Tablet တွေဟာ နေ့စဉ်လူမှု ဘဝတွေထဲကို တဖြည်းဖြည်းနဲ့ တိုးဝင်လာနေပါတယ်။ စာဖတ်ဖို့၊ Game ကစားဖို့ ကနေ ကွန်ပျုတာ တလုံး ပုံစံမျိုးထိ အသုံးဝင်ပါတယ်။ ဖုန်းတွေက အရွယ်အစားအရ စာဖတ်ဖို့ အမြဲတမ်း အတွက် မသင့်လျော်ပါဘူး။ ဒီတော့ Tablet တွေကို ရွေးချယ်ဝယ်ယူဖို့ လိုအပ်လာပါပြီ၊ ဒါဆိုရင် ဈေးနည်းနည်းနဲ့ ရနိုင်မယ့် Tablet တွေထဲက အကောင်းဆုံး ဖြစ်မယ့် မော်ဒယ်တွေကို ကြည့်ရအောင်ပါ။
(၁) Asus Zenpad S 8.0 Z580C-B1-BK – ပလက်စတစ် ကိုယ်ထည်သားနဲ့ ဖန်တီးထားပြီး ကိုင်ဆောင် အသုံးပြုမှုမှာ ပေါ့ပါးအောင် ဖန်တီးထားပါတယ်။ ရုပ်ထွက်က ကြည်လင်မှုထက် အလင်းဖြာနှုန်း ကောင်းမွန်မှုကို ဦးစားပေးထားတာ ဖြစ်ပါတယ်။ အထူက သုည ဒသမ ၂၇ လက်မပဲ ရှိပါတယ်။ အလေးချိန် ၇ အောင်စ ပါ။ Android စနစ် သုံး ဖြစ်ပြီး v5.0 ကို သုံးထားပါတယ်။ LCD စနစ်နဲ့ ပြသမျက်နှာပြင်က 2048×1536 p ထိအောင် ပြတ်သားနှုန်း ရှိပါတယ်။ ရုပ်ထွက် 2K ပြသပေးနိုင်ပါတယ်။
ဘက်ထရီက ၆နာရီ အထိအောင် အသုံးခံလို့ ရုပ်ရှင်ကြည့်မယ်၊ စာဖတ်မယ် ဆိုသူတွေ အတွက် အထူး အဆင်ပြေ ပါတယ်။ RAM 2GBနဲ့ Internal Memory 32 GBပါရှိပါတယ်။ ရှေ့ဖက် ကင်မရာက 2 MPရှိပြီး နောက်ဖက် 5MPပါ။ သိပ်တော့ မကောင်းပါဘူး။ ၈ လက်မ အရွယ် ဖြစ်ပြီး ဈေးနှုန်းက ၁၉၈ ဒေါ်လာ ရှိပါတယ်။ ပြည်တွင်းက Ausu ဖုန်း ရောင်းချတဲ့ ဆိုင်တွေမှာ ရရှိနိုင်မှာပါ။
(၂) LG G Pad II 8.0 – ၈လက်မ အရွယ် Tablet မော်ဒယ် ဖြစ်ပြီး ဒီဇိုင်းပိုင်း အထူး လှပသေသပ်ပါတယ်။ USB ပေါက်မှာ Full-size ထိအောင် ချိတ်ဆက် နိုင်ပါတယ်။ Cloud အကောင့်ဖွင့်ပြီး သုံးနိုင်သလို 100GB ထိအောင် သိမ်းဆည်းနိုင်မယ့် အားသာချက်ကတော့ ဈေးကွက်ဝင် တန်းတူ Tablet တွေထဲမှာ လက်ချိုးရေလို့ ရလောက်ပါတယ်။
ဘက်ထရီ သက်တမ်း ကောင်းမွန်ပြီး ရုပ်ထွက်ပိုင်းမှာ အလင်းဖြာနှုန်းကို ထိန်းထားလိုက်တာ တချက်က ရုပ်ထွက် အားနည်းစေချင်ပါတယ်။ ဒါပေမယ့် အဖြူ အမည်း စာဖတ်မယ့်သူတွေ အတွက် တော်တော်လေး အဆင်ပြေသွား ပါတယ်။ အချိန်ကြာကြာ စာဖတ်ဖို့ တဲ့ အခါ မျက်လုံး မညောင်းစေတာ တွေ့ရပါတယ်။
