါင်း ၄၀,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို မြန်မာ – ဂျပန် နိုင်ငံ ပူးပေါင်း အကောင်အထည် ဖော်ခြင်း ဖြစ်ပြီး မြန်မာဘက်က ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်က ၄၉ ရာခိုင်နှုန်းထည့်ဝင်ကာ ၂၀၁၃ ခုနှစ် တွင် စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ် သည်။