ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းအခေါက်ရွှေဈေး ၁ ကျပ်သားလျှင် ကျပ် ၉ သိန်းစွန်းစွန်း ရှိခဲ့ရာမှ ယနေ့တွင် အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၄၅၀၀ ခန့် ပြန်လည်ကျဆင်းလာကြောင်း ရွှေရောင်းဝယ်လုပ်ကိုင်သူတချို့က ပြောသည်။
“ရွှေဈေးက ကမ္ဘာ့ရွှေဈေးတက်လို့ တက်တာ။ ဒီနေ့တော့ ကမ္ဘာ့ရွှေဈေး ကျလို့ ပြန်ကျတယ်။ အဝယ်က မလိုက်ဘူး။ အရောင်းက များနေတယ်။ ဒီနေ့ ၄၅၀၀ လောက် ကျသွားတယ်။ အခုဆို ၇ သိန်းကျော်၊ ၈ သိန်းလောက်က ဝယ်ယူထားတဲ့သူတွေ ပြန်ရောင်းကြတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။
ပြည်တွင်း အခေါက်ရွှေဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၈ ရက်က တကျပ်သားလျှင် ကျပ် ၉၀၁,၅၀၀ ကျပ် ရှိခဲ့ရာမှာ မတ်လ ၁ ရက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၈၉၇,၀၀၀ သို့ ကျဆင်းလာကြောင်း ရန်ကုန်မြို့တွင်း ရွှေဆိုင်တချို့မှ သိရှိရသည်။
ကမ္ဘာ့ရွှေဈေးမှာ ယမန်နေ့က တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၂၅၃ ရှိခဲ့ပြီး၊ မတ်လ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရွှေဈေးမှာ တအောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၂၄၄ သို့ ကျဆင်းလာသည်ကို တွေ့ရသည်။
လာမည့်ဧပြီလမှ စတင်အသက်ဝင်လာမည့် အခွန်အကောက် ဥပဒေတွင် ရွှေဝယ်ရောင်း ပြုလုပ်ရာတွင် အခွန် ၁ ရာခိုင်နှုန်း ပေးဆောင်ရမည်ဆိုသည့် သတင်းများကြောင့် ရွှေဝယ်ရောင်းမှု ပိုလာသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။
“အဝယ်အများကြီး လိုက်နေတာ မတွေ့ရဘူး။ ဧပြီမှာ အခွန်ဆောင်ရမှာ စိုးရိမ်လို့ ဝယ်တာတွေ့ရတယ်။ အခုဥပဒေအရကတော့ ၁ ရခိုင်နှုန်းပဲ ဆောင်ရမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
အလားတူ ဒေါ်လာလဲလှယ်ရောင်းဝယ်ရေး လုပ်ကိုင်သူတဦးဖြစ်သော ဦးမိုးက “ သိပ်အပြောင်းအလဲ မရှိဘူး။ ဈေးကွက်က အေးတယ်” ဟု ပြောသည်။
ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲလှယ် သတ်မှတ်နှုန်းထားမှာ မတ်လ ၁ ရက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၁,၃၅၇ ကျပ် သတ်မှတ်ထားပြီး၊ ပုဂ္ဂလိကဘဏ်များ၏ ငွေလဲနှုန်းထားမှာ ၁ ဒေါ်လာလျှင် ဝယ်ဈေး ၁,၃၅၅ကျပ် ၊ ရောင်းဈေး ၁,၃၅၉ ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရသည်။
ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲလှယ်နှုန်းထားမှာ တဒေါ်လာလျှင် ဝယ်ဈေး ၁၃၅၉ ကျပ်၊ ရောင်းဈေး ၁၃၆၂ ကျပ်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည်လည်း မတ်လ ၁ ရက်တွင် ဒီဇယ် ၁ လီတာလျှင် ၇၂၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၁ လီတာလျှင် ၇၄၅ ကျပ်၊ အောက်တိန်း ၉၅ ၁ လီတာလျှင် ၇၇၀ ကျပ်၊ အောက်တိန်း ၉၂ ၁ လီတာလျှင် ၇၃၅ ကျပ် ရှိကြောင်း သိရသည်။