မြန်မာနိုင်ငံတွင် နည်းပညာ တိုးတက်လာမှုများကြောင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု ဘဏ်စနစ်များလည်း လျင်မြန်စွာ ပြောင်းလဲနေသည်။ ယင်းသို့ တိုးတက်ပြောင်းလဲလာသည့် ငွေကြေးလည်ပတ်မှု စနစ်အတွင်း ပြည်သူများ ပါဝင်လာရေး သည် ပို၍ ပို၍ အရေးပါလာသည်။ ၂၀၁၆ ခုနှစ်က မိမိရေးခဲ့သည့် အတိုင်း ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသည့် နည်းပညာ ကုမ္ပဏီများသည် စမတ်ဖုန်းနှင့် အင်တာနက် အသုံးပြုမှုကို အသုံးချကာ ဒစ်ဂျစ်တယ် ဘဏ္ဍာရေး ဝန်ဆောင်မှုပေးခြင်းဖြင့် အကျိုးအမြတ် ရယူလာကြသည်။
မြန်မာပြည်သူ အများအပြားသည် သမားရိုးကျ ဘဏ်စနစ်များကို မယုံကြည်ကြသော်လည်း အကုန်အကျနည်းပြီး အသုံးပြုရ လွယ်ကူသော ငွေကြေး ဝန်ဆောင်မှု ဘဏ်စနစ် လုပ်ငန်းသစ်များသည် ပြည်သူလူထု၏ ယုံကြည်မှု ရရှိရန် မျှော်လင့်နေကြသည်။ ထိုသို့သော အဖွဲ့အစည်းတခုမှာ တယ်လီနော၊ ရိုးမဘဏ်နှင့် (Myanmar First Investments – FMI) တို့၏ ဖက်စပ်လုပ်ငန်း ဖြစ်သော Wave Money ဖြစ်သည်။
ကုလသမဂ္ဂ ငွေရင်းဖွံ့ဖြိုးရေး ရန်ပုံငွေ (United Nations Capital Development Fund – UNCDF) နှင့် သြစတေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန (Australian Department of Foreign Affairs and Trade – DFAT)တို့ နှင့် ပူးပေါင်း ဆောင်ရွက်မှုသစ်တွင် Wave Moneyှ သည် မြန်မာနိုင်ငံတွင် ငွေကြေး ဝန်ဆောင်မှုပေးသည့် ဘဏ်စနစ်ကို နားလည်မှုနှင့် စနစ်အတွင်း ပါဝင်လာမှု တိုးတက်စေရန် အားထုတ်မှု တရပ်အဖြစ် အမျိုးသမီး သုံးစွဲသူများကို ဦးတည်ကာ ဆောင်ရွက်နေပါသည်။ ယင်းအတွက် စမတ်ဖုန်းဖြင့် အသုံးပြုနိုင်မည့် အပလီကေးရှင်း ပရိုဂရမ် တခုကိုလည်း ရေးဆွဲနေသည်။
ယုံကြည်မှု မြှင့်တင်ခြင်း
ထိုအပလီကေးရှင်းသည် သုံးစွဲသူများကို ငွေစုဆောင်းခြင်း၊ အတိုးနှင့် အာမခံတို့ အကြောင်း သင်ကြားပေးသွားမည် ဖြစ်ပြီး၊ အန္တိမ ရည်မှန်းချက်မှာ စနစ်ကျသော ဘဏ်လုပ်ငန်းစနစ်နှင့် အမျိုးသမီးများ အကျွမ်းတဝင် ရှိစေရန် လုံလောက်သော ယုံကြည်မှု ကူညီတည်ဆောက်ပေးရန် ဖြစ်သည်။ Wave Money, UNCDF နှင့် ဩစတေးလျ မှ DFAT တို့သည် အမျိုးသမီး နှစ်သိန်းခြောက်သောင်းထံသို့ ဤနည်းဖြင့် ဆက်သွယ်ပြီး ထိုအမျိုးသမီးများ အနက် သုံးသောင်းမှာ မိုဘိုင်းငွေစာရင်း ဖွင့်ပြီးသူများ ဖြစ်စေရန် ရည်ရွယ်ထားသည်။
“Wave Money နဲ့ UNCDF အကြား ပူးပေါင်းဆောင်ရွက်မှုဟာ လတ်တလော ဝန်ဆောင်မှု အပြည့်အဝ မရသူတွေနဲ့ ချန်လှပ်ထားခံရသူတွေကို ထိရောက်တဲ့ ဝန်ဆောင်မှု ဘယ်လိုပေးရမယ် ဆိုတာကို ဖော်ထုတ်ဖို့ အရမ်းအရေးပါ ပါတယ်။ ဒီအပလီကေးရှင်းက တဆင့် မြန်မာပြည်သူတွေဟာ ဘဏ္ဍာရေးဆိုင်ရာ အယူအဆတွေကို ပိုမိုနားလည်လာကြပြီး အဲဒီက တဆင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး စနစ်အတွင်း ပါဝင်မှု မြင့်မားလာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”ဟု Wave Money ၏ CEO Brad Jones က ပြောသည်။
လတ်တလောတွင် အသက် ၁၈ နှစ်မှ ၃၄ နှစ် အတွင်း မြန်မာအမျိုးသမီးများ၏ ၁၀ ရာခိုင်နှုန်းသာ ဘဏ်စာရင်း ရှိကြပြီး ၂၉ ရာခိုင်နှုန်းသည် စနစ်ကျသော ဘဏ္ဍာရေး ဝန်ဆောင်မှုများ ရရှိကြကြောင်း၊ အမျိုးသမီးများ ထံသို့ သတင်း အချက်အလက် ရောက်ရှိမှု မရှိခြင်းနှင့် အမျိုးသမီး တဦးချင်းစီ၏ လိုအပ်ချက်များကို ပြည့်မီမည့် ဘဏ္ဍာရေး ဝန်ဆောင်မှုများကို မည်သို့ အသုံးပြုရမည်ကို လမ်းညွှန်ပြသမှု နည်းပါးချို့တဲ့ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြထားသည်။
နည်းပညာ တံခါးတချပ်
သို့သော် မြန်မာနိုင်ငံတွင် စမတ်ဖုန်း အသုံးပြုမှု လျင်မြန်စွာ တိုးတက်လာခြင်းနှင့် အတူ ဒစ်ဂျစ်တယ် နည်းပညာကို ပိုမို များပြားသော အမျိုးသမီးများလည်း လက်လှမ်းမီလာပြီး စီးပွားရေး ဖွံ့ဖြိုးမှုတွင် ပိုမိုပြည့်ဝစွာ ပါဝင်လာစေရန် အခွင့်အလမ်း ဖြစ်စေသည်။ မြန်မာ အမျိုးသမီးများ၏ ၃၃ ရာခိုင်နှုန်းတို့သည် မိုဘိုင်းဖုန်း ပိုင်ဆိုင်ပြီး ၁ ဒသမ ၄ သန်းသည် စမတ်ဖုန်း သုံးကြသည် ဟု ၂၀၁၆ ခုနှစ်က GSMA က ဖော်ပြသည်။ Jones ၏ အဆိုအရ Wave Money သည် UNCDF ၏ ရင်းမြစ်များနှင့် အချက်အလက်များကို ရည်မှန်းထားသည့် အမျိုးသမီးများ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်သည့် ဂိမ်းအပလီကေးရှင်း ရေးဆွဲရာတွင် သုံးမည်ဟု သိရသည်။