RAM 1.5GB ရှိပြီး Internal Memory က 32GBနဲ့ SD ကတ်စိုက်မယ် ဆိုရင် 128 GB ထိအောင် ရမှာပါ။ သုည ဒသမ ၉ ပေါင်ပဲ လေးမယ့် အခု Tablet က ဈေးနှုန်း ဒေါ်လာ ၁၈၀ ပဲ ရှိပြီး ပြည်တွင်းမှာ LG ဖုန်းတွေ ဈေးကွက်ဝင် ပေမယ့် Tablet တော့ အဝင်နည်းလို့ သီးသန့် မှာယူ ဝယ်နိုင်ပါတယ်။
(၃) Samsung Galaxy Tab E 9.6 – အခု မော်ဒယ်က အရွယ်တော့ နည်းနည်း ကြီးသွားပါတယ်။ စာဖတ်ဖို့ အတွက် အဆင်ပြေ ပေမယ့် On-Hand အနေအထားမှာ စိတ်ကြိုက် ဖြစ်ပါ့မလား တွေးစရာပါ။ 1280×800 p နှုန်း ရုပ်ထွက် ပြသ ပေးနိုင်ပါတယ်။ ကိုယ်ထည်သား တည်ဆောက်မှုက လက်ရှိ ပြောနေတဲ့ Tablet တွေထဲမှာ စိတ်အချရဆုံး၊ အကြမ်းခံနိုင်ဆုံး ဖြစ်ပါလိမ့်မယ်။ ပြသမျက်နှာပြင်စနစ် ပိုကြီးလာပြီး အလင်းဖြာနှုန်းလည်း ကောင်းလာပါတယ်။ စပီကာ တပ်ဆင်ထားပြီး Stereo အသံထွက် ကောင်းကောင်း ထုတ်ပေးနိုင်တာ တွေ့ရပါတယ်။
Tablet က အရွယ်ကြီးပေမယ့် ဘက်ထရီ သက်တမ်း အချိန်ကြာ အသုံးပြုနိုင်မှုကတော့ သဘောကျစရာပါ။ ဒါပေမယ့် Tablet ရဲ့ စွမ်းဆောင်ရည်က နည်းနည်း နှေးချင်နေ ပါတယ်။ ကင်မရာက ရုပ်ထွက် ညံ့ပါတယ်။ ဘက်ထရီက အသေတပ်ထားတာ ဖြစ်ပြီး လဲလှယ်လို့ မရပါဘူး။
RAM 1.5 GB နဲ့ Internal Memory က 16 GB ပါရှိပါတယ်။ SD ကတ်ကို 256 GB ထိအောင် စိုက်နိုင်မှာပါ။ ပြည်တွင်းမှာလည်း အခု မော်ဒယ်ကို အလွယ် ဝယ်လို့ ရနိုင်ပြီး ဈေးနှုန်းက ဒေါ်လာ ၂၂၈ ဒေါ်လာပါ။
(၄) Samsung Galaxy Tab A SM-T350 – RAM 1.5GB နဲ့ Internal Memory 16 GB ပါရှိမယ့် Tablet မော်ဒယ်ပါ။ SD ကတ်ကို 256 GB ထိအောင် စိုက်သုံးနိုင်မှာပါ။ ကင်မရာက ရှေ့ဘက် 2 MPနဲ့ နောက်ဘက် 5 MP ပါရှိပါတယ်။ ၈ လက်မ အရွယ် ဖြစ်ပြီး Android v5.0 ကို သုံးထားပါတယ်။ သုည ဒသမ ၇၀ ပေါင်ပဲ လေးပြီး စာဖတ်ဖို့ အကောင်းဆုံး ဖြစ်မှာပါ။ မော်ဒယ်က ပါးလွှာတယ်၊ ပေါ့ပါးတယ်၊ စွမ်းဆောင်ရည် မြန်ဆန်တယ်၊ ဘက်ထရီ သက်တမ်းကောင်းတယ်၊ ကိုယ်ထည်သားတော့ နည်းနည်း ပျော့ချင်တယ်၊ ရုပ်ထွက် အားနည်းချင်ပြီး အသံထွက်လည်း သိပ်မကြိုက်ပါဘူး။ ဈေးနှုန်းက ဒေါ်လာ ၂၉၇ ရှိနေပြီး ပြည်တွင်းမှာ အလွယ်တကူ ဝယ်နိုင်မှာပါ။ ။