ပြည်တွင်းငွေလဲလှယ်နူန်းထားကို ပြင်ပပေါက်ဈေးအတိုင်း အမှန်တကယ် ရောင်းဝယ်နေသည့် တူညီသည့်နူန်းထားတရပ် ဘဏ်အချင်းချင်းအကြား၌ ဖြစ်ပေါ်လာရေးအတွက် IMF (နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့) နည်းပညာ အကူအညီဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံဗဟိုဘဏ် ဒုဥက္ကဌဦးဆက်အောင်က“ အစိုးရရဲ့ ငွေလဲလှယ်နူန်းနဲ့ အပြင်မှာ ဖြစ်နေတဲ့ ဈေးနူန်းနဲ့က ကွာနေတဲ့အတွက် ဦးဆုံးအနေနဲ့ အစိုးရ ငွေလဲလှယ်နူန်းကို ဖျောက်တဲ့ Multiple Exchange Rate မဖြစ်အောင် လုပ်တာ ဖြစ်တယ်။ ဒါကို IMF အကူအညီနဲ့ သွားခဲ့တာဖြစ်တယ်။ Auction သွားပြီးတဲ့အတွက် အခုချိန်မှာ Inter Bank Market နဲ့သွားဖို့ အားလုံးအသင့် ဖြစ်နေပါပြီ” ဟု ၎င်းက ပြောသည်။
ဘဏ်အချင်းချင်း တူညီသည့်နူန်းထားတရပ် အမှန်တကယ် ရောင်းဝယ်သည့် ငွေလဲလှယ်နူန်းထား ပြုလုပ်ရန်အတွက် IMF က နည်းပညာပေးလုပ်ဆောင်မည့် အစီစဉ်နှင့် စက်ပစ္စည်းများမှာ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး၊ နောက်ဆုံးအဆင့်ဖြစ်သည့် ငွေကြေးလဲလှယ်သည့် နှုန်းထား (Inter Bank Market) သို့ ပြောင်းလဲမည်ဟု ဦးဆက်အောင်က ဆက်ပြောသည်။
Inter Bank System ဆိုသည်မှာ ပုဂ္ဂလိကဘဏ်များတွင် ရောင်းချသည့် ငွေကြေးလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ် တင်ပေးခြင်း ဖြစ်သည်။
ပုဂ္ဂလိက ဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးရဲမင်းဦးက “ အခုက ဗဟိုဘဏ်က ဈေးတမျိုး၊ ပုဂ္ဂလိကဘဏ်က ဈေးတမျိုးနဲ့ ရောင်းဝယ်နေကြရတယ်။ တကယ်လို့ အခုလို ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်တဲ့ ဈေးနူန်းတခုတည်းကို လုပ်မယ်ဆိုရင် ပိုပြီးကောင်းပါတယ်။ ဈေးနှစ်မျိုး မဖြစ်တော့ဘူး။ ဈေးတမျိုးထဲဆို ဈေးနူန်းကွာဟမှုလည်း မဖြစ်တော့ဘူး။ ဒါက လုပ်သင့်ပါတယ် ” ဟု ပြောသည်။
လက်ရှိအချိန်၌ ငွေလဲလှယ်နူန်းနှင့် ပတ်သတ်ပြီးဗဟိုဘဏ်က ပြင်ပပုဂ္ဂလိကဘဏ်များသို့ ညွန်ကြားချက် တစုံတရာထုတ်ပြန်ထားခြင်း မရှိသေးကြောင်းပုဂ္ဂလိကဘဏ်လုပ်ငန်းရှင် တချို့က ပြောသည်။
ယနေ့ ( ဖေဖော်ဝါရီလ ၂၈ ရက်) တွင် ငွေကြေးလဲလှယ် နှုန်းထားမှာ အမေရိကန် တဒေါ်လာလျှင် ဗဟိုဘဏ်မှ ရောင်းဈေးမှာ ၁၃၆၀ ကျပ် ဖြစ်ပြီး ပြင်ပပုဂ္ဂလိဘဏ်များ၌ ရောင်းဈေးမှာ ၁၃၆၁ ကျပ်နှင့် ဝယ်ဈေးမှာ ၁၃၆၇ ကျပ်တို့ဖြင့် ငွေလဲလှယ်လျက်ရှိကြောင်း ဘဏ်များမှသိရသည်။
အလားတူ ငွေကြေးလဲလှယ်နှုန်းထား ကွာခြားနေမှုနှင့် ပတ်သက်ပြီး ပြင်ပ၌ ငွေကြေးရောင်းဝယ်ရေး လုပ်ကိုင်နေသူ တဦးဖြစ်သည့် ဦးမိုးက “ လက်ရှိ ရှိနေတဲ့ အခြအနေကိုပဲ ထိထိရောက်ရောက် ကိုယ့်တာဝန်ကိုယ်ယူပြီး ဆောင်ရွက်မယ်ဆိုရင် အလိုလိုနေရင်း မှောင်ခိုဈေးကွက် ပျောက်သွားမယ်။ လူထုနဲ့ ကိုက်ညီတဲ့ စနစ်တခုကို မဖန်တီးနိုင်သရွေ့ ဒီအတိုင်းသွားမှာ ဖြစ်တယ်။ ဒါကြောင့် လူထုနဲ့ကိုက်ညီတဲ့စနစ် သွားသင့်တယ်”ဟု ၎င်းက ပြောသည်။
အလားတူ ဘဏ်လုပ်ငန်းပညာရှင် အငြိမ်းစားဦးဖေမြင့်က “ပြင်ပငွေလဲလှယ်နူန်းနဲ့ ဗဟိုဘဏ် ငွေလဲလှယ်နူန်းက နဲနဲတော့ ကွာတယ်။ ဒီလိုမျိုး အမှန်တကယ် ဘဏ်အချင်းချင်းကြား ငွေလဲလှယ်တဲ့နူန်း ဆောင်ရွက်ပေးမယ်ဆိုရင် ဈေးနူန်းတူသွားရင် ဈေးကွက်ပိုပြီး ယှဉ်ပြိုင်မှု ကောင်းလာမှာ ဖြစ်တယ်” ဟု ပြောသည်။
ယခုအခါ ဘဏ်များ၌ ရောင်းချသည့် ငွေကြေးလဲလှယ်နှုန်းထားကို ဗဟိုဘဏ်က သတ်မှတ်ပေးသည့် နှုန်းထားအတိုင်း မဟုတ်တော့ဘဲ ပြင်ပဈေးကွက်အတိုင်း ဘဏ်အချင်းချင်း အမှန်တကယ် ရောင်းဝယ်သည့်နှုန်းထား( InterBank Transaction Rate) ဖြစ်သွားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းအတွက် Exchange Rate တွက်ချက် သတ်မှတ်ပေးခြင်းနှင့် ပြည်တွင်းဘဏ်များ၏ နိုင်ငံခြားငွေ ရောင်းဝယ်လိုခြင်းများအတွက် နေ့စဉ် Auction ဆောင်ရွက်၍ ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ခြင်း၊ ဈေးကွက်စီးပွားရေးစနစ်နှင့် ကိုက်ညီသည့် ငွေရေးကြေးရေးကဏ္ဍနှင့် ဈေးနှုန်းများ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး မကျဆင်းရေးအတွက် လုပ်ဆောင်လျက် ရှိသည်။