Wave Money-UNCDF-DFAT တို့၏ ပူးပေါင်း ဆောင်ရွက်မှုသည် UNCDF ၏ SHIFT Challenge အစီအစဉ်မှ စတင်လာခြင်း ဖြစ်သည်။ အားလုံး အကျုံးဝင် ပါဝင်လာသည့် ဘဏ္ဍာရေးဝန်ဆောင်မှုကို ပုံဖော်သည့် (Shaping Inclusive Finance Transformations – SHIFT) ဌာနသည် ဘဏ္ဍာရေး ဝန်ဆောင်မှုများမှ တဆင့် အမျိုးသမီးများ အခွင့်အရေး ဝန်ဆောင်မှု ချည့်နဲ့သော ဈေးကွက်များမှ အမျိုးသမီးများကို ဦးတည် လုပ်ကိုင်သည်။ Wave Money သည် အမျိုးသမီးများ ရင်ဆိုင်နေရသော အခက်အခဲများ အတွက် အခြေခံရေးဆွဲထားပြီး၊ SHIFT, DFAT နှင့် UNCDF ၏ (Expanding Financial Access – EFA) တို့ထံမှ ရန်ပုံငွေ ရရှိပြီး ၎င်းတို့သည် အဓိက ငွေကြေးထောက် ပံ့သူများ ဖြစ်လာမည်။
EFA ၏ မြန်မာနိုင်ငံအတွက် ရည်မှန်းချက်များတွင် ဘဏ္ဍာရေး ဝန်ဆောင်မှု တခုမက သုံးစွဲသူများ ၆ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ တိုးတက်ရေးနှင့် ၂၀၂၀ ခုနှစ်တွင် စုစုပေါင်း ဘဏ္ဍာရေး အရ အားလုံး အကျုံးဝင် ပါဝင်မှုကို ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရေးတို့ ပါဝင်သည်။ ထိုအစီအစဉ်သည် ၈၃၀၀၀၀ ခန့် အထိများပြားသော တပိုင်တနိုင် လယ်သမားများ၊ ငယ်ရွယ်သော စားသုံးသူများနှင့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ စသည့် ဝင်ငွေနည်း အကျိုးခံစားခွင့် ရှိသူများကို လက်လှမ်းမီရန် ရည်ရွယ်သည်။
သံသယသမားမျာနှင့် လုပ်ကိုင်ရခြင်း
မြန်မာနိုင်ငံ၏ ဗဟိုဘဏ် မှ နိုင်ငံ၏ ပထမဆုံးမိုဘိုင်း ဘဏ္ဍာရေး ဝန်ဆောင်မှု လိုင်စင်ရရှိသူ အနေဖြင့် Mobile Money သည် မြန်မာပြည်သူများကို ၎င်းတို့၏ ငွေကြေးကို ၎င်းတို့ အကြိုက်နှစ်သက်ဆုံးနှင့် အားအထားဆုံး နည်းဖြင့် စီမံရေး အတွက် လွတ်လပ်စွာ ရွေးချယ်ရန် အခွင့်အလမ်းပေးခြင်းဟု မြင်သည်ဟု Jones ၏ အဆိုအရ သိရသည်။ ဘဏ္ဍာရေး စနစ်များအပေါ် မယုံကြည်သူများကို ကျိုးကြောင်းဆီလျော်သော ပွင့်လင်းမြင်သာသော ထုတ်ကုန်များက လွမ်းမိုးနိုင် လိမ့်မည် ဟု ၎င်းက မျှော်လင့်နေသည်။
“ဒီဂျစ်တယ် ဘဏ္ဍာရေး အပလီကေးရှင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စနစ်ကျတဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုကို နားလည်မှု မြှင့်တင်ဖို့နဲ့ သူတို့တွေရဲ့ စိတ်ဝင်စားမှုနဲ့ ယုံကြည်မှုကို မြှင့်တင်ဖို့ပဲ။ ဒီနည်းနဲ့ အပြန်အလှန် ဆက်ဆံရေးတွေ အဆင်ပြေလာအောင် ကူညီနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု Jones က ပြောသည်။
(Forbes မဂ္ဂဇင်း တွင် ဖော်ပြထားသည့် Casey Hynes ၏ Meet The App That’s Empowering The Women Of Myanmar To The Bank ဆောင်းပါးကို ဘာသာပြန်သည်။)