လက်ရှိ ကမ္ဘာ့ဖုန်းရောင်းအား အကောင်းဆုံး တောင်ကိုရီးယား အခြေစိုက် Samsung နဲ့ နောက်ပိုင်း ဈေးကွက်မှာ အောင်မြင်မှု ရရှိလာတဲ့ တရုတ် အခြေစိုက် Xiaomi ရဲ့ တန်ကြေးသင့် မော်ဒယ် ၂ ခုကို နှိုင်းယှဉ်ကြည့်ပြီး ဘယ်မော်ဒယ်ကို သဘောကျမိသလဲ လေ့လာကြည့်ရအောင်ပါ။
Galaxy J7 က လက်ရှိ ပြည်တွင်းမှာ တော်တော်ကို အောင်မြင်နေတဲ့ မော်ဒယ်ပါ။ ဒါပေမယ့် Prime ဆိုတာက နောက်ဆက်တွဲ မော်ဒယ် သဘောမျိုး ထွက်ရှိလာတာပါ။ ဒီတော့ J7 လောက်တော့ မျှော်လင့် မထားပါနဲ့။
Xiaomi ကလည်း အခု နောက်ပိုင်း ဖုန်းမော်ဒယ်တွေကို Huawei လိုပဲ ဆက်လက် ထုတ်နေပါတယ်။ မော်ဒယ် အများအပြား ဈေးကွက် ဝင်နေသလို MI ရဲ့ တရားဝင် အရောင်းဆိုင်တွေလည်း ပြည်တွင်းမှာ နေရာစုံ ရှိလာပါတယ်။
ဒီတော့ မော်ဒယ်တွေ ထုတ်လုပ်မှု များလေလေ ရွေးချယ်နိုင်စရာ များလာတာ မှန်ပေမယ့် ဝယ်ယူသူ ဘက်က စိတ်ချယုံကြည်ရမှုတော့ အနည်းနဲ့ အများ လျော့လာစေပါတယ်။ ဒါဆိုရင်တော့ မော်ဒယ် ၂ ခုလုံးက တန်ကြေးသင့် ဖုန်းတွေလည်း ဖြစ်နေတဲ့ အပြင် စိတ်ကြိုက် ဖြစ်မှု အနေအထားမျိုးတော့ မဟုတ်ဘူးပေါ့။
ပထမ အချက် SIM ကတ် ၂ ကတ်စိုက် ထည့်သွင်း သုံးနိုင်မှု အတူတူပါ။ ပြသ မျက်နှာပြင် အရွယ်မှာ Prime က ၅ ဒသမ ၅ လက်မ၊ Mi5S ကတော့ ၅ ဒသမ ၁၅ လက်မ။ လက်ရှိ ပြည်တွင်းမှာ ၅ ဒသမ ၅ လက်မ အရွယ်ဟာ လူကြိုက် အများဆုံးပါ။ MI ရဲ့ မော်ဒယ် အားနည်းချက် တချက် ဖြစ်သွားစေပါတယ်။ Chip ပိုင်းမှာ Prime က Octa-core 1.8GHz ဖြစ်ပြီး Mi5S ကတော့ Quad-core 1.5 GHz ဖြစ်ပါတယ်။ Primeက နည်းနည်း သာနေပြန်ပါတယ်။
ကင်မရာ အပိုင်းမှာ Prime က နောက်ဘက် 13 MP နဲ့ ရှေ့ဘက် 8 MP ရှိပါတယ်။ နောက်ဘက်က သိပ်မထူး ပေမယ့် ရှေ့ဘက်က ပုံမှန် 5 MP နေရာကို အဆင့်မြှင့် ထားတာပါ။ Mi5S မှာတော့ နောက်ဘက် ကင်မရာက 12 MP နဲ့ ရှေ့ဘက်ကတော့ 4 MP ဖြစ်ပါတယ်။ ရှေ့ဘက်ရော နောက်ဘက် ကင်မရာ နှစ်ခုလုံး ပုံမှန် Resolution ထက်တောင် နည်းချင်နေပါသေးတယ်။
RAM မှာတော့ Prime က 3GB ပါ၊ Mi5S က 4GB ပါ။ Mi ရဲ့ မော်ဒယ် အသာရပေမယ့် RAM 4GB လောက်ထိအောင် လိုအပ်ရဲ့လား။ 3GB နဲ့လည်း ပြေပါတယ်။ ဒါပေမယ့် MI ရဲ့ မော်ဒယ်ကို RAM အပိုင်းမှာ အမှတ်ပေးပါရစေ။
Internal Memory ပိုင်းမှာ Prime က 32 GB ပါ၊ Mi5S ကလည်း 32 GB ပါ။ ဒါပေမယ့် SD ကတ် စိုက်နိုင်မှု အနေနဲ့ Prime က 256 GB ထိအောင် ထပ်စိုက်နိုင်ပေမယ့် Mi5S ကတော့ ကတ်ပေါက် မပါပါဘူး။ ဒီတချက်က တော်တော်လေး သဘော မကျစေချင်သလို ဖြစ်စေပါတယ်။ Androidစနစ် အသုံးပြုနိုင်မှုက သိပ်မကွာပါဘူး။
ဘက်ထရီ ထည့်ထားမှု အပိုင်းမှာ Prime က 3300 mAh ဖြစ်ပြီး Mi5S ကတော့ 3200 mAh ဖြစ်ပါတယ်။ မော်ဒယ် နှစ်ခုလုံး ဘက်ထရီ သက်တမ်း မဆိုးပါဘူး။ အလေးချိန်မှာ Prime က ၁၆၇ ဂရမ်ပါ၊ ၅ ဒသမ ၅ လက်မ ဖုန်း အရွယ်အတွက် ပုံမှန်ပါပဲ။ အပေါ့ဆုံးတော့ မဟုတ်ပါဘူး။ Mi5S က ၁၄၅ဂရမ်ပါ၊ သူ့ အရွယ် အတွက် ပုံမှန်ပါပဲ။ အပေါ့ဆုံး မဟုတ်ပါဘူး။
ဈေးနှုန်းကို တချက်ကြည့်မယ် ဆိုရင် Prime က ၃၄၂၀၀၀ ကျပ်၊ Mi5S က ၃၅၄၀၀၀ ကျပ် ဖြစ်ပြီး အထက်မှာ နှိုင်းယှဉ် ပြချက်တွေအရလည်း Prime က ပိုပြီး သဘောကျ စရာမို့ ပိုပြီး ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ ။