အခု ပြောမယ့်ကားတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် အတွင်းက ကမ္ဘာပေါ်က လေလံပွဲ အသီးသီးမှာ ဈေးအမြင့်ဆုံးရရှိ ဝယ်ယူခြင်းခံရတဲ့ ရှေးဟောင်းကားကောင်းတွေပဲ ဖြစ်ပါတယ်။
(၁) Ferrari 335 Sport Scaglietti
ဒီမော်ဒယ်ကတော့ ၁၉၅၇ ခုနှစ်ထုတ် ဖြစ်ပြီး လက်ရှိ အချိန်ထိအောင် ကမ္ဘာ့တန်ကြေးအကြီးဆုံးကားအဖြစ် ရပ်တည်လာ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီမော်ဒယ်ကို နာမည်ကျော် Le Mans ကားပြိုင်ပွဲမှာ အင်္ဂလန် ကားမောင်းသမား Mike Hawthorn က အမြန်ဆုံး စံချိန် တင် မောင်းနှင်နိုင်ခဲ့တာလည်း တွေ့ရသလို လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၃၅.၇သန်းနဲ့ ဈေးပြတ် ရောင်းချနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။
(၂) Jaguar D-Type
၁၉၅၅ ခုနှစ်ထုတ် မော်ဒယ်ဖြစ်ပြီး အဆိုပါနှစ်က Pebble Beach ကားပြပွဲမှာ ထည့်သွင်းပြသခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်ထိအောင် Le Mans ကားပြိုင်ပွဲတွေမှာ နိုင်ပွဲအများဆုံးရခဲ့တဲ့ မော်ဒယ်လည်း ဖြစ်ပြီး C နဲ့ D-Type မော်ဒယ် တွေ ထုတ်လုပ်ခဲ့သမျှထဲက အဆိုပါပြိုင်ပွဲမှာ အအောင်မြင်ဆုံး မော်ဒယ်လည်း ဖြစ်နေပါတယ်။ လေလံပွဲမှာ ဒေါ်လာ ၂၁.၈ သန်းနဲ့ ဈေးပြတ်ခဲ့တာပါ။
(၃) Alfa Romeo 8C 2900B Lungo Spider
၁၉၃၉ ခုနှစ်ထုတ် မော်ဒယ်ဖြစ်ပြီး အမိုးဖွင့် စွမ်းဆောင်ရည်မြင့် မော်ဒယ်အဖြစ် ထုတ်လုပ်ထားတာပါ။ ကမ္ဘာပေါ်မှာ အစီး ရေ ၁၂စီးလောက်ပဲ ကျန်ပါတော့တယ်။ ဒေါ်လာ ၁၉.၈ သန်းနဲ့ ဈေးပြတ်ခဲ့ပြီး ဒီမော်ဒယ်ကို လက်ရှိမှာ ရောင်းမယ့်သူ လုံးဝမ ရှိတော့ဘဲ ဝယ်လက်တွေကတော့ ဈေးထပ်ပြီး မြှင့်ခေါ်နေကြတယ်လို့လည်း သိရပါတယ်။
(၄) Ferrari 250 GT LWB California Spider Competizone
၁၉၅၉ခုနှစ်ထုတ် မော်ဒယ်ဖြစ်ပြီး ဒီမော်ဒယ်က ၂၀၀၀ပြည့်နှစ် နောက်ပိုင်း ကမ္ဘာ့တန်ဖိုးအရှိဆုံးကားအဖြစ် ဆယ်စုနှစ် လောက် ရပ်တည်နိုင်ခဲ့ဖူးတာလည်း တွေ့ရပါတယ်။ ၁၉၅၉ခုနှစ်ထုတ် မော်ဒယ်ဖြစ်ပြီး အီတလီကား ဖန်တီးမှုပညာရှင် Carrozzeria Scaglietti ရဲ့လက်ရာကောင်းတခုပါ။
ပြိုင်ပွဲဝင်မော်ဒယ်အဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး အစီးရေ အများအပြားထုတ်လုပ်မှု မရှိသလို လေလံပွဲမှာ ဒေါ်လာ ၁၈.၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တာပါ။
(၅) Ferrari 250 GT SWB California Spider
၁၉၆၁ ခုနှစ်ထုတ် အမိုးဖွင့် စွမ်းဆောင်ရည်မြင့် မော်ဒယ်တခု ဖြစ်ပြီး ဒေါ်လာ ၁၇.၂သန်းနဲ့ ရောင်းချထားနိုင်ခဲ့တာပါ။ ဒီဇိုင်း ပိုင်း အထူးကောင်းမွန်ပြီး ၁၉၆၃ခုနှစ် အတွင်း Sophia Lorenရဲ့ ဒီဇိုင်းအကောင်းဆုံး အကယ်ဒမီဆုကိုရရှိခဲ့သလို မှတ်ချက် အဖြစ်နဲ့ မနေ့ကရော၊ ဒီနေ့ရော မနြက်ဖန်အတွက်ပါ အမြဲတမ်းဆန်းသစ်နေမယ့် မော်ဒယ်လို့ မှတ်ချက်ပြုခံထားရသည်ထိ အောင်မြင်ခဲ့တဲ့မော်ဒယ်ပါ။
(၆) Shelby 260 Cobra CSX 2000
၁၉၆၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ အမိုးဖွင့်မော်ဒယ်ပဲ ဖြစ်ပါတယ်။ အမေရိကန် အခြေစိုက် Shelbyရဲ့ မော်ဒယ် ဖြစ်ပြီး V8 အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ အမေရိကန်ထုတ် ကားတွေထဲမှာ ဒီဇိုင်းအကောင်းဆုံးကားလို့လည်း သတ်မှတ်ခံထား ရသလို ပြိုင်ပွဲဝင်အနေနဲ့လည်း ဆုအများအပြား ရရှိထားပါတယ်။
အမေရိကန် ဒေါ်လာ ၁၃.၈သန်းနဲ့ ရောင်းချထားရပြီး Shelby ထုတ် မော်ဒယ်တွေထဲမှာ တန်ကြေးအကြီးဆုံး မော်ဒယ် ဖြစ်လာပါတယ်။
(၇) Ferrari 250 GT SWB Berlinetta Competizione
၁၉၆၀ ပြည့်နှစ်ထုတ် မော်ဒယ် ဖြစ်ပြီး အဆိုပါနှစ် Le Mans ပြိုင်ပွဲမှာ အမေရိကန် ကားမောင်းသမား Ed Hugus နဲ့ Augie Pabst တို့ နှစ်ယောက်က အဆင့် ၇နေရာ ရအောင် မောင်းနှင်နိုင်ခဲ့ပါတယ်။
ဒါဟာ စတင် ထုတ်လုပ်ချင်းနှစ်မှာပဲ အောင်မြင်မှုအမြင့်ဆုံး တနေရာ ရအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် လေလံ မှာတော့ ၁၃.၅သန်းနဲ့ ဈေးပြတ်ခဲ့တာ တွေ့ရပါတယ်။