မြန်မာနိုင်ငံရှိ တဦးပိုင် ကုမ္ပဏီများ ယခုနှစ်အတွင်း မှတ်ပုံတင်ခွင့်ရရှိနိုင်ရန် ဥပဒေကို ပြန်လည် ရေးဆွဲပြီး လွှတ်တော် သို့ တင်ပြထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၌ တဦးပိုင် ကုမ္ပဏီလုပ်ငန်းငယ် များပြားနေပြီး ကျင့်သုံးနေသော ဥပဒေအရ ကန့်သတ်ချက်များကြောင့် ယင်းကုမ္ပဏီများ၏ အခွင့်အရေးများ ဆုံးရှုံးနေသဖြင့် ကုမ္ပဏီများဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် လွတ်တော်သို့ တင်ပြထားပြီး အတည်ပြုချက်ရရှိပါက ပြဋ္ဌာန်းနိုင်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။
“ဥပဒေက အားနည်းနေတယ်။ မိသားစုလုပ်ငန်း၊ တစ်ဦးတည်းပိုင်ဆိုင်တဲ့ လုပ်ငန်းငယ်လေးတွေက ကုမ္ပဏီထောင်ချင် တယ် ဆိုရင် လက်ရှိကုမ္ပဏီဥပဒေက ခွင့်မပြုဘူး။ ဒါကြောင့် ကုမ္ပဏီ အက်ဥပဒေကို ပြင်ဆင်နေတယ်။
ပြင်ပြီး ထွက် လာရင် ဒီလုပ်ငန်းတွေ အတွက် အထောက်အကူပြုမှာ မှတ်ပုံတင်လို့ရမှာ ဖြစ်တယ်။ ဒီနှစ်မကုန်ခင် အဲဒီ ဥပဒေ ပြဋ္ဌာန်း နိုင်ဖို့ လုပ်နေတယ်”ဟု ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။
လက်ရှိ ကျင့်သုံးနေသည့် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေတွင် ကုမ္ပဏီ တခု တည်ထောင်မည် ဆိုလျှင် အနည်းဆုံးရှယ်ယာ (Holder) နှစ်ဦးနှင့် ဒါရိုက်တာ နှစ်ဦး ခန့်ရှိရမည်ဟု ပြဋ္ဌာန်းထားပြီး မိသားစုပိုင်နှင့် တဦး ပိုင် အစရှိသည့် လုပ်ငန်းရှင်ငယ်လေးများကို ကုမ္ပဏီ တည်ထောင်ခွင့် မပြုကြောင်း ဥပဒေတွင် ပါရှိသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင် လေးက “စီးပွားရေးလုပ်ငန်း လုပ်ရင် တနိုင်တပိုင် လုပ်တာလည်းရှိတယ်။ ဒါကြောင့် လိုအပ်ချက်တွေ ပြည့်မီနိုင်တဲ့ အခွန် စတာတွေကို ပုံမှန် ပေးဆောင်နိုင်မယ် ဆိုရင် တခါတလေမှာ တချို့စီးပွားရေး လုပ်ငန်းတွေက တဦးတည်း လုပ် လို့ ရတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “တချို့က တဦးတည်းလုပ်လို့မရဘူး။ သဘောချင်း မတိုက်ဆိုင်တဲ့ဟာတွေလည်း ရှိတတ် ကောင်း ရှိတတ်ပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်တွေ ပြည့်မီတယ်ဆိုရင်တော့ တဦးတည်းကုမ္ပဏီ တည်ထောင်ခွင့် ကို ပေးသင့်ပါတယ်”ဟုလည်း ပြောဆိုသည်။
ဦးအောင်နိုင်ဦးကလည်း ကုမ္ပဏီတခု တည်ထောင်ခြင်းဖြင့် ရရှိလာနိုင်သော အခွင့်အလမ်းများ၊ ဥပဒေအရ အကာ အကွယ် ပေးမှုများ ဆုံးရှုံး နေရ၍ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဟန့်အတား ဖြစ်စေသော အချက်များကို ပြန်လည်ပြင်ဆင်မည် ဖြစ်ကြောင်း ပြောသည်။
“အခုဥပဒေထဲမှာက ထည့်ဝင်ငွေကို မြန်မာလုပ်ငန်းရှင်က ၁၀၀ ရာခိုင်နူန်းထည့်မှ မြန်မာကုမ္ပဏီလို့ တည်ထောင် ခွင့် ပြုတယ်။ ဒါက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဟန့်အတားဖြစ်စေတဲ့ အချက် ဖြစ်တယ်။
ဒါကြောင့် အခုပြင် မယ့် ဥပဒေသစ်မှာ နိုင်ငံခြားသားက ၂၅ ရာခိုင်နှုန်းနဲ့ မြန်မာ လုပ်ငန်းရှင်က ၇၅ ရာခိုင်နှုန်း ထည့်ဝင်ထားရင် မြန်မာ ကုမ္ပဏီ အဖြစ် တည်ထောင်ခွင့်ပြုမှာ ဖြစ်တယ်။ အသေးစား လုပ်ငန်းဖြစ်တဲ့ လုပ်သားအင်အား ၅၀ နဲ့ အထက် လုပ် ကိုင် နေတဲ့ လုပ်ငန်းက မြန်မာနိုင်ငံမှာ ၂ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒါကြောင့် ဥပဒေသစ်မှာ အသေးစား လုပ်ငန်း တွေ အတွက် အခွင့်အလမ်း ပေးနိုင်ဖို့ ပြဋ္ဌာန်းမှာလည်း ဖြစ်တယ်”ဟုလည်း ၎င်းက ပြောပြသည်။
လူဦးရေ ၅၄ သန်းခန့် ရှိသော မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီမှာ ခြောက်သောင်း ကျော်သာရှိနေသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အင်မတန် နည်းပါးနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။
ပြန်လည်ပြင်ဆင်နေသော မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအသစ်တွင် ကုမ္ပဏီအကြီး၊ အသေး အပေါ်မူတည်၍ ကွဲပြားခြားနားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ပြဋ္ဌာန်းထားပြီး ဥပဒေလိုက်နာမှု၊ အခွန်ဆောင်မှုတို့အပေါ် မှုတည်၍လည်း အဆင့်သတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။